ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
ကျွန်တော့်ရဲ့ အားနည်းချက်တစ်ခုက မြန်မာစကားအသုံးအနှုန်းနဲ့ပတ်သက်ပြီး မကြွယ်ဝပါဘူး။ တစ်ခါတလေ သင့်လျော်တဲ့ စကားလုံးရွေးချယ်တဲ့အခါ အခက်အခဲရှိပါတယ်။ ပြည့်စုံမှုမရှိဘူးလို့ ခံယူမိတယ်။ ဥပမာ တစ်ခုက အင်္ဂလိပ် စကားလုံးဖြစ်တဲ့ Corporate Governance၊ ကျွန်တော်က ကောင်းမွန်သော စီမံအုပ်ချုပ်မှုလို့ သုံးစွဲခဲ့တယ်။ တစ်နေ့က FMI အများပိုင်ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ Corporate Governance ကို ကျင့်ဝတ်မှန်ကန် အုပ်ချုပ်မှုဆိုတာကို သုံးစွဲထားတာတွေ့ရတော့ ကိုယ်သုံးစွဲတာထက်ပိုပြီး ပြီးပြည့်စုံတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ရာ မှာ မျက်နှာမလိုက်ဘဲ၊ ကျောသားရင်သား မခွဲဘဲ ဆက်ဆံ ဖို့လိုတယ်။ ဒါမှလည်း တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို အားပေးရာရောက်မှာ ဖြစ်တယ်။ အင်္ဂလိပ်အသုံးအနှုန်း က Level Playing Field ဖြစ်တယ်။ ဒါကို မြန်မာလို ဘယ်လို ပြန်ဆိုရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးနှောက် ခြောက်ခဲ့ရတယ်။ စာရေးဆရာ ဦးကျော်ဝင်းက မြေညီ ကွင်းဆိုပြီး သုံးစွဲခဲ့တာ တွေ့ရတော့ အလွန်ကျေးဇူးတင် မိပါတယ်။ ကိုယ့်ရဲ့အခက်အခဲကို အခုလို ဆရာ ကျော်ဝင်းက တိတိကျကျ ပြတ်ပြတ်သားသား အများ နားလည်လွယ်အောင် သုံးစွဲခဲ့တာကို အသိအမှတ်ပြု ပါတယ်။
တစ်နေ့က Sunday Talk ရုပ်မြင်သံကြား အစီအစဉ် မှာ ဦးကိုကို (စက်မှုတက္ကသိုလ်)နဲ့ ကျင့်ဝတ်မှန်ကန် အုပ်ချုပ်မှု ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီခေါင်းစဉ်ဟာ မျက်မှောက် အခြေအနေမှာ အရေးပါလာတာမို့ ဆွေးနွေးကြရအောင် ဆိုပြီး ဆရာဦးကိုကိုက ပြောလာတော့ ကျွန်တော်က လိုလိုချင်ချင်နဲ့ လက်ခံပါတယ်။
အမှန်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက မြန်မာ ပြည် ပြန်ရောက်တဲ့အချိန်ကစပြီး ကျင့်ဝတ်မှန်ကန် အုပ်ချုပ်မှုအကြောင်းကို အများသိအောင်ကြိုးစားခဲ့တယ်။ ဟောပြောခဲ့တယ်၊ ရေးသားခဲ့ပါတယ်။ စီးပွားရေး တက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာနက အသစ်ဖွင့်လှစ်ခဲ့တဲ့ Master of Banking and Finacnce ဘဏ်လုပ်ငန်းနဲ့ငွေကြေးဆိုင်ရာ မဟာဘွဲ့သင်တန်းမှာလည်း ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ဟောပြောပို့ချခဲ့ပါတယ်။
ကျွန်တော်ရင်းနှီးတဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကြီးမှာလည်း ဒီခေါင်းစဉ်ကို မျှဝေပေးခဲ့ပါတယ်။ အမှန်တော့ ကျင့်ဝတ် မှန်ကန်အုပ်ချုပ်မှုရဲ့ အခြေခံက Responsible Business Conduct(RBC) တာဝန် ကျေပွန်တဲ့ စီးပွားရေးတည် ဆောက်မှုဖြစ်ပါတယ်။ တာဝန်ကျေပွန်မှုလို့ပြောရင် တစ်ချိန်ကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့အဓိကတာဝန် က အမြတ်ရရှိမှုဖြစ်တယ်။ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ အရှုံးခံပြီး ဆောင်ရွက်တာဟာ သဘာဝမကျ ပါဘူး။ ပိုင်ရှင်တွေ၊ အစုရှင်တွေအကျိုးကို ရှေးရှုရမှာသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ငယ်ငယ်က စီးပွားရေးပညာကို သင်ယူတုန်းက ဒီတာဝန်ကိုပဲ နားလည်သဘောပေါက် ခဲ့တယ်။ အခုခေတ်မှာတော့ စီးပွားရေးလုပ်ငန်းတွေမှာ အမြတ်ရရုံမက လူပုဂ္ဂိုလ်တွေအပေါ် တာဝန်ရှိကြောင်း လက်ခံ အသိအမှတ်ပြုခဲ့တယ်။ လူပုဂ္ဂိုလ်လို့ပြောရင် ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ ဖောက်သည်တွေ၊ လုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်သူတွေ အားလုံးအပေါ် တာဝန်ရှိ တာကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ နောက်ဆုံး တာဝန်ကတော့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ် ခြင်း ဖြစ်တယ်။ မိမိရဲ့ လုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ကို မညစ်ညမ်းအောင်၊ မထိခိုက်အောင် ကြိုးပမ်းရမှာသာ ဖြစ်တယ်။ အင်္ဂလိပ်အသုံးအနှုန်းအနေနဲ့ Profit (အမြတ်)၊ လူပုဂ္ဂိုလ်(People)နဲ့ ပတ်ဝန်းကျင် (Planet)တို့ ပဲဖြစ်ပါတယ်။ အလွယ်မှတ်ဖို့က 3P-(PPP)လုံး ဖြစ်တယ်။
တစ်ဖက်ကလည်း တာဝန်ကျေပွန်တဲ့ စီးပွားရေးလုပ်ငန်း တွေဟာ ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း သတိပြုသင့်တယ်။ လက်တစ်လုံးကြားလုပ်တာ ဥပဒေကို မျက်ကွယ်ပြုတယ်။ ကိုယ်လိုရာကိုယ်ဆွဲတဲ့ ဓလေ့အကျင့် တွေကို ရှောင်ရှားဖို့လိုအပ်ပါတယ်။ ကျင့်ဝတ်သိက္ခာ နဲ့ပတ်သက်ပြီး ဖြောင့်မတ်တည်ကြည်ဖို့လည်း အရေးကြီး ပြန်တယ်။
မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ပြောင်းလဲမှုတစ်ရပ် ကတော့ အများပိုင်ကုမ္ပဏီတွေ တည်ထောင်ခြင်းဖြစ်တယ်။ နေရာတိုင်းလိုလို အများပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းကြတယ်။ အများပိုင်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောတွေနဲ့ လုပ်ခဲ့ကြတယ်။ အခုလို အများပိုင်ဖြစ်စေချင်တဲ့ စေတနာကိုတော့ အသိ အမှတ်ပြုရမယ်။ ပိုင်ဆိုင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တဲ့ သဘော။ ဒါပေမယ့် အများပိုင်ကုမ္ပဏီ တစ်ခု အနေနဲ့ရပ်တည်ဖို့ လိုအပ်ချက်တွေက အများကြီးရှိတယ်။ ဒါတွေကို လိုက်နာနိုင်ဖို့ အရေးကြီးတယ်။ အရေးကြီးဆုံးက ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြားခြင်းဖြစ်တယ်။ ပိုင်ရှင် တွေဟာ အများပိုင်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး မူဝါဒ ပေါ်လစီ တွေချမှတ်ပြီး နေ့စဉ်လုပ်ဆောင်မှုတွေကို ကျွမ်းကျင်လိမ္မာ တဲ့ စီမံခန့်ခွဲသူတွေကို ရွေးချယ်ခန့်ထားဖို့ လိုအပ်ပါတယ်။
အများပိုင်ကုမ္ပဏီကို ဦးဆောင်ရာမှာ တစ်ဦးတစ်ယောက် တည်း တာဝန်ယူတာ မဟုတ်ဘဲ ဒါရိုက်တာအဖွဲ့နဲ့ ဦးဆောင် ရမှာဖြစ်တယ်။ ဒီဒါရိုက်တာအဖွဲ့ကို အစုရှယ်ယာရှင်တွေ က သူတို့ရဲ့ကိုယ်စား ကုမ္ပဏီကိုဦးစီးဖို့ ရွေးချယ်ပြီး တာဝန် ပေးတာ ဖြစ်တယ်။ ဒါကြောင့်အများပိုင်ကုမ္ပဏီမှာ အာဏာ အရှိဆုံးသူတွေဟာ အစုရှယ်ယာဝင်တွေသာ ဖြစ်ကြတယ်။ အခုရှယ်ယာရှင်များအနက် တစ်စုသာပိုင်ဆိုင်သူနဲ့ အစု အများကြီး ပိုင်ဆိုင်သူတွေရဲ့ဩဇာဟာ တန်းတူဖြစ်တယ်။ အနည်းစုရဲ့အကျိုးကို စောင့်ရှောက်ဖို့ အရေးကြီးလှတယ်။ အစုရှယ်ယာရှင်တွေဟာ သူတို့ကိုယ်စား ကုမ္ပဏီရဲ့ဒါရိုက်တာ တွေကို ရွေးချယ်ခန့်ထားပါတယ်။ ဒါရိုက်တာနှစ်မျိုးရှိ ပါတယ်။ အမှုဆောင်ဒါရိုက်တာကတော့ ကုမ္ပဏီနဲ့ ရင်းရင်း နှီးနှီးပတ်သက်ပြီး အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာကတော့ ထဲထဲဝင်ဝင် မပါဝင်၊ မပတ်သက်ဘဲ ဘေးကနေစောင့်ရှောက် တဲ့သူဖြစ်ပါတယ်။ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာတွေကို လွတ်လပ်တဲ့ဒါရိုက်တာနဲ့ မလွတ်လပ်တဲ့ဒါရိုက်တာဆိုပြီး ခွဲခြားပြန်တယ်။ ဒါကြောင့် ဒါရိုက်တာအမျိုးအစားသုံးမျိုး ရှိတာတွေ့မြင်ရတယ်။ (၁)အမှုဆောင် ဒါရိုက်တာ။ (၂) အမှုဆောင်ဒါရိုက်တာ မဟုတ်ဘဲ လွတ်လပ်တဲ့ ဒါရိုက်တာ။ (၃) အမှုဆောင်ဒါရိုက်တာ မဟုတ်ဘဲ မလွတ်လပ်တဲ့ ဒါရိုက်တာဆိုပြီး ခွဲခြားလေ့ရှိတယ်။ ဒီဒါရိုက်တာအဖွဲ့ကို ဦးဆောင်တဲ့သူက ဥက္ကဋ္ဌဖြစ်ပြီး လွတ်လပ်တဲ့ဒါရိုက်တာ ဦးရေများရင် ပိုကောင်းတယ်လို့ ယူဆကြတယ်။ လွတ်လွတ် လပ်လပ် ထောက်ပြဝေဖန် အကြံပေးနိုင်သူတွေကြောင့် ကုမ္ပဏီရဲ့ အနာဂတ်ကို ပိုပြီးအာရုံစိုက်နိုင်မယ်လို့ အယူရှိကြ ပါတယ်။
အများပိုင်ကုမ္ပဏီမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့သူဟာ ခေါင်းဆောင်မှုပေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ဒါရိုက်တာ အဖွဲ့ကို ကူညီထောက်ပံ့ဖို့အတွင်းရေးမှူးကိုလည်း တာဝန် ပေးသွားရမှာဖြစ်တယ်။ ဒါရိုက်တာအဖွဲ့ဟာ တစ်နှစ်မှာ နှစ်ကြိမ်၊ လေးကြိမ်လောက်သာတွေ့ပြီး ဥက္ကဋ္ဌနဲ့အမှုဆောင် ဒါရိုက်တာတွေကတော့ နေ့စဉ်လုပ်ငန်းတွေကို ဦးစီး ကြီးကြပ်ရပါတယ်။ ဒါရိုက်တာအဖွဲ့ရဲ့ ဖွဲ့စည်းမှုဟာ အလွန် အရေးပါလှပါတယ်။ အသက်မတူတဲ့၊ အတွေ့အကြုံမတူတဲ့ ကျား/မ မတူတဲ့ သူတွေနဲ့ဖွဲ့စည်းထားပါက မတူညီမှုတွေက တစ်ဆင့် အင်အားတွေစုစည်းနိုင်လိမ့်မယ်လို့ လက်ခံထား ကြတယ်။
ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ကုမ္ပဏီရဲ့လုပ်ငန်းအသေးစိတ်တွေကို ဆောင်ရွက်နိုင်ရန် အမှုဆောင်အရာရှိချုပ်ကို ခန့်ထားရပါတယ်။ CEO လို့ခေါ်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ လှုပ်ရှားမှုတွေကို သူကဒါရိုက်တာအဖွဲ့ကိုယ်စား တာဝန်ယူ သွားရပြီး ကုမ္ပဏီရဲ့ဝန်ထမ်းတွေကို စီမံအုပ်ချုပ်ရပါတယ်။ သူနဲ့အတူတွဲဖက်ပြီး ကုမ္ပဏီရဲ့ အရာရှိကြီးတွေကို ခန့်ထား တာဝန်ပေးကြပါတယ်။ ဒါရိုက်တာအဖွဲ့ရဲ့ အရေးကြီးတာဝန်က အမှုဆောင်အရာရှိချုပ်ကို ရွေးချယ် ခန့်ထားခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်း ဖြစ်တယ်။
ကျွန်တော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတစ်ခုကို မျှဝေချင်ပါတယ်။ ကျွန်တော့်သမီး ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းမှာရှိတဲ့ နိုင်ငံတကာကျောင်းမှာ တက်နေစဉ် ကျွန်တော်က ကျောင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင် အဖြစ် တာဝန်ယူရပါတယ်။ ဒုတိယဥက္ကဋ္ဌ တာဝန်။ ကျန်တဲ့ ဒါရိုက်တာက ငါးဦး စုစုပေါင်း ခုနစ်ဦး။ ဒါရိုက်တာတာဝန်ယူပြီး မကြာမီပဲ ဒါရိုက်တာ သင်တန်း တက်ရတယ်။ အလုပ်တာဝန် ဝတ္တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ။ ကျွန်တော် တို့အဖွဲ့ဟာ သုံးလတစ်ကြိမ် အစည်းအဝေးထိုင်ပြီး ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ ဆရာမတွေနဲ့ တွေ့ဆုံရ တယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ကျောင်းအုပ် ဆရာကြီးကို ခန့်ထားဖို့၊ တာဝန်ရပ်စဲဖို့။ ကျောင်းအုပ် ဆရာကြီးကို ခန့်ပြီးရင် ကျောင်းကို သူ့လက်ထဲအပ်လိုက် ရတာ။ ဆရာတွေ ခန့်ထားမှု၊ သင်ရိုးညွှန်းတမ်း၊ အားကစား လုပ်ငန်း ဒါတွေအားလုံးဟာ ကျောင်းအုပ်ကြီးက တာဝန်ယူ ရတာ။ ကျွန်တော်တို့မှာ ပြောပိုင်ခွင့် လုံးဝမရှိဘူး။ ကျောင်းအုပ်ဖြစ်တာမို့ သူ့လက်ထဲ တာဝန်အပြည့်ပေး ရတယ်။ သူ့ရဲ့ လုပ်ဆောင်မှုတွေ မကျေနပ်ရင် သူ့ကို တာဝန်မှ ရပ်စဲခွင့်ရှိတယ်။ ကျွန်တော် ဒါရိုက်တာအဖွဲ့မှာ တာဝန်ယူစဉ် ကျောင်းအုပ်လုပ်သူနဲ့ အကြီးအကျယ် ပြဿနာ ဖြစ်တယ်။ သူ့ကို တာဝန်ကရပ်စဲပေမယ့် အေးအေးဆေးဆေးမထွက်ဘဲ ဒါရိုက်တာအဖွဲ့ကို တုံ့ပြန်တယ်။ ကျောင်းသားမိဘတွေနဲ့ တိုက်ပေးတယ်။ ကျောင်းမှာ မိဘတွေအကြား စိတ်ထားတွေ ပြင်းထန်လာ တယ်။ ကျွန်တော်က တတ်နိုင်သမျှဝင်ပြီး ဖြေရှင်းပေးခဲ့ရ တယ်။ မမေ့နိုင်တဲ့ အတွေ့အကြုံ။ ဒါရိုက်တာအဖွဲ့က ကျောင်းရဲ့ ရှေ့ရေးကိုသာ တာဝန်ယူရတာ။ ဘဏ္ဍာငွေ ရှာဖွေမှု၊ ကျောင်းနေရာ အသစ်ရအောင် ကြိုးစား ခဲ့ရတယ်။
ဒါရိုက်တာအဖွဲ့ဟာ ကုမ္ပဏီတစ်ခုရဲ့ သော့ချက် ဖြစ်တယ်။ ကုမ္ပဏီရဲ့ရှေ့ရေးကိုကြည့်ပြီး နေ့စဉ်လှုပ်ရှား မှုတွေကို အမှုဆောင်အရာရှိချုပ်ကတစ်ဆင့် ဦးစီးရတာ။ ဒါကြောင့် အများပိုင်ကုမ္ပဏီတွေမှာ တာဝန်ယူတဲ့သူတွေ ဟာ ဒါရိုက်တာတစ်ဦးမှာရှိသင့်တဲ့ အတွေ့အကြုံသာမက အသိ၊ အတတ်တွေရှိရမယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်ကတည်းက ဒါရိုက်တာသင်တန်းတွေ လုပ်ဖို့၊ ဒါရိုက်တာအရည်အချင်း စီစဉ်ဖို့ တိုက်တွန်းခဲ့ တယ်။ မကြာသေးခင်ကာလမှာ ကျွန်တော့်ရဲ့ အိပ်မက် တွေ အကောင်အထည်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒါရိုက်တာအဖွဲ့အစည်းတစ်ရပ်ကို တည် ထောင်နိုင်ခဲ့သလို ဒါရိုက်တာသင်တန်းတွေကိုလည်း စီစဉ်ဆောင်ရွက်နိုင်ခဲ့တယ်။ ကျွန်တော်ကတော့ ပထမ အဆင့်အနေနဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာ မှတ်ပုံတင် ရထားတဲ့ အများပိုင်ကုမ္ပဏီက ဒါရိုက်တာတွေအားလုံးဒီသင်တန်းတွေတက်ပြီး လက်မှတ်ရထားစေချင်တယ်။ ဒုတိယအဆင့်ကတော့ အများပိုင်ကုမ္ပဏီများအနက် စတော့အိတ်ချိန်းမှာ မှတ်ပုံတင်ဖို့အစီအစဉ်ရှိတဲ့ ကုမ္ပဏီ။ တတိယအဆင့်အနေနဲ့ကတော့ ကုမ္ပဏီများမှတ်ပုံတင် ရုံးမှာစာရင်းဝင် ကုမ္ပဏီ ၆၀၀ ကျော်က ဒါရိုက်တာတွေ အခုလို အစီအစဉ်တကျ ဆောင်ရွက်နိုင်ရင် ကျင့်ဝတ် မှန်ကန်အုပ်ချုပ်မှုတွေပိုပြီး ပီပြင်လာမှာဖြစ်ပါတယ်။
တစ်ဖက်ကလည်း အများပိုင်ကုမ္ပဏီတွေဟာ ကုလသမဂ္ဂအဖွဲ့အစည်းက တည်ထောင်ထားတဲ့ UN Global Compact အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်စေချင်တယ်။ ဒီအဖွဲ့အစည်းရဲ့အဖွဲ့ဝင်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေး၊ ဝန်ထမ်းရေးရာ၊ သဘာဝပတ်ဝန်းကျင်နဲ့ အဂတိလိုက် စားမှုနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ ကတိပြုခြင်းဖြစ်တယ်။ အခြေခံ သဘောက တာဝန် ကျေပွန်တဲ့ ကုမ္ပဏီတွေဖြစ်လာတာ။ အခုလိုကျွန်တော် တို့နိုင်ငံရဲ့ စီးပွားရေးလောကကို အရည်အသွေး မြှင့်တင် နိုင်ခဲ့ရင် ယုံကြည်မှုတွေ တည်ဆောက်သွားနိုင်မှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးလောကက အခြေခံက စပြီး ပြုပြင်စေချင်လှတယ်။ ။
မြန်မာ့အလင်း


