နေပြည်တော် ၃ စက်တင်ဘာ
ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၁၀/၂၀၁၉)ယနေ့မြန်မာစံတော်ချိန် (ဝ၉:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသော အပူပိုင်းမုန်တိုင်း “ကာဂျီကီ”(Kajiki)၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ် ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းလျက်ရှိပါသည်။
ထို့သို့ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလျက်ရှိသောကြောင့် ယနေ့ နံနက်မှ နောက်(၃)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိ နိုင်ပါသည်။
အသိပေးနှိုးဆော်ချက်
သို့ဖြစ်ပါ၍ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
MDN


