ကလျာမိုးမြင့်
ကပ်ရောဂါ ဘယ်ဆီနေမှန်း မသိရသေးခင် အချိန်ကတည်းက ဂျပန်နိုင်ငံရဲ့ဆေးရုံတွေမှာ သူနာပြုဝန်ထမ်းတွေ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရတာပါ။ အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်လာတဲ့ ယနေ့အခါမှာတော့ အဲဒီအခြေအနေတွေက အဆိုးဆုံးအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
သူနာပြုအဖြစ် ရာစုနှစ်သုံးခုလောက်နီးပါး ကြာအောင် အမျိုးသမီးသူနာပြုတစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်လာပြီးနောက် ဟိုရီနာရူမီက ဒီနှစ်မှာတော့ တာဝန်ကနေ အနားယူဖို့ စောင့်စားနေခဲ့တာပါ။ တိုကျို သူနာပြုအဖွဲ့အစည်းရဲ့ အကြံပေးတစ်ဦး အနေနဲ့သာ လုပ်ကိုင်သွားဖို့ ပြီးခဲ့တဲ့ မတ်လမှာ ဟိုရီက ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ၎င်းအလုပ်လုပ်လာသမျှ သက်တမ်း တစ်လျှောက်လုံး ယခုလို ဆေးရုံတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမျိုးတွေကို မတွေ့ ကြုံဖူးဘူးလို့ ဟိုရီက ပြောပြပါတယ်။
ပြုစုစောင့်ရှောက်မှု အပြည့်အဝမပေးနိုင်
ဆေးရုံမှာ အကာအကွယ်ပစ္စည်းကိရိယာ တွေလည်း လောက်လောက်ငင မရှိဘူး။ သူနာပြုတွေဟာ အလုပ်လုပ်ရင်း ဖျားနာမှာနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကို ရောဂါကူးစက်သွား မှာကို သေမလောက်ကြောက်နေကြရတယ်။အကူအညီကင်းမဲ့မှာစိုးတဲ့ ကြောက်လန့်မှုတွေရောပြွမ်းနေတယ်။ ကိုဗစ်-၁၉ ရဲ့ သဘာဝက သူနာပြုဝန်ထမ်းတွေကို ၎င်းတို့သင်ကြား လေ့ကျင့်ခဲ့ရတဲ့ ပြုစုစောင့်ရှောက်ကုသမှုတွေ အပြည့်အဝမပေးနိုင်အောင် လုပ်ထားတယ်။ သူနာပြုတွေအနေနဲ့ လူနာတွေနဲ့ ၎င်းတို့ရဲ့ဆွေမျိုးမိသားစုဝင်တွေကို နောက်ဆုံးအချိန်မှာ တောင် အကောင်းဆုံးပြုစုဂရုစိုက်မှုမပေးနိုင် တဲ့အဖြစ်မျိုးဟာ အသည်းနာစရာကောင်းလွန်း တယ်လို့ ဟိုရီက ပြောခဲ့ပါတယ်။
ပုံမှန်ထက် လေးဆလောက်လိုအပ်
ပုံမှန်ဖြစ်နေကျအချိန်တွေထက် ပိုကြာမြင့် တဲ့ စိုးရိမ်ကြောက်လန့်မှုနဲ့ စွမ်းအင်မဲ့သွားတဲ့ စိတ်ခံစားချက်တွေက လူတွေကိုခြေကုန်လက် ပန်းကျသွားစေခဲ့တယ်လို့ ဂျပန်သူနာပြု အဖွဲ့အစည်းက ဆိုပါတယ်။ တချို့သူနာပြု ဝန်ထမ်းတွေဆိုရင် ကာယဒုက္ခခံစားရမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စိတ်ကစဉ့်ကလျားဖြစ် မှုတွေကိုတောင် ခံစားနေရပြီလို့ သူနာပြုအဖွဲ့ ရဲ့ ပြောပြချက်အရ သိရပါတယ်။
ဂျပန်သူနာပြုအဖွဲ့အစည်းရဲ့ဖော်ပြချက်အရ ဆေးရုံမှာရှိတဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာတွေကို ကုသမှုပေးနေတဲ့ အဆောင်တစ်ခု မှာ သူနာပြုအရေအတွက် ပုံမှန်ထက် လေးဆ လောက် လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံတွေထဲမှာ ရောဂါကူးစက် မှု ဖြစ်လာတဲ့အတွက်ကြောင့် အရည်အချင်းရှိ တဲ့ သူနာပြုဝန်ထမ်းများစွာဟာ အိမ်ပြင်ထွက် ခွင့်မရတော့ဘဲ တစ်ကိုယ်ရေသီးခြားနေထိုင်နေ ရ တယ်။ ဒီတော့ ဆေးရုံအတွက်လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးရပါတယ်။
လုပ်ငန်းခွင်ပြန်ဝင်ပေးကြဖို့ တိုက်တွန်း
ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာ ဂျပန်သူနာပြု အဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ ဖူကွီတိုရှီကိုက တာဝန် ကနေ အနားယူသွားကြတဲ့ သူနာပြုဝန်ထမ်း ဟောင်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ပေးကြဖို့ အရေးပေါ်မေတ္တာရပ်ခံချက်တစ်ရပ်ကို ထုတ် ပြန်ခဲ့ရပါတယ်။ ဘယ်သူကမှတော့ မိမိ အေးအေးဆေးဆေးအနားယူနေတဲ့ အငြိမ်းစား ကာလမှာ အလုပ်ခွင်ထဲ ပြန်မဝင်ချင်ကြပါဘူး။ ဒါပေမယ့် နိုင်ငံအတွက် အရေးပေါ်အခြေအနေ ဖြစ်လာတဲ့အခါမှာ နိုင်ငံသားတိုင်းမှာ ပင်ကို အသိစိတ်နဲ့ ဆောင်ရွက်ရမယ့် တာဝန်ရှိလာပါ တယ်။
ဂျပန်သူနာပြုအဖွဲ့အစည်းဥက္ကဋ္ဌ ဖူကွီတို ရှီကိုက ဂျပန်နိုင်ငံဟာ လူအင်အား အကြီးအကျယ် လိုအပ်နေတယ်။ ဘယ်နေရာ အထိ ဘယ်လောက်ကြာကြာသွားခဲ့တဲ့ သူဖြစ် စေ၊ ယခင်က ဘာအလုပ်ဖြစ်ဖြစ် လုပ်ကိုင်ခဲ့တဲ့ သူဖြစ်စေ ကိစ္စမရှိဘူး။ ရောဂါကူးစက်ဖြစ်ပွား နိုင်ခြေနည်းတဲ့ တယ်လီဖုန်းအော်ပရေတာလို အလုပ်အကိုင်မျိုးတွေလည်း ရှိတယ်လို့ ဆိုပါ တယ်။ သူနာပြုအဖွဲ့အစည်းဟာ အငြိမ်းစား သူနာပြုဝန်ထမ်းပေါင်း ၅၀၀၀၀ ဆီ အီးမေး ပေးပို့ပြီး အကြောင်းကြားခဲ့ပါတယ်။ ဒီလိုပေးပို့ ခဲ့ပြီးနောက်မှာတော့ သူနာပြုဝန်ထမ်းပေါင်း ၆၀၀ လောက်သာ ဖုန်းလက်ခံဖြေကြားခဲ့တယ် လို့ သိရပါတယ်။
အလုပ်ပြန်မဝင်နိုင်တဲ့ အကြောင်း
သူနာပြုအဖွဲ့ကြီးက ဝန်ထမ်းဟောင်းတွေ ကို ဒီထက်ပိုပြီး ခေါ်ယူနိုင်ဖို့အတွက် ၎င်းတို့ရဲ့ အရဲစွန့်မှုအတွက် ပေးကမ်းချီးမြှင့်တာမျိုး ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပေ မယ့်လည်း အဲဒီတောင်းဆိုချက်ကို အကြောင်း ပြန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ အမည်မဖော် လိုတဲ့ သူနာပြုအမျိုးသမီးတစ်ဦးက ၎င်းရဲ့ သက်တမ်းတစ်လျှောက်လုံး အရေးပေါ် ကုသ ဆောင်တွေမှာ ကုန်ဆုံးခဲ့ကြောင်း ပြောပြခဲ့ပါ တယ်။ မီးဖွားခွင့်နှစ်နှစ်ယူပြီးတဲ့နောက် ယခု နှစ်နွေရာသီမှာ ၎င်းက လုပ်ငန်းခွင်ပြန်ဝင်ချင်ခဲ့ ပေမယ့် ကလေးစောင့်ရှောက်ရေးစရိတ် မရသေးတဲ့အတွက် အလုပ်ပြန်မဝင်နိုင်သေး ဘူးလို့ ဆိုပါတယ်။
တန်းစီဇယားမှာ ကျွန်မသာ အလှည့် ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ တကယ် တမ်းဆိုရင် ဆေးဝန်ထမ်းမိသားစုဝင်တွေဟာ အထူးသဖြင့် အခုလိုအချိန်မျိုးမှာ အဓိက ဦးစား ပေးရမှာ။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ လည်း ဒီအတွက် စိတ်ရောကိုယ်ပါပင်ပန်းနေ ရတယ်လို့ ကြားသိရတော့ ကျွန်မစိတ်ပျက် လက်ပျက်ဖြစ်ပြီး ဘာမှမလုပ်နိုင်လို့ စိတ် မကောင်းဘူးဟု ၎င်းက ပြောပြခဲ့ပါတယ်။
ခွဲခြားဆက်ဆံမှု
တခြားသူနာပြုဝန်ထမ်းဟောင်းတွေကတော့ ကပ်ရောဂါနဲ့ဆက်နွှယ်တဲ့ လူမှုရေးဆိုင်ရာ ဂုဏ်သိက္ခာထိခိုက်မှု အခြေအနေတွေကြောင့် လုပ်ငန်းခွင်ပြန်ဝင်ရမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ အမည်မဖော်လိုတဲ့ အငြိမ်းစားသူနာပြုဟောင်းတစ်ဦးကတော့ အကယ်၍ ၎င်း ဆေးရုံကို ပြန်သွားခဲ့ရင် ၎င်းရဲ့သားသမီးတွေ ခွဲခြားဆက်ဆံခံရမှာစိုးတယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆေးရုံတွေမှာ သူနာပြုဝန်ထမ်း မလုံလောက်တဲ့ကိစ္စဟာ ဂျပန် တစ်နိုင်ငံတည်းမှာတင် ဖြစ်နေတာမဟုတ်ဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရရင် သူနာပြုဝန်ထမ်းပေါင်း နောက်ထပ် ၅ ဒသမ ၉ သန်းလောက်အထိ လိုအပ်နေတယ်လို့ ပြီးခဲ့တဲ့ လက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာ ဝန်ထမ်းအင်အား လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ နည်းပညာ အားဖြင့် အထောက်အကူဖြစ်စေဖို့ ကြိုးပမ်းနေ ကြပါတယ်။
နည်းပညာဖြင့် ကွက်လပ်ဖြည့်
အီတလီနိုင်ငံမှာဆိုရင် ဆေးရုံမှာရှိတဲ့ ကုသဆောင်တွေကို ဝင်ရောက်ဖို့နဲ့ လူနာတွေ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကောက်ဖို့ စက်ရုပ်တွေကို ချထားပေးနေ ပြီ ဖြစ်ပြီး ဒီလိုချထားတဲ့အတွက် လူသားလုပ်ဖော် ကိုင်ဖက်တွေ ပိုပြီးဘေးကင်းစေတယ်လို့ သိရ ပါတယ်။ စင်ကာပူမှာလည်း စက်ရုပ်တွေကို စတင်မိတ်ဆက် အသုံးချနေပါတယ်။
လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း ကို မဖြစ်မနေဆောင်ရွက်အောင် လိုက်လံ အသိပေးနှိုးဆော်တဲ့ ခွေးပုံသဏ္ဌာန်ကင်းလှည့် စက်ရုပ်တွေကို အများပြည်သူရှိရာ ပန်းခြံလို နေရာတွေမှာ စတင်ချထားနေပြီဖြစ်တဲ့အပြင် ဒီစက်ရုပ်တွေကို ဆေးရုံတွေမှာ လူနာတွေဆီ ဆေးဝါးတွေ ပို့ဆောင်ပေးရာမှာ အသုံးပြုနိုင်ဖို့ အတွက်လည်း စမ်းသပ်နေပါတယ်။ ဒါပေမယ့် နည်းပညာပိုင်းမှာ တခြားနိုင်ငံတွေထက် ခြေတစ်လှမ်းသာသူအဖြစ်နဲ့ ဂုဏ်ယူနေတဲ့ ဂျပန်နိုင်ငံကိုယ်တိုင်သည်ပင်လျှင် ကိုဗစ်-၁၉ ကို တိုက်ဖျက်မယ့် ဆေးဝန်ထမ်းအင်အား လိုအပ်ချက်သာမက ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်အင်အား လိုအပ်ချက်ရှိနေ ဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ။
ကိုးကား-အင်န်အိတ်ခ်ျကေ
မြန်မာ့အလင်း


