၉ အောက်တိုဘာ
ကမ္ဘာ့ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ် အားလုံးကို လည်ပတ်နိုင်ရန် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲနေရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေက သူ့တို့ပေးရမယ့် ငွေတွေကို မပေးခဲ့ရင် နောက်လအတွက် ကုလသမဂ္ဂ ဝန်ထမ်းတွေကို လစာပေးရန်အတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်က မနေ့က ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရုံးရဲ့ ဝန်ထမ်း ၃၇,ဝ၀ဝ ဦး ရှိကြောင်း သိရပါတယ်။
အထွေထွေ အတွင်းရေးမှူးက စက်တင်ဘာလကုန်မှာ လိုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၃၀ ရှိကြောင်းနဲ့ ငွေကြေး အကျပ်အတည်းဟာ ဆယ်စုနှစ် တစ်ခုစာ အတွင်းမှာ အဆိုးရွားဆုံး လိုငွေပြမှု ဖြစ်တယ်လို့ ဂူတာရက်စ် က ဆက်ပြောကြားပါတယ်။
ကုလသမဂ္ဂကို အများဆုံး ပေးလှူတဲ့ အမေရိကန်နိုင်ငံက ၃.၃ ဘီလီယံကျော် တနည်းအားဖြင့် ကုလသမဂ္ဂသုံးစွဲငွေရဲ့ ၂၂ ရာခိုင်နှုန်းကို ပေးလှူပါတယ်။ အဲဒီ ၃.၃ ဘီလီယံကျော်ဟာ နိုင်ငံရေး၊ လူသားဆိုင်ရာ အကူအညီ လုပ်ငန်း၊ လက်နက်ဖြုတ်ရေး၊ စီးပွားရေးလုပ်ငန်းနဲ့ လူမှုရေးနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ သုံးစွဲရန်အတွက် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ဦးစားပေးသုံးစွဲရန် ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၃၈၁ သန်းနဲ့ ၂၀၁၉ ခုနှစ်အတွက် ပုံမှန်သုံးစွဲရန် အမေရိကန် ဒေါ်လာ ၆၇၄ သန်းတို့ကို ပေးလှူခြင်း မရှိသေးပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ဘဏ္ဍာငွေပမာဏကို အမေရိကန်နိုင်ငံက အတည်ပြုပေးမယ့် ဘယ်တော့ ပေးမယ်ဆိုတာကို ပြန်လည်ပြောဆို သွားခြင်းမရှိပါဘူး။
အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံက ကုလသမဂ္ဂကို အလှူငွေပေးဖို့ ကျန်ရှိနေပါတယ်။ အဲဒီစာရင်း အသေးစိတ်ကို ကုလသမဂ္ဂက မထုတ်ပြန်ပေမယ့် အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ မက္ကဆီကို၊ အီရန်၊ ဗင်နီဇွဲလား၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ကွန်ဂို၊ အစ္စရေး၊ ဆော်ဒီအာရေးဘီးယားနဲ့ ဆီးရီးယားနိုင်ငံတွေ အပါဝင် ၆၄ နိုင်ငံလို့ သိရပါတယ်။
MDN
ကိုးကား - AFP



