ခင်ရတနာ၊ ဇင်ဦး၊ ဓာတ်ပုံ - မြတ်မိုးကျော်(စီးကူး)၊ သီဟစည်သူ

 

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ၊ ကဏ္ဍစုံတို့တွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် နည်းတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြု ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မဟာဗျူဟာ မျှော်မှန်းချက်ဖြစ်သည့် ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်ဟု ရည်မှန်းထားကြောင်းသိရသည်။

 

ထိုကဲ့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရေရှည်စီမံကိန်းများ၊ စီးပွားရေးမူဝါဒများနှင့် ကုလသမဂ္ဂ၏ ၂၀၁၆ - ၂၀၃၀ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၂၃) တို့နှင့် ကိုက်ညီစေရန် ရည်ရွယ်ဆောင်ရွက်နေ ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

 

စီးပွားရေးမူဝါဒနှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ “ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်”ဟူ၍ မျှော်မှန်းချက်ချမှတ်ထားသကဲ့သို့ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာဖြစ်ပေါ်ပြီး ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် အလုပ်အကိုင်များ ဖန်တီးနိုင်ရေး တို့ကို အထောက်အကူပြုရေးအတွက်ရည်ရွယ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။

 

mdn

 

“ဝန်ကြီးဌာနရဲ့နယ်ပယ် (Scope)က ကူးသန်းရောင်းဝယ်မှုတစ်ခုကိုသာ အာရုံစိုက်တာ မဟုတ်ဘဲ လယ်ကွင်းထဲကနေ၊ စက်ရုံတွေကနေ စားသုံးသူတွေရဲ့ ထမင်းစားပွဲပေါ်ရောက်တဲ့အထိ အကျုံးဝင်တဲ့ ထုတ်လုပ်စားသုံးမှု ကွင်းဆက် (Supply Chain) တစ်ခုလုံးကို လွှမ်းခြုံပြီး ဖွံ့ဖြိုးတိုးတက်မှုကိုရရှိအောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ ပြည်တွင်း ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေ၊ ကုန်စည်စီးဆင်းမှု၊ ဈေးနှုန်းသတင်းတွေကို စုဆောင်းမှတ်တမ်းတင်ခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ကုန်ဆိုင်ရာ အသင်းအဖွဲ့တွေ ဖွဲ့စည်းခြင်း၊ ကုန်စည်ဒိုင်တွေ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဈေးကွက်ရရှိရေးကို ဆောင်ရွက်ပေးခြင်းတို့ကစလို့ စားသုံးသူတွေ ဘေးကင်းလုံခြုံရေး၊ စိတ်ကျေနပ်မှုရှိစေရေးကို ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းပြသည်။

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေး

 

ဝန်ကြီးဌာနမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်သည့်အပြင် တစ်ဖက်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (Private Sector Development) စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုတွင် သက်သာလွယ်ကူစေရေး (Ease of Doing Business) အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး (Job Creation)၊ အထူး စီးပွားရေးဇုန်များ ဖော်ထုတ်အကောင်အထည်ဖော်ရေး (Development of Special Economic Zones)၊ နှစ်နိုင်ငံနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်များ ထူထောင်နိုင်ရေး (Development of Border Economic Cooperation Zones)၊ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (MSMEs Agency) ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၁၉ဘီလီယံ၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၀၅၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံအထိ လျော့ ကျအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို မြင်တွေ့ရ ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၆၁ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၇၄ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅၃၅ဘီလီယံကုန်သွယ်နိုင် ခဲ့သည်ကို ၀န်ကြီးဌာနမှထုတ်ပြန်သည့် စာရင်း ဇယားများမှ သိရသည်။

 

ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးတက်

 

အဆိုပါစာရင်းဇယားများအရ ယခင်နှစ်ကာလတူထက် ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၃ ဘီလီယံ၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၉၄ ဘီလီယံ၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၄၇ ဘီလီယံ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင် ခဲ့ခြင်း ဖြစ်သည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ပြောင်းတင်ပို့ရာ၌ တရုတ်နိုင်ငံ ဈေးကွက်အပြင် ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်မှ တစ်ဆင့် ဖေဖော်ဝါရီလမှ သြဂုတ်လအထိ Form D ခံစားခွင့်ဖြင့် Duty Free Quota Free (DFQF) တင်ပို့ခွင့်ရရှိခဲ့ရာ တန်ချိန် ၆ သိန်းကျော်ခန့်အထိ တင်ပို့နိုင်ခဲ့ပြီး လက်ရှိကာလတွင် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းများ တင်ပို့နေပြီဟု သိရသည်။ ထို့ပြင် လာအိုနိုင်ငံ ကုန်သည်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုကြောင့် ဆန်၊ ပြောင်းနှင့် ဆိတ်(အရှင်)များကို လာအိုနယ်စပ် ကျိုင်းလပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် လာအိုနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဝန်ကြီးဌာနမှသိရသည်။

 

ပြည်တွင်းကုန်သွယ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ အသင်းအဖွဲ့ ၈၉၃ သင်း၊ အစုအဖွဲ့ ၁၉၉၄ ဖွဲ့၊ ဇုန် ၄၃ ဇုန်နှင့် ကုန်စည်ဒိုင် ၆၅ ဒိုင်ကို ဖွဲ့စည်းခဲ့သည့်အပြင် အလုပ်ရုံ ဆွေးနွေးပွဲ ၂၉ ခုကို တိုင်းဒေသကြီး ပြည်နယ် များတွင် ကျင်းပနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စတုတ္ထ(၁) နှစ်တာ ဆောင်ရွက်ချက်များမှ သိရသည်။

 

စားသုံးသူရေးရာအဖြေရှာ

 

စားသုံးသူရေးရာဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ် ထုံးလုပ်နည်းများ၊ ကုန်ပစ္စည်းသတိပေးချက်များနှင့် စားသုံးသူများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုများကို အလွယ်တကူတိုင်ကြား နိုင်ရန် Complaint System ပါဝင်သည့် Website www.doca.gov.mm ကို စတုတ္ထ (၁) နှစ်တာအတွင်း ဆောင်ရွက်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

 

“စားသုံးသူတွေအနေနဲ့ တိုင်ကြားမှုတွေကို လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်ဖို့နဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေနိုင်ဖို့တို့အတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်နဲ့ ခရိုင်မြို့တွေမှာ စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (Consumer Information and Complaint Center - CICC) တွေကို ၄၈ နေရာ အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ စားသုံးသူတွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး စားသုံးသူတိုင်ကြားမှု စုစုပေါင်း၁၅၈၄ မှုအနက်  ၁၄၈၂ မှုကို စားသုံးသူတွေ စိတ်ကျေနပ်မှု ရရှိအောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။

 

၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၄၃ အရ ကုန်စည် (၈) မျိုး၏ ကုန်အညွှန်း အမှတ်အသားများနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ဖော်ပြနိုင်ရန် အသေးစိတ်ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး စားသုံးသူများ အကာအကွယ်ပေးရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အများပြည်သူ သိရှိနိုင်ရန်လည်း နိုင်ငံပိုင် သတင်းစာများနှင့် ရုပ်မြင်သံကြားတို့တွင် ထုတ်လွှင့်ပေးလျက်ရှိသည်ကို မြင်တွေ့ရသည်။

 

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်)

 

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သည် မြန်မာ့ထွက်ကုန်များကို နိုင်ငံတကာ ဈေးကွက်များသို့ ဝင်ရောက်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးပြီး လိုအပ်သော သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်စေရန်အတွက် ရန်ကုန်မြို့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (Myanmar International Trade Center - MITC) ကို မကြာမီ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်းသိရပြီး စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံးမှ မြန်မာ့ထုတ်ကုန်များကို တစ်နေရာတည်းတွင် တစုတစည်းတည်း လေ့လာကြည့်ရှု၍ လက်လီလက်ကား ဝယ်ယူရရှိနိုင်စေရန် စီစဉ်ဆောင် ရွက်ထားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှသိရသည်။

 

“ပြည်ပသို့တင်ပို့မည့် လုပ်ငန်းရှင်တွေအတွက် အထောက်အကူဖြစ်စေဖို့နဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အီးယူအပါအဝင် နိုင်ငံအလိုက်၊ ဈေးကွက်အလိုက် အကူအညီ ပေးရေးကောင်တာတွေ (Help desk) ထားရှိ သွားမည့်အပြင် ပြည်တွင်း၌ လာရောက်ရင်းနှီး မြှုပ်နှံမှုတိုးတက်လာစေဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ကိုင်ရလွယ်ကူစေဖို့အတွက် Ease of Doing Business ဆိုင်ရာဌာနတွေမှာ လုပ်ငန်းတွေအတွက် အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အကူအညီပေးရေး ကောင်တာတွေကို ဖွင့်လှစ်ကူညီမှု ပေးမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

 

လုပ်ငန်းစဉ်အဆင့်များ ဖြေလျှော့ပေး

 

နိုင်ငံတော်အစိုးရ၏ စတုတ္တ (၁) နှစ်တာ အတွင်း အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၁၉ဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်းပေါင်း ၄၆၁၃ လိုင်း Automatic Import Licensing & NonAutomatic Import Licensing အဖြစ်ခွဲခြားသတ်မှတ်၍ Import Negative List ကို ပြင်ဆင်ထုတ်ပြန်နိုင်ခဲ့ကြောင်း ၀န်ကြီးဌာနမှ သိရသည်။ ဆက်လက်၍ သွင်းကုန်နှင့် ပို့ကုန် လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများကို ထပ်မံဖြေလျှော့နိုင်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။

 

ထို့ပြင် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများကို ပြည်တွင်းတွင် လက်လီ၊ လက်ကား ရောင်းချခြင်းအား ခွင့်ပြုပေးနိုင်ခဲ့သည့်အပြင် ပြည်တွင်းတွင် ထုတ်လုပ်သော အသား၊ ငါး၊ တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများ၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ မျိုးစေ့၊ သန့်စင်ထားသည့် သတ္တုရိုင်းများ၊ သစ်သီးဝလံကုန်ကြမ်းတို့မှ အဆင့်မြင့် ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက်ကုန်ချော (သို့မဟုတ်) ကုန်ချောပစ္စည်းများ၊ သစ် အခြေခံ ပရိဘောဂပစ္စည်းများ စသည့်ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးကို နိုင်ငံခြားကုမ္ပဏီ များကို တင်ပို့ခွင့်ပြုခဲ့ကြောင်း ၀န်ကြီးဌာန၏ စတုတ္ထ (၁) နှစ်တာ အစီရင်ခံစာတွင်ထည့်သွင်း ဖော်ပြထားသည်။

 

စိန်ခေါ်မှုများစွာကြုံတွေ့

 

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းများကိုလေ့လာကြည့်မည်ဆိုပါက ပို့ကုန်ပိုင်းတွင် ဈေးကွက် တိုးချဲ့နိုင်စေရေးအတွက် အခွင့်အလမ်းကောင်းများ တည်ရှိနေသော်လည်း တစ်ဖက်တွင် များပြားသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို တွေ့မြင်ရမည်ဖြစ်သည်။

 

“ကုန်သွယ်ဖက်နိုင်ငံရဲ့ ကုန်သွယ်ရေး မူဝါဒ ပြောင်းလဲမှု၊ နိုင်ငံခြားငွေကြေးလဲလှယ်မှု နှုန်းထားများ မတည်ငြိမ်မှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ ကုန်သွယ်မှုဆိုင်ရာ အရေးပေါ်အခြေအနေတွေက အခက်အခဲတွေကို ကြုံရစေပါတယ်။ ဥပမာ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွား နေတဲ့ Coronavirus ဖြစ်စဉ်မျိုးတွေကြောင့် ပြည်တွင်းထုတ်လုပ်မှုတွေနဲ့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေအပေါ် အများကြီးအကျိုး သက်ရောက်မှုတွေ ရှိလာပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက သုံးသပ်ပြသည်။

 

ယင်းအကြောင်းအရာများအပြင် တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းကြောင့် ပို့ကုန် ဝင်ငွေ လျော့နည်းခြင်း၊ အခွန်ဘဏ္ဍာဆုံးရှုံးခြင်း၊ သဘာဝသယံဇာတ ပြုန်းတီးမှု ဖြစ်စေခြင်း၊ ပြည်တွင်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို ကြီးမားစွာထိခိုက်စေခြင်းနှင့် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေမှုများ ကို တွေ့ရှိရကြောင်း သိရသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ

 

“လက်ရှိအစိုးရလက်ထက်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအားကို အခြေခံတဲ့ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် (Liberal Market Economy)ကို ပီပြင်အောင် ဖွံ့ဖြိုးစေပြီး ပို့ကုန်တိုးတက်မှုကို အခြေခံတဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ရရှိအောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ပို့ကုန် တိုးတက်စေဖို့အတွက် ပို့ကုန်အမယ်နဲ့ တင်ပို့တဲ့နိုင်ငံတွေကို ဖြန့်ခွဲခြင်း (Diversification) အဓိက ပို့ကုန်အမယ်အချို့ကို ပိုမိုဦးစားပေးပြီး စူးစိုက်တိုးချဲ့ တင်ပို့ခြင်း (Intensification) တို့အတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာ (National Export Strategy) ၂၀၁၅-၂၀၁၉ ကို ချမှတ်ဆောင် ရွက်ခဲ့ရာ အခုဆိုရင် (၅) နှစ်တာကာလ ပြီးဆုံးခဲ့ပြီး ထိုက်သင့်တဲ့ အောင်မြင်မှုတွေလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းပြသည်။

 

နယ်သာလန်နိုင်ငံ CBI အဖွဲ့အစည်းမှ ကယားပြည်နယ်အခြေပြု အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက် (INCLUSIVETourism Focusing on Kayah State) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ကယားပြည်နယ်၏ ကျန်ဒေသအချို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်တို့တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆက်လက် အကောင်အထည်ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ သန်းတန်ဖိုးရှိ စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားရန် ရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။

 

စီးပွားရေးဆိုင်ရာချိတ်ဆက်မှုအားကောင်းလာ

 

“စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှုတွေ တိုးတက်လာစေဖို့အတွက် ဥယျာဉ်ခြံစိုက် ပျိုးထောင်နိုင်မှု စွမ်းရည်နဲ့ ခရီးသွားဆက်စပ် လုပ်ငန်းတွေ အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်တောင်ကြီးမြို့ အင်းလေးကန်အနီးမှာ UNOPS၊ ITCI UNIDO UNCTAD  နဲ့ ILO အဖွဲ့အစည်းတွေ ကနေပံ့ပိုးတဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၀၁ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက် ဖို့ရှိပါတယ်”ဟု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ရှင်းပြသည်။

 

mdn

 

ဝန်ကြီးဌာနသည် အမျိုးသားပို့ကုန်မဟာ ဗျူဟာ (၂၀၂၀ -၂၀၂၅) တွင် ဦးစားပေးကဏ္ဍ (ကုန်စည်) (Priority Sector-Goods) ၅ မျိုး၊ (ဝန်ဆောင်မှု) (Priority Sector-Services) ၁ မျိုး၊ ဖွံ့ဖြိုးရန် အလားအလာရှိသည့်ကဏ္ဍ (Emerging Sector)            ၁ မျိုးနှင့် ဦးစားပေးကဏ္ဍများကို အထောက်အကူပြု ဝန်ဆောင်မှုကဏ္ဍ (Cross-Sector) ၄ မျိုးတို့ကို ရွေးချယ်ထားပြီး ပို့ကုန်မြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

 

စီးပွားရေးသံမှူးများတိုးချဲ့ စေလွှတ်

 

နိုင်ငံထွက်ကုန်များကို အဓိကဈေးကွက်ရှိရာနိုင်ငံများသို့ ပိုမိုတိုးချဲ့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရန်အတွက် နိုင်ငံတော် အစိုးရ၏ စတုတ္ထ (၁) နှစ်တာအတွင်း ပြည်ပနိုင်ငံ ၁၀ နိုင်ငံသို့ စီးပွားရေးသံမှူးများကို စေလွှတ်ထားပြီး ထပ်မံ၍ ၅ နိုင်ငံသို့ တိုးချဲ့ စေလွှတ်သွားရန်ရှိကြောင်း သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေညွှန်းကိန်း မြင့်တက်လာမှုနှင့်စပ်လျဉ်းပြီး ဌာနအချင်းချင်း အကြား ပူးပေါင်းမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ ရုံးကနေ ဖွဲ့စည်းပေးသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ”၏ တာဝန်ခံဝန်ကြီးဌာန အဖြစ် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရ သည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်

 

တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ၁၅ ဖွဲ့ကို ဖွဲ့စည်းခဲ့ ပြီးဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရန်နှင့် မဟာဗျူဟာတွင် တရားမဝင်ဖြစ်ပေါ်နေသော ခန့်မှန်းတန်ဖိုးများအပေါ် အခြေခံ၍ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ။

 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့သည့် UNCTAD Illicit Trade Forum သို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာအဆင့် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရသည်။

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ ဖွံ့ဖြိုး မှုအနည်းဆုံးနိုင်ငံများသို့ ပေးအပ်သည့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီအထောက်အပံ့ဖြစ်သည့် Enhanced Integrated Framework - EIF အစီအစဉ် များကို WTO နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ ဌာနခွဲတို့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲနှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ ကြောင်း ဝန်ကြီးဌာနမှ သိရသည်။

 

ကုန်သွယ်ရေးတွင် နည်းပညာအကူအညီရယူ

 

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအမျိုးအစားများ တိုးပွားလာစေရေးနှင့် အာဆီယံဒေသတွင်း၊ ဥရောပသမဂ္ဂအောက်ရှိ နိုင်ငံများနှင့် ကမ္ဘာ့ ဈေးကွက်များတွင် ပေါင်းစည်းပါဝင်လာစေရေး တို့အတွက် မြန်မာနိုင်ငံသို့ ပေးအပ်သည့်နည်းပညာ အကူအညီ (ASEAN Regional Integration Support-Myanmar Trade Related Technical Assistance-ARISE Plus Myanmar) အရ ယူရို ၈ သန်းထောက်ပံ့နိုင်ရန် Financing Agreement ကို ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောသည်။

 

အာဆီယံစီးပွားရေးအသိုက်အဝန်း AEC Action Plan (2025) အရ ပြန်လည်ဖွဲ့စည်း ထားသည့် ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်း ကော်မတီ၏ Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

 

ဥပဒေများတိုးတက်ပြဋ္ဌာန်းနိုင်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဓိက စီမံခန့်ခွဲလျက်ရှိသည့် ဥပဒေများမှာ ပို့ကုန်သွင်းကုန်ဥပဒေ ၂၀၁၂၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ၂၀၁၄၊ ယှဉ်ပြိုင်မှုဥပဒေ ၂၀၁၅၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉၊ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ ၂၀၁၉ တို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေ ၄ ခု ပြဋ္ဌာန်း နိုင်ခဲ့သည်ကို မြင်တွေ့ရသည်။

 

“စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကနေ တာဝန်ယူဆောင်ရွက်နေပါတယ်။ ဒုတိယသမ္မတ ဦးဆောင်တဲ့ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရန်အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ၄ ခုအနက် ကုန်အမှတ်တံဆိပ်ဆိုင်ရာ မူပိုင်ခွင့်ဥပဒေကို စတင်ကျင့်သုံးဆောင်ရွက်နိုင် ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါ တယ်”ဟု အမြဲတမ်းအတွင်းဝန်က ပြောသည်။

 

လျှော့ဈေးဖြင့် စုပုံတင်ပို့ရောင်းချခြင်းနှင့် အစိုးရအထောက်အပံ့ရယူတင်ပို့ရောင်းချခြင်း တို့ကြောင့် ထိခိုက်နစ်နာမှုအပေါ်ကုစားမှု ဥပဒေမူကြမ်းကိုပြုစုခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်ဥပဒေကြမ်း ကော်မတီများနှင့် ညှိနှိုင်းပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ စတုတ္ထ (၁) နှစ်တာ အချက် အလက်များအရ သိရသည်။

 

ကုန်သွယ်မှုကဏ္ဍ တစ်ရပ်လုံးကို လွှမ်းခြုံနိုင်မည့် ကုန်သွယ်မှုဥပဒေပြဋ္ဌာန်းနိုင်ရေး အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သည့် World Bank Group GIZ တို့နှင့်ပူးပေါင်း၍ မူကြမ်းရေးဆွဲဆောင်ရွက်လျက်ရှိရာ ဥပဒေမူကြမ်း ၁ ခု ရေးဆွဲနိုင်ခဲ့သည့်အပြင် တိုက်ရိုက် ရောင်းချခြင်းဥပဒေ (မူကြမ်း) ကို ရေးဆွဲပြီးဖြစ်ကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ကုန်သွယ်မှုဆိုင်ရာကျွမ်းကျင်သူများမွေးထုတ်

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ရန်ကုန်မြို့ တွင် ကုန်သွယ်မှု သင်တန်းကျောင်း (Trade Training Institute - TTI) ကို ဖွင့်လှစ်၍ ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးခြင်းများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းများ၊ နိုင်ငံခြား အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် ရက်တိုသင်တန်းများ၊ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။

 

ထို့ပြင် ဝန်ထမ်းများ စွမ်းရည်ဖွံ့ဖြိုးတိုး တက်ရန်၊ အတွေ့အကြုံဗဟုသုတများတိုးတက်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်အတွက် ပြည်ပမှ ဖိတ်ခေါ်သည့် သင်တန်းများသို့ စဉ်ဆက်မပြတ် စေလွှတ်တက်ရောက်စေခြင်း၊ ပြည်ပနိုင်ငံများ၌ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ စေလွှတ်တက်ရောက်စေခြင်း၊ ဌာနတွင်းသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ထံမှ သိရသည်။

 

ဝန်ထမ်းများ နိုင်ငံတကာ ဘာသာစကားများကို ကျွမ်းကျင်တတ်မြောက်မှု ရှိစေရန်အတွက် တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာသင်တန်းများကို သင်ကြားပေးလျက်ရှိပြီး ဝန်ကြီးဌာနတွင် နှစ်ပတ်တစ်ကြိမ် ကျင်း ပြုလုပ်လျက်ရှိသည့် ကြာသပတေးနေ့ စကားဝိုင်းတွင် ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပြည်ပနိုင်ငံများတွင် ပြုလုပ်သည့် သင်တန်း၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများ၏ အတွေ့အကြုံများ ဦးစီးဌာနများရှိ အရာထမ်းများ အသိပညာမျှဝေခြင်း Knowledge Sharing ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

လုပ်ငန်းရှင်များအခက်အခဲဖြေရှင်းပေး

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှုဖြင့် ဦးဆောင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (Private Sector Development - PSD) ကိုဆောင်ရွက် လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား တွေ့ဆုံဆွေးနွေးမှု (Public Private Dialogue) များကို လစဉ်ဆောင်ရွက်လျက်ရှိပြီး တွေ့ဆုံသည့် အစည်းအဝေး (၃၂) ကြိမ်ကျင်းပခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက်များအပေါ် ကူညီဖြေရှင်း ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရသည်။

 

“စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်မှု လွယ်ကူစေရေးအတွက် ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှု လွယ်ကူရေး အညွှန်းကိန်း (World Bank Ease of Doing Business Index) ကို Ranking ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ရည်မှန်းချက်အဖြစ် အညွှန်းကိန်း (၁၇၁) ကနေ (၁၀၀) အောက်ကို ကျဆင်းသွားနိုင်ဖို့ ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ Doing Business အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အဆင့်သတ်မှတ် ချက်က ၂၀၁၉ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၁ ရရှိထားပြီး ၂၀၂၀ ပြည့်နှစ်မှာ အဆင့် ၁၆၅ ကို တိုးတက်လာပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ ပြုပြင်ပြောင်းလဲမှု အတိုးတက်ဆုံးနိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံပါဝင်လာခဲ့ပါတယ်။ ဒီအညွှန်းကိန်း တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရတာ လွယ်ကူလာပြီး ပြည်ပက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေကို ပိုမိုဆွဲဆောင်လာနိုင်လိမ့်မယ်လို့ မျှော်မှန်းပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက မျှော်မှန်းချက်ကို ပြောသည်။

 

mdn

 

တောင်သူလယ်သမား

 

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးအတွက် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၂၄ ဦး ပါဝင်သောအဖွဲ့ကို ဖွဲ့စည်းပေးထားကြောင်း သိရသည်။

 

“လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ အနေနဲ့ ၂၀၁၉-၂၀၂၀ အတွက်အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက် ကျဆင်းလျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့မှာ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းနဲ့ ဝယ်ယူခွင့်ရရှိရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နွေစပါးထွက်ပေါ်လာချိန်မှာ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက် ရောက်နေခဲ့မယ်ဆိုရင် ဝယ်ယူနိုင်ရေးအတွက် ကျွန်တော်တို့ဘက်က စီစဉ်ဆောင် ရွက်ထားပြီး ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။

 

 

အထူးစီးပွားရေးဇုန်များ

 

လက်ရှိအထူးစီးပွားရေးဇုန် ၃ ခုအနက် ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်သည် အအောင်မြင်ဆုံး စီးပွားရေးဇုန်တစ်ခု ဖြစ်နေပြီဖြစ်သည်။ လက်ရှိဇုန် (အေ) အကောင်အထည်ဖော် ပြီးစီးသွားပြီဖြစ်သည့်အပြင် ဇုန်(ဘီ)ကို တိုးချဲ့ ဆောင်ရွက်နေသည်ကို သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်အနေဖြင့် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၂ခုခန့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်တို့ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါ ရီ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းကို CITIC Consortium မှ ရှယ်ယာအချိုး ၇၀ ရာခိုင် နှုန်းနှင့် မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်းတို့ဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်အနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ၃ ဘီလီယံဖြင့် စတင်အကောင် အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။

 

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA)၊ လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း(SIA)နှင့် ဘူမိ ဗေဒနှင့် မြေမျက်နှာသွင်ပြင် စစ်တမ်းကောက် ယူမှု G.T survey လုပ်ငန်းများကို တင်ဒါခေါ်ယူ သွားမည်ဖြစ်ပြီး စက်မှုဇုန်စီမံကိန်းကို CITIC Consortium ဘက်မှ ရှယ်ယာအချိုး ၅၁ ရာခိုင် နှုန်းနှင့် မြန်မာဘက်မှ ၄၉ ရာခိုင်နှုန်းတို့ဖြင့် ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာသန်း ၃၀အကုန်အကျခံအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မှုများကို အများပြည်သူ သိရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ - ထိုင်း နိုင်ငံအပြင် ဂျပန်နိုင်ငံပါ ပါဝင်လာရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။

 

“ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထိုင်း - မြန်မာနယ်စပ် ထီးခီအထိ အဆင့်မြှင့်တင် ဖောက်လုပ်သွားမယ့် ၂ လမ်း သွား ကားလမ်း ဖောက်လုပ်ဖို့အတွက် ထိုင်းနိုင်ငံ NEDA ရဲ့ ချေးငွေနဲ့ မကြာမီ စတင်အကောင်အထည်ဖော် တည်ဆောက်သွားမှာ ဖြစ်ပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးအောင် စိုးက ပြောသည်။ ။

 

 

မြန်မာ - တရုတ် နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ရှိစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ ထူထောင်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ပြည်နယ်များအလိုက် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဗဟိုကော်မတီ အစည်းအဝေး ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး နယ်စပ်အထူးစီးပွား ရေးဇုန်များကို ကချင်ပြည်နယ် ကန်ပိုက်တီ၊ ရှမ်းပြည်နယ် မူဆယ်နှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေ ချင်းရွှေဟော်တို့၌ ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံနှင့် ညှိနှိုင်းချက်အရ ရှမ်းပြည်နယ် မူဆယ်၌ စတင်အ ကောင်အထည်ဖော်သွားရန် ရှိပြီး မူဆယ် - ရွှေလီ နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့် ပတ်သက်သည့် မူဘောင်သဘောတူစာချုပ် ဆွေးနွေးမှုလုပ်ငန်းစဉ်များ လျင်မြန်တိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒေသအဆင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။

 

အလုပ်အကိုင်ဖန်တီးနိုင်ရေး

 

ဝန်ကြီးဌာနသည် နိုင်ငံအတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်အတွက် အလုပ်အကိုင်ဖန်တီးပေး နိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group) ကို အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန် ယူဆောင်ရွက်လျက်ရှိရာ ဦးစားပေးကဏ္ဍခွဲအလိုက် ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုကုန် ချောထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍတို့ကို ဖွဲ့စည်းထားခဲ့ပြီး ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာန၏ စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ချက် မှတ်တမ်းများအရ သိရသည်။

 

 

mdn

 

စားသုံးသူများ ထိထိရောက်ရောက်ကာကွယ်

 

စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားသုံးသူရေးရာကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ကုန်စည်အုပ်စု ၈ မျိုးတွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖြစ်စေ ဖော်ပြရန်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင် ရွက်ခဲ့ပြီး အဆိုပါပြဋ္ဌာန်းချက်မှာ ၂၀၂၀ ပြည့် နှစ် မတ်လ ၁၆ ရက်တွင်စတင်၍ အာဏာ သက်ရောက်ခဲ့ပြီ ဖြစ်သည်။

 

ထို့ပြင် စားသုံးသူများရသင့်သည့် အခွင့်အရေးများကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူများ အသိပညာပေးသည့်ကိစ္စရပ်များကို သတင်းစာစောင်များ၊ ရုပ်မြင်သံကြားတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

ယှဉ်ပြိုင်မှုကော်မရှင်ထံတိုင်ကြားနိုင်

 

ယှဉ်ပြိုင်မှုဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို ဖွဲ့စည်းပြီး ကော်မရှင်အစည်းအဝေးများကို ၃ လတစ်ကြိမ် ပုံမှန် ကျင်းပပြုလုပ်ကာ တိုင်ကြားမှုများအပေါ် ဆွေးနွေးဖြေရှင်းပေးလျက်ရှိသည့်အပြင် ကော်မရှင်၏ လုပ်ငန်းများ ထိထိရောက်ရောက် စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ ယှဉ်ပြိုင်မှု ဥပဒေ အကောင်အထည်ဖော်ရေး မဟာဗျူဟာ စီမံချက်များကို ရေးဆွဲနေပြီဖြစ်သည်။

 

ယှဉ်ပြိုင်မှုကော်မရှင်သည် တရားမျှတမှု မရှိသော စီးပွားရေးဆိုင်ရာ အပြုအမူများအပေါ် တိုင်ကြားမှုများကို လက်ခံစိစစ်ကာ အရေးယူဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်အထိ တိုင်ကြားမှု ၁၀ မှုကို လက်ခံရရှိထားပြီး ၃ မှုအား ပြီးပြတ်သည်အထိ စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ယှဉ်ပြိုင်မှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဒေသတွင်း အစီအစဉ်များအပြင် သြစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံး သူရေးရာကော်မရှင်၊ ဂျပန် လွတ်လပ်သော ကုန်သွယ်ရေးကော်မရှင်၊ GIZ ကဲ့သို့ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

 

MSMEs စီးပွားရေးလုပ်ငန်းများအတွက်ပြင်ဆင်

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (MSMEs Agency) ကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အေဂျင်စီမှ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုးချဲ့နိုင်ခဲ့ကာ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် MSMEs Action Plan များချမှတ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

“ကျွန်တော်တို့ ဝန်ကြီးဌာနက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်တဲ့ ပို့ကုန်ဈေးကွက်နဲ့ ခိုင်မာတဲ့ပို့ကုန်ဈေးကွက်တွေ တိုးတက်ရရှိရေးအတွက် ရေတို၊ ရေရှည် စီမံချက်များချမှတ်ပြီး ကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက် နှစ်လတ်ဖွံ့ဖြိုးရေးအစီအစဉ် (Medium Term Programme-MTP) အမျိုးသားပို့ကုန် မဟာဗျူဟာကို သတ်မှတ်ချက်အတိုင်း အောင်မြင်စွာပူးပေါင်းဆောင်ရွက်နေ ပါတယ်”ဟု ဝန်ကြီးဌာန၏ စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ချက်များအဖြစ် ပြည်ထောင်စု ဝန်ကြီးက ဖြေကြားသည်။

 

အရေးပေါ်စီးပွားရေးပြင်ဆင်

 

ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၌ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက စီမံ ဆောင်ရွက်မည့် ကာလတို၊ ကာလရှည် ဆောင်ရွက်မည့် နည်းလမ်းများကို တုံ့ပြန် ောင်ရွက်နိုင်ရန်အတွက် “ကုန်သွယ်မှုဆိုင်ရာ အရေးပေါ်အခြေအနေ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ (Trade Emergency Rapid Response Team)”ကို ဖွဲ့စည်း၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးထံမှ သိရသည်။

 

“လက်ရှိဖြစ်ပေါ်နေတဲ့ အရေးပေါ်အခြေအနေတွေကြောင့် ဖရဲ၊ သခွာကဲ့သို့ ရာသီ သီးနှံများ၊ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုလျော့နည်းသွားတဲ့ကိစ္စနဲ့ သွင်းကုန် လျော့နည်းသွားတဲ့ကိစ္စအပေါ် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ၊ အသင်းအဖွဲ့တွေ အားလုံးနဲ့ ပေါင်းစပ်ညှိနှိုင်းသလို အခြားဈေးကွက်သစ်တွေ ရှာဖွေနိုင်ရေးကို ပြည်ပနိုင်ငံသို့ စေလွှတ်ထားတဲ့ စီးပွားရေး သံမှူးတွေကနေတစ်ဆင့် ဈေးကွက်ရှာဖွေနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ကုန်သွယ်မှုတိုးတက်စေရေးနဲ့ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ စိုက်ပျိုးထုတ်လုပ်သူတွေ၊ အသင်းအဖွဲ့တွေ၊ ကုန်သည်လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေဆီကနေ အကြံပြုချက်တွေ၊ ဝေဖန်သုံးသပ်ချက်တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ပေးပို့နိုင်ပါတယ်ဆိုတာနဲ့ ဝန်ကြီးဌာနကနေ ကြိုဆိုလျက်ရှိပါတယ်ဆိုတာကို ပြောကြားလိုပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ဖြတ်သန်းမှုများတွင် ပြောကြားသည်။

 

နိုင်ငံ၏ ပို့ကုန်ဦးဆောင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Export-led Growth) ဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် တစ်ထောင့်တစ်နေရာမှ အားဖြည့်တင်း၍ နိုင်ငံတော်အတွက် ကြိုးပမ်းလျက်ရှိ နေပါကြောင်း တင်ပြလိုက်ရပါသည်။ ။