ဘူဒါပက် ၃၀ အောက်တိုဘာ
ရုရှားသမ္မတဗလာဒီမာပူတင်သည် ကုန်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့သို့ ယနေ့သွားရောက်လည်ပတ် ခဲ့သည်။
ရုရှားသမ္မတပူတင်နှင့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်တို့သည် လွန်ခဲ့သည့်ငါးနှစ်အတွင်း အနည်းဆုံး နှစ်စဉ် တစ်ကြိမ်ခန့် တွေ့ဆုံဆွေးနွေးလျက်ရှိကြပြီး ယမန် နှစ်က နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။
ပူတင်အနေဖြင့် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဟန်ဂေရီ ခေါင်းဆောင်အား ယင်းကဲ့သို့ ချဉ်းကပ်နေမှုကြောင့် အနောက်အင်အားကြီးနိုင်ငံများတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
အော်ဘန်သည်ယမန်နှစ်က ရုရှားနိုင်ငံသို့သွားရောက် လည်ပတ်ခဲ့ပြီး ခရိုင်းမီးယားအရေးနှင့်ပတ်သက်၍ ရုရှား နိုင်ငံအပေါ် ဥရောပသမဂ္ဂ၏အရေးယူပိတ်ဆို့မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနက် ရုရှားနှင့် အရင်းနှီးဆုံးနိုင်ငံ ဖြစ်သည်။
အော်ဘန်သည် မကြာသေးမီနှစ်များက အရှေ့ဘက်နိုင်ငံများအတွက် တံခါးဖွင့်မူဝါဒတစ်ရပ် ကျင့်သုံးခဲ့ပြီး သူ့ကိုယ်သူ အနောက်နှင့် အရှေ့အကြား ပေါင်းကူးတံတား သဖွယ် သတ်မှတ်ထားသူတစ်ဦး ဖြစ်သည်။
ပူတင်နှင့် အော်ဘန်တို့သည် နျူကလီးယား ဓာတ်ပေါင်းဖိုစက်ရုံ နှစ်ခု တည်ဆောက်ရေးအတွက် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိသည့် ချေးငွေဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် အဆိုပါချေးငွေ၏ သက်တမ်းကာလကိုမူ ပြန်လည်ညှိနှိုင်းရန် နှစ်ဦးနှစ်ဖက်က သဘောတူခဲ့ကြကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ


