၂၂  ဧပြီ

အမိန့်တွေထုတ်

“ယခုတလောအမိန့်တွေထုတ်တာ များလှတယ် ဆရာကြီး။ TV နဲ့ သတင်းစာတွေမှာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး သိစရာတွေ၊ မှတ်စရာတွေ၊ နားထောင် စရာတွေ စုံစုံလင်လင်ဖော်ပြနေကြလို့ အတော်မျက်စိလည်စရာ ဖြစ်နေတယ်။ ဒေသန္တရအမိန့်ထုတ်တာတွေလည်း များလှတယ်။ ဥပဒေ ရှုထောင့်က ဆရာကြီး ရှင်းပြပါဦး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ကျွန်တော့်အား မေးခွန်းထုတ်နေလေသည်။

လုပ်ပိုင်ခွင့်

“ဒီလိုရှိတယ်မောင်ပျင်းရိရဲ့။ အမိန့်ထုတ်တယ်ဆိုတာ ရည်ညွှန်းဥပဒေ ရှိရတယ်။ ကိုယ့်ဝန်ကြီးဌာနနဲ့ ကိုယ် လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပေးထားတယ်။ သက်ဆိုင်ရာဥပဒေမှာ လုပ်ပိုင်ခွင့်ပုဒ်မ ပြဋ္ဌာန်းထားတယ်။ အဲဒီပုဒ်မကိုညွှန်းပြီး တာဝန်ရှိတဲ့ ဝန်ကြီးက လက်မှတ်ထိုးပြီး အမိန့်ထုတ်တာပါ” ဟု ရှင်းပြလိုက်ရပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

သာဓကအားဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၁၈-၄-၂၀၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၃၈/၂၀၂၀ ကို ရည်ညွှန်းပါ သည်။ အဆိုပါအမိန့်မှာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ တိတိကျကျရေးရလျှင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ၂၁၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပေသည်။

ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)တွင်-

၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်

(ခ) ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် ကျန်းမာရေး ဦးစီးဌာနသည် လိုအပ်သောအမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားပါသည်။

အသွားအလာ တားမြစ်ပိတ်ပင်

“ကျွန်တော်တို့ကို ဘယ်မသွားရ၊ ညာမသွားရ၊ ညအပြင်မထွက်ရ စတာတွေ၊ အသွားအလာတားမြစ် ပိတ်ပင်တာတွေကိုရော အမိန့်ထုတ်ပြန် နိုင်ပါသလား။ ဥပဒေရှိပါသလား။ ရှင်းပြပါဦး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ထပ်ပြီးမေးနေလေသည်။ ဤအချက်ကို အောက်ပါအတိုင်း ဖြေကြားပါသည်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ(၁၉၉၅)

၁၉၉၅၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ၊ အခန်း(၇)၊ ပုဒ်မ ၁၄ တွင် အသွားအလာတားမြစ် ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားပေသည်-

ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခြင်း ခံရသောအဖွဲ့အစည်း သို့မဟုတ် အရာရှိသည် အောက်ပါ ကိစ္စရပ်များအတွက် တားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့်အမိန့် ထုတ်ပြန်နိုင်သည်-

(က) အဓိကကူးစက်မြန်ရောဂါဖြစ်ပွားနေသူအား နေအိမ်မှထွက်ခွာ သွားလာခွင့်

(ခ) အဓိကကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းရှိ သူများကို ပြင်ပသို့ ထွက်ခွာသွားလာခွင့်

(ဂ) ပြင်ပလူများအား အဓိကကူးစက်မြန်ရောဂါ ဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်

(ဃ) မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယာဉ် သို့မဟုတ် အခြား ယာဉ်တစ်မျိုးဖြင့် ရောက်ရှိလာသူများအနက် အဓိက ကူးစက်မြန် ရောဂါဖြစ်ပွားနေသူ ပါရှိလာပါက ယင်းရောဂါဖြစ်ပွားနေသူအား ကျန်းမာရေးစစ်ဆေးရန်အလို့ငှာ သီးခြားထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်သောအချိန်အထိ ပြင်ပသို့ထွက်ခွာသွားလာခွင့်

(င) ပွဲလမ်းသဘင်ကျင်းပနေစဉ် အဓိကကူးစက်မြန်ရောဂါဖြစ်ပွားလာပါက အများပြည်သူတို့အား ပွဲလမ်းသဘင်ကျင်းပရာနေရာသို့ သွားလာခွင့် နှင့် ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့်

(စ) ကူးစက်မြန်ရောဂါဖြစ်သည်ဟု သံသယရှိသည့် တိရစ္ဆာန် သို့မဟုတ် ယင်းတိရစ္ဆာန်ထွက်ပစ္စည်း သယ်ဆောင်လာသောယာဉ်အား ဝင်ထွက် သွားလာခွင့် ပြင်ဆင်ထားသည်။

သတိပြုရန်မှာ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေကို ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြင်ဆင်ထားခြင်းပင်ဖြစ်သည်။ ပြင်ဆင်ချက်နှင့် ပူးတွဲဖတ်ရှုမှသာ ဥပဒေအနှစ်သာရ ပီပြင်မည်ဖြစ်သည်။ အထူးသဖြင့် ပြစ်ဒဏ်များကို ပြင်ဆင်ထားသည်။ ပြင်ဆင်ချက် ပြစ်ဒဏ်များအတိုင်း စီရင်ဆောင်ရွက်ခွင့်ရှိသည်ကို သတိပြုစေလိုပါသည်။ ငွေဒဏ်များ တိုးမြှင့်ထားခြင်းသာ ဖြစ်ပါသည်။

ဥပဒေပညာရှင်များ၊ ရှေ့နေများ၊ ကုမ္ပဏီဥပဒေအကြံပေးများသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဥပဒေအကြံပေးခြင်း၊ ပညာပေး ခြင်းများ ဆောင်ရွက်သင့်ပါသည်။

ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း

ဥပဒေပုဒ်မ ၃ (က) ကျန်းမာရေးဦးစီးဌာနသည် ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် အောက်ပါလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည်-

(၁) ကလေး သူငယ်များအား ကာကွယ်ဆေး ထိုးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်း

(၂) လိုအပ်ပါက အရွယ်ရောက်သူများကိုပါ ကာကွယ် ဆေးထိုးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်း

(၃) ကူးစက်ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း

(၄) ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ စောင့်ကြည့် ကြည့်ရှုစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း

(၅) နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ဝင်ပေါက်နှင့် ထွက်ပေါက်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်၊ အခြားလိုအပ်သော လေဆိပ်၊ ရေဆိပ်နှင့် ကား ရပ်နားစခန်းများတွင် ကူးစက်ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း

(၆) နေအိမ်အဆောက်အအုံ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် အသွားအလာတားမြစ် ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း

(၇) ကူးစက်ရောဂါ ဖြစ်ပွားသူ သို့မဟုတ် ကူးစက် ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိသူများအား သီးခြားထားရှိ ကုသခြင်း

(၈) ကူးစက်ရောဂါအလိုက် လိုအပ်သော ကာကွယ် နှိမ်နင်းရေးအတွက် ဆေးဖျန်းခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ကာကွယ်ဆေးတိုက်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း

(၉) အများပြည်သူတို့၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများကို ဆောင်ရွက်သည့် လုပ်သားများ အား ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် လုပ်ငန်းခွင်တွင် ကျန်းမာရေးနှင့် ညီညွတ်သော နေအိမ်ဆောက်လုပ်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေနှင့် သုံးရေရရှိရေး အညစ်အကြေးများ စနစ်တကျ စွန့်ပစ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများအား အကြံပြုခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း

(၁၀) ကျန်းမာရေးဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် အခြားလုပ်ငန်းများကို ဆောင်ရွက်ခြင်း

(ခ) ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါမှာ တစ်နိုင်ငံမှတစ်နိုင်ငံသို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားစေနိုင် ကြောင်းတွေ့ရှိလျှင် ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

အများပြည်သူတို့သည် ကူးစက်ရောဂါဖြစ်ပွားပျံ့နှံ့မှု မရှိစေရေးနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့၏ ဆောင်ရွက်ချက်များကို လိုက်နာဆောင်ရွက်ကြ ရမည် ဖြစ်ပေသည်။

ပြည်သူတို့၏ တာဝန်

မြန်မာပြည်သူတို့သည် တရားဥပဒေကို စောင့်ထိန်းလိုက်နာသူများ ဖြစ်ကြသည်။ အရေးအကြောင်းရှိလျှင် ညီညွတ်ကြသည်။ စည်းကမ်းရှိကြ သည်။ နိုင်ငံနှင့် လူမျိုးကို မထိခိုက်စေရ။ ကမ္ဘာနှင့်တစ်ဝန်း ဖြစ်ပွားနေသော ရောဂါကပ်ဆိုးကြီးကို တရားဥပဒေ၊ စည်းကမ်းများ လိုက်နာစောင့်ထိန်း ခြင်းဖြင့် ကာကွယ်ကျော်လွှားနိုင်မည် ဖြစ်ပေသည်။

စေတနာ

အမိန့်၊ စည်းကမ်း၊ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရသောအခါ စိတ်ပျက်ခြင်း၊ ညည်းညူ ခြင်း၊ အားငယ်ခြင်း မဖြစ်စေလိုပါ။ ဤစေတနာကို တွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ...။ ။

ဦးဟန်ညွန့် (ဥပဒေ)