လွိုင်ကော် အောက်တိုဘာ ၃၀
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်၊ ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ရွေးကောက်ပွဲအရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမရှိစေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မဲစာရင်းများ မှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး တာဝန်ရှိသူအားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံး လုံခြုံရေးပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝန်ထမ်းများအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိက ပြည်နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် မဲရုံများလျာထားမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲကျင်းပနိုင်ရန် အတွက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
အမှာစကားပြောကြား
ဆက်လက်၍ တက်ရောက်လာသူများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဖြည့်ဆည်းပေးရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ မြို့နာမ်ရွှေစေတီတော်၊ နောင်ယားကန်သာနှင့် ထေးသမ (လေ့ကျင့်ရေး အလယ်တန်းကျောင်း)တို့သို့ သွားရောက်၍ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အခြေခံပညာကျောင်းများ ပြုပြင်ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


