လားရှိုး ၂၁ အောက်တိုဘာ 

 

လားရှိုးမြို့နယ် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ ခေးနင်းကျေးရွာ၊ ခေးနင်း ပရိယတ္တိ စာသင်တိုက်တွင် အောက်တိုဘာ ၂ဝ ရက် ညနေ ၇ နာရီခွဲခန့်တွင် ကျောင်းထိုင် ဆရာတော် သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လားရှိုးမြို့မှ(၃)မိုင်ခန့်အကွာ ခေးနင်းကျေးရွာ၊ ခေးနင်း ပရိယတ္တိစာသင်တိုက်တွင် အောက်တိုဘာ ၂၀ ရက် ည ၆ နာရီခွဲခန့်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတမှာ ဓမ္မာရုံမှ ဆင်းလာစဉ် အဖွဲ့တစ်ဖွဲ့ (စိစစ်ဆဲ) မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆရာတော်မှာ သေနတ်ထိမှန်ဒဏ်ရာများရရှိပြီး မှောက်လျက် အနေအထားဖြင့် ပျံလွန်တော်မူနေကြောင်း သိရသည်။

 

ဆရာတော်၏ ရုပ်ကလာပ်အနီးနှင့် ဓမ္မာရုံအောက်တွင် ပစ္စတိုကျည်ဆန်ခွံ (၇)ခုတို့တွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ကျောင်းဝင်းအတွင်းမှ ဆိုင်ကယ် တစ်စီးဖြင့် လူနှစ်ဦး မောင်းနှင် ထွက်ခွာသွားမှုကိုလည်း ဆက်စပ် တွေ့ရှိရကြောင်း သိရသည်။

 

အဆိုပါ ဆရာတော်၏ ရုပ်ကလာပ်အား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)