၁၉ နိုဝင်ဘာ

 

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီတောင်ပိုင်းရှိ စက်ရုံတစ်ရုံကို လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ယမန်နေ့က ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဘက်ဆိုင်ရာဌာန ပြောကြားချက်အရ သိရသည်။

 

အယ်လ်ရာဘီ ဒေသရှိ အယ်လ်ဆန်ဘူလရှ် ဘီစကစ်စက်ရုံသည် ယမန်နေ့က လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရသဖြင့် လစ်ဗျားနိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသား အလုပ်သမား ငါးဦး စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း ထိုဌာနမှ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

 

ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှု ပေးခဲ့ကြောင်း ထိုကြေညာချက်တွင် ထပ်လောင်း ဖော်ပြထားသည်။

 

အရှေ့အခြေစိုက် တပ်မှူး ခါလီဖာ ဟာဖာ က Emirati ဒရုန်းဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုဆိုကာ ကုလသမဂ္ဂကျောထောက်နောက်ခံ အစိုးရတပ်ဖွဲ့များက အရှေ့အခြေစိုက် တပ်ဖွဲ့ကို စွပ်စွဲခဲ့သည်။

 

အဆိုပါ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရှေ့အခြေစိုက်တပ်ဖွဲ့က ယခုချိန်ထိ မှတ်ချက်ပြု ပြောဆိုခြင်း မရှိပေ။

 

ဟာဖာ ဦးဆောင်သော အရှေ့အခြေစိုက် တပ်ဖွဲ့သည် ထရီပိုလီ အနီးတစ်ဝိုက် စစ်ရေးလှုံ့ဆော်မှု ပြုလုပ်ကာ ကုလသမဂ္ဂ ကျောထောက်နောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန် ကြိုးစားနေသည်ဟု ဖော်ပြထားသည်။

 

ထိုတိုက်ပွဲများကြောင့် ထောင်ချီရှိသော လူများသေဆုံးခဲ့ပြီး လူပေါင်းများ ဒဏ်ရာရခဲ့ကြသည်။ အရှေ့အခြေစိုက် စစ်တပ်သည် အရှေ့အခြေစိုက် အစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို