ထရီပိုလီ ၈ အောက်တိုဘာ


လစ်ဗျားနိုင်ငံတွင် အရပ်သားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများမပြုလုပ်ရန် လစ်ဗျားနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ (UNSMIL ) က သတိပေးခဲ့သည်။ အရှေ့ပိုင်းအခြေစိုက် တပ်ဖွဲ့များ သည် မြို့တော်ထရီပိုလီမှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ မစ်ဆူရိတ်မြို့ လေယာဉ်ကွင်းကို တိုက်ခိုက်ခဲ့သည့်အတွက် ယခုလို သတိပေးချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။


အရပ်သားများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ၊ ပစ္စည်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း UNSMIL အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ပါ ရှိသည်။ ယခုကဲ့သို့ အကြောင်းမဲ့သက်သက် တိုက်ခိုက်နေခြင်းများကို ချက်ချင်း ရပ်တန့်ပေးရန် အထူးသဖြင့် လစ်ဗျားနိုင်ငံ အနောက်ပိုင်းရှိ လေဆိပ်ကို တိုက်ခိုက်ခြင်းမပြုရန် သတိပေးခဲ့ခြင်းဖြစ်သည်။


လစ်ဗျားနိုင်ငံအနောက်ပိုင်းရှိ လေဆိပ်သည် လစ်ဗျားနိုင်ငံသား သန်းနှင့် ချီ၍ အသုံးပြုနိုင်သည့် လေဆိပ်လည်းဖြစ်သည်။ အရှေ့ပိုင်းအခြေစိုက်တပ်များ သည် မစ်ဆူရိတ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်မှတ်ထား၍ တိုက်ခိုက်မှု ပြုလုပ်ပြီး လစ်ဗျားအစိုးရတပ်ဖွဲ့ ပိုင်ဆိုင်သည့် တူရကီလုပ် ဒရုန်းထိန်းချုပ်ရေး စနစ်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့ သည်။


လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် အလုပ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်ရှိပစ္စည်းများပျက်စီးခဲ့ရသည်ဟု လစ်ဗျားအစိုးရတပ်များ က ပြောသည်။ ဧပြီလမှစကာ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအခြေစိုက်တပ်များသည် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော လစ်ဗျား အစိုးရတပ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။


ထရီပိုလီမြို့ အနီးတစ်ဝိုက်တွင် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး မြို့တော် ကို သိမ်းပိုက်နိုင်ရေးနှင့် လစ်ဗျားအစိုးရကို ဖြုတ်ချနိုင်ရေး ကြိုးပမ်းလျက်ရှိ သည်။


၂၀၁၁ ခုနှစ်တွင် လစ်ဗျားခေါင်းဆောင် မိုဟာမက်ကဒါဖီကို ဖြုတ်ချပြီး နောက် လစ်ဗျားနိုင်ငံသည် နိုင်ငံရေးအရ မတည်မငြိမ်မှုများ ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရသည်။


ဆင်ဟွာ