ကလျာမိုးမြင့်
တခြားသော ကမ္ဘာ့နိုင်ငံတွေလိုပဲ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုကို ခံစားနေရတဲ့ အိန္ဒိယနိုင်ငံဟာ ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှန်သမျှကို ရပ်နားလိုက်ပါတယ်။ ဒီလို ရပ်နားလိုက်တဲ့အခါ တွေ့မြင်လာရတဲ့ အပြောင်းအလဲတစ်ခုကတော့ လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အိန္ဒိယမြို့ကြီးတွေရဲ့ကောင်းကင်ဟာ အပြာရောင်သန်းတဲ့ ကောင်းကင်အဖြစ် ပြန်ပြောင်းလာခဲ့ပြီး ပတ်ဝန်းကျင် လေထုဟာလည်းပြန်ပြီး သန့်ရှင်းလတ်ဆတ်လာခဲ့ခြင်းပါပဲ။
အံ့အားသင့်
နိစ္စဓူဝရှင်သန်လှုပ်ရှားနေထိုင်လာတဲ့ မှတ်တမ်းတစ်လျှောက်မှာ ဒီလောက်အနေအထားမျိုးအထိ လေထုညစ်ညမ်းမှု လျော့ကျသွားတာကို တစ်ခါမျှမတွေ့ မမြင်ခဲ့ရဖူးတဲ့အတွက် အိန္ဒိယပြည်သူတွေ အံ့အားသင့်ခဲ့ကြရပါတယ်။ လူတွေက အစက်အပြောက် အစွန်းအထင်းမရှိလောက်အောင် ကြည်လင်နေတဲ့ကောင်းကင်ကို မှတ်တမ်းရိုက်ကူးထားတဲ့ ပုံရိပ်တွေ လူမှုကွန်ရက်မှာ မျှဝေခဲ့ကြပါတယ်။ မြို့ကြီးတွေကနေ လှမ်းမြင်နေရတဲ့ ဟိမဝန္တာတောင်ထိပ်ဟာဆိုရင်လည်း ဆယ်စုနှစ်တွေကြာအောင် မြူတွေပိတ်ဖုံးလာခဲ့ရာကနေ အခုတော့ ကြည်ကြည်လင်လင်မြင်တွေ့နေရပါပြီ။
အောင်ပွဲခံ
ကမ္ဘာ့အဆိုးရွားဆုံး လေထုညစ်ညမ်းမှု အခြေအနေအချို့ကို ပုံမှန်မှတ်တမ်းယူနေတဲ့ နယူးဒေလီမြို့ ဒေသခံတစ်ဦးဖြစ်သူ လူမှုအသိပေးအဖွဲ့တစ်ဖွဲ့က မြို့တော်ရဲ့သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေကို အောင်ပွဲခံတဲ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ဆာရှီသာရာက ပြာလွင်နေတဲ့ ကောင်းကင်မြင်ကွင်းနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှူရှိုက်နေရတဲ့ ပျော်ရွှင်မှုကနောက်ထပ်ကျန်ရှိတဲ့ အချိန်တွေမှာ ကျွန်ုပ်တို့ဘာလုပ်လိုက်တယ်ဆိုတာကို ဖော်ပြလိုက်တဲ့ နှိုင်းယှဉ်ချက်တစ်ခုပဲလို့ ရေးသားခဲ့ပါတယ်။
ဆိုးဆိုးရွားရွား လေထုညစ်ညမ်းခဲ့
လွန်ခဲ့တဲ့ခြောက်လ အကြာလောက်က နယူးဒေလီမြို့ကြီးဟာ သက်ပြင်းတွေချနေခဲ့ရပါတယ်။ လေထု ညစ်ညမ်းမှုဟာ မခံမရပ်နိုင်တော့လောက်တဲ့ အဆင့်အထိရောက်နေပြီလို့ အာဏာပိုင်တွေက ပြောခဲ့ကြတယ်။ ကျောင်းတွေကို ပိတ်ထား ခဲ့ရပြီး လေကြောင်းခရီးစဉ်တွေကို ရပ်နားခဲ့ရတယ်။ ပြည်သူတွေကိုလည်း ညစ်ညမ်းတဲ့လေထုကနေ ကာကွယ်ဖို့၊ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ တိုက်တွန်းခဲ့ရသလို ညစ်ညမ်းမှုဖြစ်ပေါ်နေတဲ့ နေရာတွေမသွားဖို့၊ နေအိမ် တံခါးပေါက်နဲ့ ပြတင်းပေါက်တွေ ပိတ်ထားကြဖို့ ညွှန်ကြားခဲ့ရပါတယ်။
ပြည်သူတစ်သန်းကျော်သေဆုံးရ
ကမ္ဘာ့အဆိုးဆုံး လေထုညစ်ညမ်းမှုဖြစ်ပွားနေတဲ့ နေရာပေါင်း ၂၀ စာရင်းမှာ နယူးဒေလီနဲ့ တခြားအိန္ဒိယမြို့ကြီး ၁၃ ခု ပါဝင်နေပါတယ်။ ပိုဆိုးတာက လေထုညစ်ညမ်းမှုနဲ့ဆက်နွယ်တဲ့ ရောဂါဖြစ်ပွားမှုတွေကြောင့် နှစ်စဉ်နှစ်တိုင်း အိန္ဒိယပြည်သူ တစ်သန်းကျော်လောက် သေဆုံးနေရပါတယ်။
စက်ရုံကထွက်တဲ့ မီးခိုးတွေ၊ မော်တော်ယာဉ်က ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ၊ စွန့်ပစ်အမှိုက်မီးရှို့ရာက ထွက်လာတဲ့ အန္တရာယ်ရှိ မီးခိုးငွေ့တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ လမ်းမပေါ်က ဖုန်မှုန့်တွေဟာ လေထုညစ်ညမ်းမှုမှာ အဓိကပါဝင်နေတဲ့ ဇာတ်ကောင်တွေပါပဲ။ မြို့ပြမှာ နေထိုင်ကြတဲ့ အိန္ဒိယပြည်သူတွေဟာဆိုရင်ဖြင့် အခုအခါမှာတော့ နေအိမ်ထဲမှာ နေထိုင်ကြရင်းနဲ့ ကောင်းကင်ပြာကို ငေးမောကြည့်ရှုကာ သန့်စင်တဲ့လေကို ရှူရှိုက်ခွင့်ရနေကြပါပြီ။
ပိတ်ဆို့မှုအချိန်ထပ်တိုး
တစ်နိုင်ငံလုံး အသွားအလာကန့်သတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ အချိန်ကာလကို မေလ ၃ ရက်နေ့အထိ အချိန်ထပ်တိုး ထားတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုဗစ်-၁၉ ကြောင့် မဖြစ်မနေလုပ်ဆောင်ခဲ့ရတဲ့ လော့ခ်ဒေါင်းကာလဟာ အိန္ဒိယနိုင်ငံရဲ့ ညစ်ညမ်းနေတဲ့ လေထုကို အံ့မခန်းသန့်စင်သွားစေခဲ့တာကတော့ ဝမ်းမြောက်စရာ ကောင်းလှပါတယ်။
ဒေါက်တာ ဂူတာခန်ဒါနဲ့ ၎င်းရဲ့ သုတေသနအဖွဲ့ဟာ အိန္ဒိယတစ်နိုင်ငံလုံး လေထုအရည်အသွေး စောင့်ကြည့် စစ်ဆေးတဲ့ ဌာနတွေကရတဲ့ အချက်အလက်တွေကို လေ့လာခဲ့ကြပါတယ်။ ၎င်းတို့ဟာ လူပေါင်းသန်း ၂၀ လောက်အထိ နေထိုင်တဲ့ မြို့တော်နယူးဒေလီနဲ့ တခြား ဆင်ခြေဖုံးနေရာတွေကို အဓိကထားလေ့လာခဲ့ကြတာပါ။
အဆနှစ်ဆယ်ကျော်ညစ်ညမ်းခဲ့
ပြီးခဲ့တဲ့နှစ် ဆောင်းရာသီမှာ ဒီနေရာတွေက လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အန္တရာယ် မရှိဘူးလို့ သတ်မှတ်ထားတဲ့ ပမာဏထက် အဆနှစ်ဆယ်ကျော် ညစ်ညမ်းမှုဖြစ်ခဲ့တာပါ။ နယူးဒေလီ ရဲ့ လေထုအတွင်း အန္တရာယ်ရှိတဲ့ PM2.5 အမှုန် ပါဝင်မှုဟာ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးသွေးကြော ဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေကို မြင့်တက်စေခဲ့ပါတယ်။ ဒီအမှုန်တွေဟာ အထူးသဖြင့် မီးလောင်မှု၊ မော်တော်ယာဉ်တွေနဲ့ ဓာတ်အားပေး စက်ရုံတွေကနေ အဓိကထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အသွားအလာကန့်သတ်ပိတ်ဆို့မှုပြုလုပ်ထားတဲ့ အချိန်အတွင်း နယူးဒေလီမြို့မှာ PM2.5 အမှုန်ပါဝင်မှုဟာ ရက်ပေါင်း ၂၀ အတွင်းမှာ တစ်ကျဘစ်မီတာမှာ၂၀ မိုက်ခရိုဂရမ်အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။
မော်တော်ယာဉ် သွားလာမှုလျော့ကျ
၂၀၁၇ နဲ့၂၀၁၉ ခုနှစ်အတွင်း နယူးဒေလီမှာ လစဉ် PM2.5 အမှုန်ပါဝင်နှုန်းဟာ လေးဆမက မြင့်တက်ခဲ့ပါ တယ်။ အသွားအလာကန့်သတ်လိုက်တဲ့ အချိန်အတွင်းမှာ လမ်းတွေပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွေရဲ့ ၉ဝ ရာခိုင်နှုန်း လောက် လျော့ကျသွားပြီး လမ်းတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကထွက်တဲ့ ဖုန်မှုန့်တွေ နည်းပါးသွားတဲ့ အတွက် လေထုညစ်ညမ်းမှု စံချိန်တင်လောက်အောင် ကျဆင်းသွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂင်္ဂါမြစ်ရေဟာဆိုရင်လည်း သန့်ရှင်းလှပနေပြီး တချို့နေရာတွေမှာဆို မြစ်ရေဟာ ကြည်လင်လွန်းလို့ သောက်သုံးလို့ တောင်ရနေပြီလို့ သိရပါတယ်။ မြစ်ရေအတွင်း ကူးခပ်သွားလာနေကြတဲ့ ငါးနဲ့ တခြားရေသတ္တဝါ တွေကိုလည်း မြင်ရပါတယ်။
နည်းပညာမပါတဲ့ အပြောင်းအလဲတစ်ခု
အိန္ဒိယမှာရှိတဲ့ မြစ်တွေတော်တော်များများ ကြည်လင်စွာ စီးဆင်းနေတာ အမှန်ပါပဲ။ အနံ့အသက်ဆိုးတွေလည်း အရင်ကလောက် မရတော့ပါဘူး။ စံချိန်တင်လောက်အောင် ညစ်ညမ်းလာတဲ့ အိန္ဒိယနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ဖြစ်စဉ်အားလုံးဟာ နည်းပညာဆိုင်ရာ အကူအညီတွေ ဘာတစ်ခုမျှမပါဘဲ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုကြောင့် ဖြစ်လာတဲ့ အိန္ဒိယရဲ့ အသွားအလာကန့်သတ်ပိတ်ဆို့မှုဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ်ဖြစ်တည်မှု၊ ညစ်ညမ်းမှုနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး သင်ခန်းစာတွေပေးခဲ့ပါတယ်။ နှစ်တွေကြာအောင် အချိန်ယူပြီး အစီအမံတွေ ချမှတ်လုပ်ဆောင်ခဲ့တာတောင် ဂင်္ဂါမြစ်ကို သန့်စင်သွားအောင် မလုပ်ဆောင်နိုင်ခဲ့တဲ့ အရာတစ်ခုကို ရက်သတ္တပတ်သုံးပတ်အတွင်းမှာ သဘာဝတရားကြီးက အောင်မြင်စွာ လုပ်ပြသွားခဲ့ပါတယ်။
ကိုးကား- ဆိုင်းရင့်စ်ဒေးလီး၊ ဘီဘီစီ


