ထားဝယ် ၃၁ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၊(၁၂)ရပ်ကွက်၊ (ဒေသအခေါ်) အံတောပြင်ရပ်ကွက်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်ခန့် က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် အံတောပြင်ရပ်ကွက် ဦးအေးစိုး ဓနိမိုး၊ ထရံကာ ၊ ကြမ်းခင်း ၊ ခြေတံရှည်အိမ်နေအိမ်၌မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးသန်းထွဋ်ဦး ၊ ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းဦးဆောင်၍ မီးငြိမ်းသတ်ယာဉ်(၁)စီး ၊ ရေသယ်ယာဉ်(၂)စီး ၊ လောင်းလုံးမီးသတ်စခန်းမှရေသယ်ယာဉ် (၁)စီးနှင့်အတူ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ ဇမ္ဗူသီရိလူမှုကူညီရေးအသင်းအဖွဲ့၊ ဒေသခံပြည်သူများဖြင့် ဝိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ရာ ၂ နာရီ ၁၀ မိနစ်အချိန် တွင် မီးငြိှမ်းသတ်နိုင်ခဲ့ပြီး နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုတွင် လျှပ်စစ်မီးဖိုအပူလွန်ကဲရာမှ ဖြစ်ပွားကြောင်းသိရပြီး တဲအိမ်(၈)လုံးမီးလောင်ကာ မီးဘေး ဒုက္ခသည်များကို မေတ္တာလှိုင်းလူမှုကူညီရေးအသင်းရုံးတွင် ဆောင်ရွက်ထားကြောင်းနှင့် မီးစတင်လောင်ကျွမ်း သောနေအိမ်ပိုင်ရှင် ဦးအေးစိုးအား မောင်းမကန် နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက် လျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN



