လွိုင်လင် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အောင်တော်မူတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောက ချမ်းသာစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူပူဇော်ခြင်း (၂)နှစ်ပြည့်အထိမ်း အမှတ်ဖြင့် စေတီတော်အတွင်း၌ ကိန်းဝပ်စံတော်မူသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် ပထမအကြိမ် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းတွင် ကျင်းပသည်။
မသိုးသင်္ကန်းရက်လုပ်ခြင်းဖွင့်ပွဲကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းထွဋ်၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် ဘုရားဒါယကာ အလှူရှင် ဦးတင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားများ၏ အိုးစည်အဖွဲ့များ၊ ကိန္နရီကိန္နရာ၊ တိုးနရားအက အဖွဲ့များက အကအလှများဖြင့်ဖျော်ဖြေ ကပြကြသည်။
ရက်လုပ်ပြီးစီးသည့် မသိုးသင်္ကန်းများကို တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီတွင် စေတီတော်အတွင်း၌ ကိန်းဝပ်စံတော်မူသော ဗုဒ္ဓရုပ်ပွားတော်ကိုးဆူအား ဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး


