ရန်ကုန်  ၁၂  မတ်
        

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၊ ရုံးမှတ်တိုင်အနီး ကျန်စစ်သားလမ်းမကြီးနံဘေးတွင် ကျန်စစ်သားအိမ်ရာ စီမံကိန်းကို အပိုင်း(၂)ပိုင်းခွဲ၍  ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ် ရာဦးစီးဌာနမှ တည်ဆောက်လျက်ရှိရာ တည်ဆောက်မှု(၇၀)ရာခိုင်နှုန်းပြီးစီးသော အပိုင်းမှတိုက်ခန်းများကို တန်ဖိုးသင့်အိမ်ရာအဖြစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 


“တည်ဆောက်မှုပြီးစီးတဲ့ (၇၀)ရာခိုင်နှုန်းထဲက အိမ်ရာတွေကို ရောင်းချပေးနေပါပြီ။ မတ်လ(၁၀) ရက်နေ့က ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ အိမ်ရာဝယ်ယူမယ်ဆိုရင် ပန်းဆိုးတန်း ခုံးကျော်တံတားနားက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှာ လျှောက်ထားနိုင်ပါပြီ။ (၃၀)ရာခိုင်နှုန်း ကြိုသွင်းရတာပါ။ တိုက်ခန်းပုံစံအမျိုးမျိုးရှိတဲ့အတွက် ကျပ်သိန်း(၉၀)ဝန်းကျင်ကနေ သိန်း(၅၀ဝ)ဝန်းကျင် ဈေးနှုန်းရှိပါတယ်။ တိုက်(၄၁)လုံးတည်ဆောက်မှု ပြီးစီးတဲ့အတွက် အပိုင်း(၁)တိုက်ခန်းတွေက အခန်း(၁၉)ခန်းမှာ လူနေထိုင်နေကြပါပြီ” ဟု ကျန်စစ်မင်းအိမ်ရာ ဆောက်လုပ်ရေးတာဝန်ခံ ဦးစည်သူဖြိုးဝေက ပြောသည်။

 

 

Phase(1)နှင့်Phase(2) ကျန်စစ်မင်းတန်ဖိုးသင့်အိမ်ရာကို တည်ဆောက်ခဲ့ရာ Phase(1) တွင် (၄) ခန်းတွဲ(၅)လွှာမှ (၁၂)ခန်းတွဲ(၅)လွှာထိ အခန်းပေါင်း(၃၁၀၄)ခန်းနှင့် Phase(2) တွင် (၁)ခန်း တွဲ(၄)လွှာမှ (၄)ခန်းတွဲ (၅)လွှာထိ အခန်း(၆၆၄)ခန်းကို စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည်။ အိမ်ရာတည်ဆောက်ရေး စီမံကိန်းတွင် အပိုင်း(၁)၊ အပိုင်း(၂)အား ဆောက်လုပ်ရေးဝန်ကြီးဌာန၏  အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ မြို့ပြ၊ ရေ/သန့်၊ လျှပ်စစ်၊ ဗိသုကာ၊ Structural Engineer နှင့် အင်ဂျင်နီယာများ၊ Shwe Latt Pwint Construction& Quality Control Group ၊ Inspection Engieer ၊ UNO Soil Test Co.Ltd နှင့် N.E.P.S Co., Ltd(Drainage System Design Team) တို့က တာဝန်ယူဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အပိုင်း(၁)တွင် တာဝန်ယူတည်ဆောက်သော ကုမ္ပဏီ(၁၁)ခုရှိပြီး တိုက်(၇၃)လုံးနှင့် အပိုင်း(၂)တွင် ကုမ္ပဏီ(၁၈)ခုမှ တိုက်(၆၈)လုံးကို တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သိ ရသည်။

 


လှိုင်သာယာမြို့နယ် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာကိုလည်း ထိုသို့(၃၀) ရာခိုင်နှုန်း သွင်း၍ အရစ်ကျငွေသွင်းသော စနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ပိုင်ရှင်ကိုယ်တိုင် နေထိုင်ခြင်းထက် အခန်းငှားနေထိုင်သူများသောကြောင့် အိမ်ရာတွင် နေထိုင်သူနှင့် အိမ်ငှားနေထိုင်သော လူမှုပြဿနာများအပြင် အိမ်ရာတည်တံ့ကြံ့ခိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေလျက်ရှိရာ တန်ဖိုးသင့်အိမ်ရာများတွင်လည်း အိမ်ခန်းငှားသော စနစ်ကို ဖယ်ရှားနိုင်မှသာ အိမ်ရာတစ်ခု၏ ဂုဏ်အင်္ဂါနှင့်အညီ အမှန်တကယ် နေထိုင်လိုသော ပြည်သူတို့အတွက် အကျိုးရှိစေမည်ဖြစ်သည်။
        

 

ကျန်စစ်မင်းတန်ဘိုးသင့်အိမ်ရာသည် ရန်ကုန်-ညောင်တုန်းကားလမ်းမကြီးနှင့် ကျန်စစ်သား လမ်းမကြီးအနီးတွင် တည်ရှိသောကြောင့် သွားလာရေး အဆင်ပြေသောနေရာ တစ်ခုဖြစ်ပြီး (၇၀) ရာခိုင်နှုန်းတည်ဆောက်ပြီးသော တိုက်ခန်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 


သန်းထိုက်
ဓာတ်ပုံ -သန်းစိုး                

 

ေေ