ရန်ကုန် ၁၁ မတ် 

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စုတွင် မတ် ၉ ရက် ညနေပိုင်းက ဝရိန်တို့စဉ် ဓာတ်ဆီဘူးများပေါ်သို့ မီးပွားများလွင့်စင်ကျရာမှ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှ မီးဘေးသင့်ပြည်သူများအား မတ် ၁၀ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။ 

 

66

 

မီးလောင်မှုကြောင့် အိမ်ထောင်စု (၁၀၆)စုရှိ လူဦးရေ (၄၂၂)ဦးတို့ မီးဘေးသင့်ခဲ့ရပြီး လတ်တလော တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသူ ကျောင်းသား(၁)ဦး၊ ကျောင်းသူ (၅)ဦးရှိကြောင်း၊ ၎င်းတို့အား ညောင်ကျေးရွာအုပ်စုရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယာယီကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့်အတူ ဝန်ထမ်းများက ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး အိမ်ထောင်စု (၁၀၆)စုအား အိမ်ထောင်စု (၁)စုလျှင် အမျိုးအမည် (၁၆)မျိုးပါ ထောက်ပံ့ပစ္စည်း တစ်စုံ၊ အမျိုးအမည် (၆)မျိုးပါ ထောက်ပံ့ပစ္စည်း တစ်စုံနှင့် ဆန်ရိက္ခာတစ်ပတ်စာအတွက် ထောက်ပံ့ငွေကျပ် ၈၈၆၂၀ဝ၊ ရေသန့် (၅ လီတာဘူး) ၂၉ ဘူးပါ ၂၅ ကဒ်၊ ဆီ (၅ ပိဿာ)ပါ (၉)ပုံး၊ အဝတ်အထည် (၄၀)ထုပ်တို့ကို အိမ်ထောင်စုအလိုက် မျှဝေပေးအပ်ခဲ့သည်။ ထို့ပြင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသော ကျောင်းသား ကျောင်းသူ(၆)ဦး အတွက်လည်း ပညာသင်ထောက်ပံ့ငွေကျပ် သုံးသိန်းအား ခွဲဝေထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး