ဘေရွတ် ၃၀  အောက်တိုဘာ

လက်ဘနွန်နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီးနောက်တွင် လက်ဘနွန်ဝန်ကြီးချုပ် ဆက်ဒ်ဟာရီရီ သည် ရာထူးမှ နုတ်ထွက်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ကြေညာလိုက်သည်။

လက်ဘနွန်နိုင်ငံတစ်ဝန်း အကျင့်ပျက် ခြစားမှုနှင့် ဂိုဏ်းဂဏစွဲဝါဒီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ထွက်လာခဲ့သည်မှာ ရက်သတ္တနှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ လက်ဘနွန် အစိုးရ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့၏နုတ်ထွက်စာကို အောက်တိုဘာ ၂၉ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဟာရီရီက ရုပ်မြင်သံကြားမှ တစ်ဆင့် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ပေါ်ထွက်လာပြီးနောက် ဆန္ဒပြပြည်သူ အမြောက်အမြားသည် ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြသည်။ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အရေးတကြီး လိုအပ်လာသည့်အတွက် အစိုးရအဖွဲ့၏ နုတ်ထွက်စာကို သမ္မတ နန်းတော်ဆီသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဟာရီရီက ပြောသည်။

ဆွန်နီအစ္စလာမ်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်နေထိုင်ရာ မြောက်ပိုင်းထရီပိုလီ၌သာမက တောင်ပိုင်း ဆီဒန်မြို့၌လည်း လူရာနှင့်ချီ စုဝေးခဲ့ကြသည်။

ထရီပိုလီ၌ လူအုပ်ကြီးသည် အယ်လ်နော် ရင်ပြင်၌ လက်ဘနွန် အလံများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြသည်။

အသက် ၃၅နှစ်ရှိပြီဖြစ်သည့် ဆန္ဒပြ အမျိုးသမီး တီမာဆာမီရာက ဝန်ကြီးချုပ်၏ နုတ်ထွက်မှုကို ကြိုဆိုသော်လည်း ထိုမျှဖြင့် မလုံလောက်ကြောင်း၊ ၎င်းတို့က နိုင်ငံရေး စနစ်ကြီးတစ်ခုလုံး ပြောင်းလဲပစ်ရန် လိုလားကြောင်း ပြောကြားခဲ့သည်။

အေအက်ဖ်ပီ