လှည်းကူး ၁၉ ဖေဖော်ဝါရီ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း ဆောင်ရွက်သည့် ရန်ကုန်မြို့ပြင်ပတ်လမ်း (အရှေ့ဘက်ခြမ်း) တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်းအဆင့်) ပြည်သူလူထုနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဦးစီးဌာန (လမ်းဦးစီးဌာန) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်မှ " ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်စေရန် သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အရေးကြီးကြောင်း၊ လမ်းဦးစီးဌာနအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရပြီး အခြေခံအဆောက်အဦးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အရင်ဆောင်ရွက်ရကြောင်း၊ ရန်ကုန်မြို့မှ ဒေသတွင်းနှင့် ပြင်ပသွားလာရေး အဆင်ပြေစေရန် Yangon Outer Ring Road (YORR) အား ဒီဇိုင်းဆွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း အမှတ်(၃)လမ်းဆုံမှ လှည်းကူးမြို့နယ်၊ ပဲခူးမြစ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ကျောက်တန်းမြို့နယ်၊ သန်လျင်မြို့နယ် နှင့် သီလဝါ ဆိပ်ကမ်းအထိဆောင်ရွက်မည့် လမ်းလုပ်ငန်းဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့အပြင် E-Guard Enuironmental Services မှ ဒါရိုက်တာဦးစိုးမင်းက " ယခု စီမံကိန်းနှင့်ပတ်သက်ပြီး ပဏာမ စူးစမ်းမှုပြုလုပ်သည့် အဆင့်သာရှိပြီး လေ့လာမှု ပြုလုပ်နေကြောင်း၊ အားနည်းချက်/ အားသာချက်များကို စူးစမ်းလေ့လာပြီး JICA နှင့်အစိုးရမှ ဆုံးဖြတ် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး JICA မှ နည်းပညာ အကူအညီပေးပြီး အစိုးရမှ ကုန်ကျငွေအား စိုက်ထုတ်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းလမ်း၏အရှည်၊ အကျယ်၊ အမျိုးအစားမှာ အမြန်လမ်းဖြစ်ပြီး တစ်နာရီ ၁၀ဝ ကီလိုမီတာ မောင်းလို့ရမည်ဖြစ်ပြီး ထူးခြားချက်မှာ ဘယ်/ညာသုံးလမ်းအပြင် အပြင်ဘက်လမ်း ပါဝင်ကြောင်း၊ မျက်နှာစာတမ်းတွင် ကျေးရွာဒေသနေသူများ သွားလာရေး လွယ်ကူစေရန် Design ရေးဆွဲထားကြောင်း " စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒါရိုက်တာဦးစိုးမင်းမှ " စံမံကိန်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုကို လေ့လာဆန်းစစ်ပြီး ဆောင်ရွက်ရကြောင်း၊ ပတ်ဝန်းကျင် ပညာရှင်များကလည်း လေ့လာဆန်းစစ်ပြီး တွေ့ရှိမှု အစီရင်ခံစာအား တင်ပြရကြောင်း၊ ဒေသခံမှ ပိုမိုသိရှိနားလည်၍ ယခုစီမံကိန်းကို ဆောင်ရွက်မည်ဆိုပါက မည်ကဲ့သို့ အခက်အခဲများ ရှိလာနိုင်ကြောင်း" စသည်ဖြင့် စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ဒေါက်တာဖြိုးနိုင်ဇေမှ " စီမံကိန်းနှင့်ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှုလျော်ကြေးကို အစိုးရအနေဖြင့် ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေလမ်းညွှန်ချက်များနှင့်အညီ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ လမ်းအူကြောင်းအား ရွေးချယ်ရာ၌ ထိခိုက်မှုအနည်းဆုံး နေရာအား အဓိကထား ရွေးချယ်ရကြောင်း၊ လမ်းအူကြောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ အစီရင်ခံစာ ရေးဆွဲကာ ရှင်းလင်းတင်ပြရကြောင်း၊ ပြောင်းရွှေ့ပေးရမည့်လူများ၏ လူနေမှုဘဝကို သိသိသာသာ ပြောင်းလဲအောင် လုပ်ဆောင်ပေးရကြောင်း၊ ၎င်းတို့အတွက် ပြန်လည်နေရာချထားရေး အစီအစဉ်အား ပညာရှင်များနှင့်ဆွေးနွေး တိုင်ပင်ကာ ရေးဆွဲ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း "စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


