နေပြည်တော် ၁၄ မတ်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း (၃/၂၀၁၉)အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ ကျင်းပသည်။
အခမ်းအနား၌ မြင်းခြံဒေသ၊ အမှတ်(၁) သံမဏိစက်ရုံအနီး၌ IPP/BOT စနစ်ဖြင့် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းပြီးစီးမှု အခြေအနေ၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအပါအဝင် ကျေးရွာ(၁၇)ရွာအား နိုင်ငံတော် ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် မအူပင်(တောင်)တွင်း အမှတ်(၂၂)၏ တွင်းတူးဖော်မှုအခြေအနေ၊ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(သန်လျင်)တွင် ရေနံဓာတ်ငွေ့ရည် သယ်ဆောင်သည့် မော်တော်ယာဉ်အမျိုးမျိုး မောင်းနှင်သည့် ယာဉ်မောင်းများနှင့် တွဲဘက်ယာဉ်မောင်းများအား ရေနံဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့မှု အခြေအနေ၊ စက်သုံးဆီလုပ်ငန်း လုပ်ကိုင်ကြသူများအား မီးဘေးအန္တရာယ်နှင့် မတော်တဆမှုများမဖြစ် ပေါ်စေရေး သတ်မှတ်စည်းကမ်းများအတိုင်း အထူးဂရုပြုလိုက်နာဆောင်ရွက်ကြပါရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသုံးစွဲသူ ပြည်သူများသို့ Online မှတဆင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဌာနပိုင် webpage တွင် လွှင့်တင်ထားရှိမှုနှင့် အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်တွင် မိုဘိုင်းဖုန်းမှတဆင့် မိမိအိမ်သုံးမီတာယူနစ်စနစ် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ တောင်ဥက္ကလာပမြို့နယ်နှင့် လမ်းမတော်မြို့နယ် ဆေးရုံကြီးများအုပ်စုရှိ ဓာတ်အားခွဲရုံများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ရှိ စက်မှုဇုန်အား လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးနိုင်မှု အခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ် တောင့်တင်းခိုင်မာစေရန်၊ ဓာတ်အားစနစ်ကြံ့ခိုင်မှုရှိပြီး ဗို့အားပြည့်မီစွာ ဖြန့်ဖြူးပေးနိုင်ရန်၊ System Breakdown များ မဖြစ်ပေါ်စေရန်နှင့် ဓာတ်အားမရရှိသေးသော ဒေသများသို့ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်၍ ၆၆/၂၃၀/၅၀ဝ ကေဗွီဓာတ်အားလိုင်းများအား တည်ဆောက်နေမှုနှင့် ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


