ရန်ကုန် ၁၈ မတ်

 

ဒေသခံပြည်သူတို့၏ လူနေမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဈေးကွက်ဝင် ဝါးပရိဘောဂထုတ်လုပ်ခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုမှ ပြည်သူတို့အား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ဒေသခံပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုအနေဖြင့် ကျွမ်းကျင်တတ်မြောက်ပြီး လူမှုဘဝများ တိုးတက်လာစေရန်၊ သစ်မဟုတ်သောဝါး ကုန်ကြမ်းမှ လက်မှုပစ္စည်းနှင့် ပရိဘောဂများ ထုတ်လုပ်နိုင်စေရန်၊ သစ်တောခုတ်ယူသုံးစွဲမှု လျော့နည်းခြင်းဖြင့် သစ်တောများ ရေရှည်တည်တံ့ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်ကို တစ်ဖက်တစ်လမ်းမှအေ ထာက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 


အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် အာရှ ဒေသသစ်တော ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (AFOCO) ၏ အဖွဲ့ဝင်နိုင်ငံများအတွက် သင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့် သုတသနလုပ်ငန်းများဆောင်ရွက်ခြင်း စသည့် လုူ့စွမ်းအားအရင်းအမြစ် မြှင့်တင်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဈေး ကွက်ဝင် ဝါးပရိဘောဂပြုလုပ်ခြင်း သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

 


ဈေးကွက်ဝင် ဝါးပရိဘောဂ သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ဝါးပရိဘောဂလုပ်ငန်း စိတ်ဝင်စားသူ ပြည်သူ(၃၁)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (၅)ရက်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ -သန်းစိုး