mdn


 

ဆောင်းပါး - နန္ဒာဝင်း၊ ဓာတ်ပုံ - တာရာ

 

ပြည်သူက တစ်ခဲနက် ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ လေးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လေးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံး ကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

 

ကန္ဒရဝတီ ငွေတောင်ပြည်ဟု ကြားသိလိုက်သည်နှင့် သဘာဝ၏အလှတရားများနှင့် ဝန်းရံထားသည့် ကယားပြည်နယ်အား ညွှန်းဆိုသည်ကို လူတိုင်းသိရှိ ခံစားနိုင်သည်။ ကယားပြည်နယ်သည် ရှေးအစဉ်အဆက် ရာဇဝင်ဒဏ္ဍာရီလာ သုဓနုမင်းသားနှင့် ဒွေးမယ်နော်တို့ ပျော်စံရာ ငွေတောင်ပြည်ဟု ထင်ရှား၍ မြန်မာဘုရင်များလက်ထက်တွင် ကန္ဒရဝတီဟုလည်း ခေါ်ဆိုခဲ့ကြသည်။

 

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး နိုင်ငံ၏ ပြည်နယ် ခုနစ်ခုအနက် အသေးငယ်ဆုံး ပြည်နယ်လည်းဖြစ်သည်။ ဧရိယာ ၄၅၂၉ ဒသမ ၅၆ စတုရန်းမိုင် သို့မဟုတ် တောင်မြောက် အလျား ၁၀၂ မိုင်ခန့်နှင့် အရှေ့အနောက် မိုင် ၇၀ ခန့်ကျယ်ဝန်း၍ လွိုင်ကော်နှင့် ဘောလခဲ ဟူ၍ ခရိုင် နှစ်ခုရှိပြီး မြို့နယ် ခုနစ်မြို့နယ်နှင့် မြို့ သုံးမြို့တို့ဖြင့် ဖွဲ့စည်းထားသည်။

 

လွိုင်ကော်မြို့ပေါ်ရှိ သာယာလှပသော မြင်ကွင်းများနှင့် တောင်ကွဲစေတီ၊ မြကလပ်၊ ရွှေလက်ဝါး၊ တောင်ပေါ်ဘုရားများကို ကျောက်တောင်များပေါ်တွင် သပ္ပာယ်စွာ ဖူးမြော်မြင်တွေ့ရသည်။

 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၈၆၆၂၇ ဦးရှိပြီး ကယား၊ ကယန်း(ပဒေါင်)၊ ယင်းဘော်၊ ဂေခို၊ လထာ(ဇယိမ်း)၊ ကယော၊ ယင်းတလဲနှင့် ကော်လော်မိုနု (မနုမနော)၊ ဂေဘာစသည့် ကယားမျိုးနွယ်စု ကိုးမျိုးနှင့် အတူ ဗမာ၊ ကရင်၊ ရှမ်း၊ ပအိုဝ်းနှင့် အင်းသား စသည့် တိုင်းရင်းသားလူမျိုးများ ရင်းနှီးချစ်ကြည်စွာ အတူတကွနေထိုင်လျက်ရှိသည်။

 

mdn

 

အရှိန်အဟုန်မြှင့် ခရီးသွားလုပ်ငန်း

 

ကယားပြည်နယ် အစိုးရအဖွဲ့သည်လေးနှစ်တာ ကာလအတွင်း ခရီးသွားကဏ္ဍကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ပြည်နယ်အရှေ့ဘက်ရှိ နယ်နိမိတ်ချင်းထိစပ် နေသော ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ခဲ့ပြီး နယ်စပ်ဂိတ်စခန်း (Border Point) Bp 13/14 များအထိ လမ်းပန်း ဆက်သွယ်ရေးကလည်း ကောင်းမွန်လာခဲ့သည်။

 

ပြည်နယ်၏ အသက်သွေးကြောသဖွယ် ဖြစ်သော လွိုင်ကော်-မယ်စဲလမ်းသည် ထိုင်းနယ်စပ်တိုင်အောင် တိုးလျှိုပေါက် ကတ္တရာလမ်းမကြီးအဖြစ် ဆောင်ရွက်နိုင်ခဲ့ ရာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ လာမှုနှင့်အတူ ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများလည်း တိုးတက်မြင့်မားလာခဲ့သည်။

 

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တို့ကို ညီအစ်မမြို့တော်အဖြစ် အသိအမှတ်ပြုပြီး MoU လက်မှတ်ထိုးကာ ခရီးသွားကဏ္ဍကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားများ ပိုမိုများပြားစွာ ဝင်ရောက်လာခဲ့သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာ မှုနှင့်အတူ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

 

ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် ညောင်ရွှေအင်းလေးဒေသ နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ညောင်ရွှေ-တုံဟုံး-စံကား-လွိုင်ကော်လမ်း ပိုင်းကို ပြင်ဆင်ဆောင်ရွက်နိုင်ရေး နိုင်ငံတော်အကြီးအကဲများထံ တင်ပြဆောင်ရွက်ပေးခဲ့သည်။ အဆိုပါလမ်းပိုင်း ကောင်းမွန်ပါက ရှမ်းပြည်နယ် ညောင်ရွှေ-အင်းလေး ဒေသမှ ကယားပြည်နယ်သို့ လာရောက်မည့် ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေလွယ်ကူသွားမည် ဖြစ်သည်။

 

နယ်စပ်ကုန်သွယ်ရေး

 

မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်စုံမြို့ နယ်စပ် ကုန်သွယ်ရေးစခန်းကို ၂၀၁၄ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်နိုင်ခဲ့သဖြင့် ကူးသန်းရောင်းဝယ်မှုများ တိုးတက်လာပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၇၁ သန်း အထိ ဆောင်ရွက်နိုင်ခဲ့သည်။ ။

 

ထိုင်းနိုင်ငံဘက်သို့ လယ်ယာထွက်သီးနှံ များဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်းနှင့် အာလူးတို့ကို အများဆုံးတင်ပို့ခဲ့ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ဖျော်ရည်၊ ကော်ဖီမစ်၊ အချိုမှုန့်နှင့် ဘိလပ်မြေ တို့ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

မယ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဒေသခံပြည်သူများ လွတ်လပ်စွာကုန်သွယ်ခွင့် ရရှိစေရန်နှင့် ကုမ္ပဏီ တည်ထောင်နိုင်ခြင်းမရှိသည့် ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC) ကို နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မယ်နဲ့နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ မြို့များသို့ အချိန်တိုအတွင်း ကုန်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

 

မယ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း၌ တရားမဝင်ကုန်သွယ်မှုများ ထိန်းချုပ်နိုင်ရေး၊ နိုင်ငံတော်နှင့် ပြည်နယ် ဝင်ငွေရရှိရန် တရားဝင် ကုန်သွယ်မှုဆောင်ရွက်နေသည့် ကုန်စည်များအပေါ် အခွန်ကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိရာ အခွန်အရပ်ရပ် ကောက်ခံရရှိမှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၂၈ ဒသမ ဝ၆၅ သန်း ရရှိခဲ့သည်။ ကယားပြည်နယ်၏ အလားအလာကောင်းသည့် ထွက်ကုန်များကို ကမ္ဘာကသိရှိနိုင်ရန် ကုန်စည်ပြပွဲများ၊ ဈေးကွက်နှင့် အရောင်းမြှင့်တင်ခြင်း၊ အရောင်းအဝယ် စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ပေးမည့် ကန္ဒရဝတီကုန်သွယ်မှု ဗဟိုဌာနကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၆ ရက်တွင် လွိုင်ကော်မြို့ နောင်ယား (က) ရပ်ကွက် ကန္ဒရဝတီလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ခဲ့သည်။

 

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း

 

ရိုးရာဓလေ့အစဉ်အလာများ၊ တောတောင်ရေမြေ သဘာဝအလှအပ များစွာပိုင်ဆိုင်ထားသော ကယားပြည်နယ်သည် မီးခိုးမထွက်သည့် စက်ရုံဟု တင်စားခေါ်ဝေါ်ကြသည့် ခရီးသွားလုပ်ငန်း ဖြစ်ထွန်းအောင်မြင်နိုင်သည့် အခြေခံ ကောင်းများစွာကို ပိုင်ဆိုင်ထားသည်။

 

ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင်နေသည့် တောင်ကွဲစေတီ၊ ငွေတောင်ဆည်၊ ကန်ခုနစ်ဆင့်၊ ထီးပွင့်ကန်၊ ကြတ်ဂူ၊ ထီးစဲခါးရေတံခွန်နှင့် ကျိုင်ငံရေထွက်ပေါက်တို့ရှိသည့်အပြင် ဖရူဆိုမြို့နယ်တွင် ထီးပရူးနူ သဘာဝလိုဏ်ဂူနှင့် ဆင်ဖြူတောင် သဘာဝ အလှများ၊ ဘောလခဲမြို့နယ်တွင် ရေနီပေါက်ဂူ၊ ဖားဆောင်းမြို့နယ်တွင် တနန်းလော့လိုဏ်ဂူ နှင့် ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖတောင်တက် ခရီးစဉ်များကို ခရီးစဉ်အသစ်များအဖြစ် ထပ်မံ ဖော်ထုတ်ထားသည်။

 

ထို့ပြင် လွိုင်ကော်မြို့၏ အလှအပများကို ခံစားကြည့်ရှုနိုင်ရန် ဘီလူးချောင်းအတွင်း အပျော်စီး စက်လှေများ ပြေးဆွဲခြင်း၊ ထူးချောင်းနှင့် ပွန်ချောင်းဆုံရာတွင် ကနူးကယက်လှေ စီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသကဲ့သို့ လွိုင်ကော် - မိုးဗြဲရေတံခါး - ဖယ်ခုံ - အင်းလေး ရေလမ်းကြောင်း ခရီးစဉ်အသစ်တစ်ခုကို ထပ်မံ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဆောင်းရာသီတွင် လွိုင်ကော်မြို့၏ သာယာလှပသောမြင်ကွင်းများကို ခံစားနိုင်ရန် မီးပုံးပျံစီးနင်းသည့် ခရီးသွားဆွဲဆောင်မှု လုပ်ငန်းတစ်ခုကို ဆောင်ရွက်လျက်ရှိသကဲ့သို့ လွိုင်ကော်-မိုးဗြဲ - ဖယ်ခုံ RGC တွဲဖြင့် မီးရထားခရီးစဉ်သစ် ဖြစ်ပေါ်လာရေးကို စီစဉ် ဆောင်ရွက်လျက်ရှိသည်။

 

ပြည်နယ်၏ လူထုအခြေပြု ခရီးသွား လုပ်ငန်းတစ်ခုအနေဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုစသည့် မြို့ပေါ်များသာမက ကျေးရွာ များအထိပါ လေ့လာ လည်ပတ်နိုင်ရန်အတွက် ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာ၊ တနီးလာလဲကျေးရွာများနှင့် လွိုင်လင်မြို့မှ BP-13 နယ်စပ်ဝင်ပေါက်သို့သွားရာ လမ်းတစ်လျှောက် မြို့များကို ကန့်သတ်နယ်မြေအဖြစ်မှ ကင်းလွတ်ခွင့်ရရှိရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှစ၍ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ဖရူဆိုမြို့နယ်ရှိ ထေခိုကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမကြီး ကျေးရွာများကို လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော်လျက်ရှိသည်။ ကယားပြည်နယ်ရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော ကျေးရွာများကို ဗီဒီယိုမှတ်တမ်း ရိုက်ကူး၍ ITB- Berlin ခရီးသွားပြပွဲတွင် ပြသခဲ့ရာ ၂၀၁၆ Diamond Award ဆုနှင့် ၂၀၁၇ ခုနှစ်တွင် ASEAN Community Based Tourism Award ထပ်မံရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကယားပြည်နယ်လွိုင်ကော်မြို့မှ ASEAN clean Tourist City Award ကို ရရှိခဲ့သည်။

 

ချယ်ရီပန်းပွင့်ချိန်တွင် ဂျပန်ခရီးသွား ဧည့်သည်များ ကယားပြည်နယ်သို့ လာရောက် လည်ပတ်ရန် ရည်ရွယ်လျက် မြန်မာ-ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ်မြောက် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်း စိုက်ပျိုးပွဲတော်ကို လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပခဲ့သည်။

 

ထိုသို့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းခရီးသွား ဧည့်သည် ၇၅၂၈၆ ဦးနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၂၉၇၃ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။ နိုင်ငံခြားသား ဝင်ရောက်လည်ပတ်ခဲ့မှုကို၂၀၁၆ ခုနှစ်အတွင်း ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ၁၀၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်တွင်းခရီးသွားအနေဖြင့် ၃၄၃ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့သည်။ ။

 

ပြည်နယ်၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ဟိုတယ်/ မိုတယ်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များအတွက် ဟိုတယ်ဆိုင်ရာ သင်တန်းများကို ငါးကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ရာ လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်နိုင်ခဲ့သည့်အပြင် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခဲ့သည်။ လက်ရှိအချိန်တွင် ဂျပန်အခြေခံစကား ပြောသင်တန်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်မှ ဧပြီ ၁ဝ ရက်အထိ သုံးလ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

 

လမ်းပန်းဆက်သွယ်ရေး

 

ပြည်သူ့အစိုးရသည် ပြည်သူဗဟိုပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ရာ ပြည်သူ့အစိုးရ တာဝန်ယူချိန်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ ပြည်နယ်အတွင်းရှိ စုစုပေါင်း လမ်းမိုင် ၅၅၁ မိုင် ၄ ဒသမ ၄ ဖာလုံကို ၁၀၀ ရာခိုင်နှုန်းအပြည့် ကတ္တရာလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်။

 

ထို့အတူ ပြည်နယ်အတွင်းရှိ တံတားအားလုံး အခိုင်အမာ သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးထားရာ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ သိသိသာသာ တိုးတက်လာခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကတ္တရာကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ အမာခံလမ်း၊ မြေလမ်းနှင့် Box Culvertops များ၊ ကွန်ကရစ်၊ သံပေါင် နှင့် ရေကျော်တံတား အစင်းပေါင်း ၁၄၄၉ စင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

 

ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ကွန်ကရစ် (AC)၊ ကတ္တရာ၊ ကတ္တရာထပ်ပိုးလွှာ၊ ကျောက်လမ်း နှင့် မြေလမ်း စုစုပေါင်း မိုင် ၅၀ / ၁ ဒသမ ၂၅ ဖာလုံကို လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ လမ်း/တံတား လုပ်ငန်းများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေမှငွေကျပ် ၁၂၂ ဒသမ ၄၅ သန်းနှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၄၉၉၆ ဒသမ၂၀ သန်းတို့ကို သုံးစွဲခဲ့ပြီး ကွန်ကရစ် တံတား ၁၈ စင်း၊ ကြိုးတံတားဘေလီ တစ်စင်း၊ Box Culvert ၄၇ စင်းနှင့် အခြား တံတား ၂၉ စင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

လျှပ်စစ်ကဏ္ဍ

 

ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် ဘီလူးချောင်း အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၃) စက်ရုံများဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၂၄၈ မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိသည်။ ဘီလူးချောင်း အမှတ် (၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပမာဏ တစ်နှစ်လျှင် ယူနစ်သန်း ၂၀၀ ထွက်ရှိပြီး ဓာတ်အားလိုင်းများမှာ ၁၃၂ ကေဗွီလိုင်းနှင့် ၁၁ ကေဗွီလိုင်းတို့ဖြစ်သည်။ ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သော မထောခူ အထက်ရွာ နှင့် အောက်ရွာ၊ မိုက်ကန်းနှင့် ကိုးမိုင်သို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။

 

ထို့အတူ ဘီလူးချောင်း အမှတ် (၂) ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပမာဏ တစ်နှစ်လျှင် ယူနစ်သန်း ၁၁၉၀ ထွက်ရှိပြီး ဓာတ်အားလိုင်းများမှာ ၁၃၂ ကေဗွီ ရွှေမြို့လိုင်း၊ တောင်ပိုင်းလိုင်း၊ မြောက်ပိုင်းလိုင်း၊ ၃၃ ကေဗွီ မိုးဗြဲလိုင်းနှင့် ၁၁ ကေဗွီ နှစ်လိုင်းတို့ ဖြစ်သည်။ ။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဓာတ်အားထုတ်လုပ်ရန် လျာထားချက်မှာ ယူနစ်သန်း ၁၀၈၉ ဒသမ ၇၂ သန်းဖြစ်ပြီး ဇန်နဝါရီလကုန်ထိ ၃၄၆ ဒသမ ၇၇ ယူနစ်သန်း ထုတ်လုပ်ပြီးဖြစ်သည်။ ဘီလူးချောင်း အမှတ် (၂) စက်ရုံ၏ ၁၁ ကေဗွီ ဓာတ်အားလိုင်းများမှ အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သော လောပိတကျေးရွာနှင့် လောဓလေးကျေးရွာ၊ ဘလခ - ၃ စက်ရုံ ဝန်ထမ်းအိမ်ရာများသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး ကျေးရွာပေါင်း ၄၀၅ ရွာနှင့် အိမ်ထောင်စု ၅၈၄၉၉ စုအထိ တိုးတက်လာနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၃၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်မည်ဖြစ်သည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး

 

ကျေးလက်ဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်များဖြစ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ လေးနှစ်တာကာလအတွင်း စီမံကိန်းလုပ်ငန်းများကို ကျေးရွာပေါင်း ၄၆၂ ရွာတွင် လမ်းလုပ်ငန်း ၂၃၁ ခု၊ တံတား ၂၉ စင်း၊ ရေရရှိရေးလုပ်ငန်း ၂၁၄ ခု၊ အဆောက်အဦ ၃၉၀၊ ခြံစည်းရိုး ၁၀၀၊ အိမ်သာ ၃၉ လုံးနှင့် အခြားလုပ်ငန်း ခြောက်ခုတို့အတွက် ငွေကျပ် ၉၃၄၈ ဒသမ ၄၈ သန်း အကုန်အကျခံသုံးစွဲခဲ့သည်။

 

လေးနှစ်တာကာလအတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အမျိုးအစား ၅၃ မျိုးကို သင်တန်း ၃၀၃ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ ၇၀၁၆ ဦး ကို သင်ကြားပေးနိုင်ခဲ့သည်။ ။

 

မြစိမ်းရောင် ကျေးရွာစီမံကိန်းအနေဖြင့် မြို့နယ်ခုနစ်မြို့နယ်နှင့် ကျေးရွာ ၆၉ ရွာရှိ အိမ်ခြေ ၇၇၀၁ အိမ်တို့အတွက် ငွေကျပ်သန်း ပေါင်း ၁၅၀၀ မတည်ငွေအဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်း ဆောင်ရွက်မှုမှာ မြို့နယ် သုံးမြို့နယ်နှင့် ကျေးရွာ ၁၂ ရွာ၌ လုပ်ငန်း ၁၂ ခုအတွက် ငွေကျပ် ၁၃၄ ဒသမ၄၇ သန်း သုံးစွဲဆောင်ရွက်ခဲ့သည်။

 

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

 

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဖွဲ့စည်းကာ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။ ။

 

၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလေးခုရှိပြီး ယခုအချိန်တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် နယ်သာလန်နိုင်ငံ မျိုးရင်းဝက် မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခု၊ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် လုပ်ငန်း ၁၄ ခု၊ ကလေးကစားကွင်း နှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု၊ သဘာဝအခြေခံ ဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း တစ်ခု၊ ခဲမဖြူ၊ ၊ အဖြိုက်နက်နှင့် ရောရာသတ္တုများကို သန့်စင်၍ စက်မှုကုန်ချောအဆင့် ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း ၁၈ ခု အထိ တိုးတက်လာခဲ့သည်။

 

ယခုအစိုးရလက်ထက်တွင် ကယားပြည်နယ်အတွင်းသို့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၁၈၁၉၄၃ သန်းနှင့် မြန်မာကျပ်ငွေ သန်း ၂၄၅၀၀ အထိ ရှိလာပြီး အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ပြည်တွင်းဝန်ထမ်း ၁၄၁၉ ဦးနှင့်ပြည်ပဝန်ထမ်း ၃၄ ဦးကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့သည်။ ယခင်က ကုမ္ပဏီပေါင်း ၉၅ ခုသာ ရှိခဲ့သော်လည်း လေးနှစ်တာကာလအတွင်း ကုမ္ပဏီပေါင်း ၂၅၄ ခုထိ တိုးတက်များပြားလာခဲ့သည်။

 

စိုက်ပျိုးရေးကဏ္ဍ

 

ကယားပြည်နယ်အနေဖြင့် အဓိကသီးနှံ ၁၀ မျိုးဖြစ်သော စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မတ်ပဲ၊ ကြံနှင့် ဝါတို့ကို စိုက်ပျိုးကြသည်။ ၂၀၁၉ ခုနှစ်တွင် စုစုပေါင်းလျာထား စိုက်ဧကမှာ ၁၉၉၇၃၈ ဧကအနက် ဧက ၁၉၅၆၇၀ စိုက်ပျိုးနိုင်ခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၉၆ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့သည်။ ။

 

ကယားပြည်နယ်အတွင်း တောင်သူများမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) ကို အခြေခံသည့် သီးနှံများ စိုက်ပျိုးပြီး ဘေးအန္တရာယ် ကင်းရှင်းသော စိုက်ပျိုးရေး ထွက်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်မည်ဖြစ်ရာ နှမ်းသီးနှံကို (GAP) စနစ်ဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်မှ စတင် စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် မြို့နယ် ခြောက်မြို့နယ်ရှိ အစုအဖွဲ့ ၁၀ ဖွဲ့နှင့် တောင်သူ ၂၁၁ ဦးက ၉၀၄ ဧက စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် တင်းပေါင်း ၁၁၅၈၄ တင်းအထိ တိုးတက်ထွက်ရှိခဲ့သည်။

 

ထို့ပြင် ကယားပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရာသီအလိုက်၊ သီးနှံအလိုက် စံပြကွက်/ စမ်းသပ်ကွက် ၈၄၁၅ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုး တောင်သူလယ်သမားများကို မြေဩဇာနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ခြင်းအပါအဝင် အခြားစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၁၇၈၇ ဒသမ ၃၈၇ သန်း ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

သီးနှံများ အထွက်နှုန်းတိုးတက်ရေး အတွက် ပညာပေးဆွေးနွေးပွဲများ၊ သင်တန်း များနှင့် ပြပွဲများကို မြို့နယ် ရှစ်မြို့နယ်ရှိကျေးရွာပေါင်း ၁၅၆ ရွာမှ တောင်သူများနှင့် ဝန်ထမ်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေရရှိရေး၊ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေးအတွက် ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ကျေးရွာဆည်မြောင်း လုပ်ငန်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများတွင် နည်းပညာပိုင်းအရ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေများဖြင့် ဦးစားပေး သတ်မှတ်လျာထား ဆောင်ရွက်လျက်ရှိသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအနေဖြင့် ဘီလူးချောင်း ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေပြီး ဖောင်းတောရွာနှင့် ဘုရားဖြူ ရွာများ၊ ရေကြီးနစ်မြုပ်မှုမှ တစ်စိတ်တစ်ဒေသ အကာအကွယ်ပေးမည့် ဖိုးပြားချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက် နိုင်ခဲ့သည့်အပြင် ဆည်၊ ကန်နှင့် ရေလှောင် တမံများမှ စိုက်ပျိုးရေပေးဝေခြင်းအတွက် ရေပေးတူးမြောင်းများ တူးဖော်ခြင်း၊ သဲ၊ နုန်း တူးဖော်ခြင်းလုပ်ငန်း၊ ရေပေးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း၊ လယ်ယာကုန်ထုတ်လမ်းများရှိ ကွန်ကရစ်တံတားများ ဆောင်ရွက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ စားဝတ်နေရေး ဖူလုံစေရန်အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း မွေးမြူရေးဘဏ်စနစ်ဖြင့် ဆိတ်ကောင်ရေ ၄၀၊ တိုင်းရင်းကြက်ကောင်ရေ ၅၀၀ နှင့် ဝက်ကောင်ရေ ၆၀၄ ကောင်တို့ကို ဖြန့်ဖြူးပေးခဲ့သည်။

 

ကျန်းမာရေးကဏ္ဍ

 

ကယားပြည်နယ်တွင် ပြည်သူလူထု၏ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခုတင် ၅၀၀ ဆံ့ လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၊ ခုတင် ၅၀ ဆံ့ ဘောလခဲ၊ ခရိုင်ဆေးရုံ၊ ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ ငါးရုံ နှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ကျန်းမာရေးဌာန  ခုနစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန ၂၁ ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ ၁၂၀ တို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

 

ကုသရေးအပိုင်းတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ဆရာဝန် ၁၀၄ ဦး၊ သူနာပြု ၃၉၄ ဦးနှင့် အခြားဝန်ထမ်း ၄၅၅ ဦးဖြင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဆီးနှင့် ကျောက်ကပ်ရောဂါ လူနာများကို အခမဲ့ခွဲစိတ်ကုသမှု အစီအစဉ်ဖြင့် လူနာ ပေါင်း ၄၀၀၀ ကျော်ကို စမ်းသပ်ကုသပေးနိုင်ခဲ့ပြီး လူနာ ၂၀၀ ကျော်အား အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။ ဆီးချိုနှင့် နှီးနွှယ်ခြေထောက် အနာများအကြောင်း အသိပညာပေးခြင်းနှင့် အခမဲ့စမ်းသပ်ကြည့်ရှု ကုသပေးမှုတွင် ပြင်ပ လူနာ ၁၃၅ ဦးကို ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ အထူးကုဆရာဝန်များ ပါဝင်သည့်အဖွဲ့က အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း၊ ခွဲစိတ်ကုသမှုနှင့် လိုအပ်သောကုသမှုများ ဆောင်ရွက်ခဲ့သည့်အပြင် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နှင့် လည်ပင်း အခမဲ့စမ်းသပ်ကုသမှုများကို ဆောင်ရွက်နိုင်ခဲ့သည်။

 

ဂျာမနီနိုင်ငံမှ ဦးဆောင်သော German Interplast အဖွဲ့ နှင့် ဒေသခံဆရာဝန်များ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင် ဒဏ်ရာ၊ ခြေပူးလက်ပူးနှင့် ပလတ်စတစ် ဆာဂျရီဆိုင်ရာ အခမဲ့ခွဲစိတ်ကုသပေးမှုများ ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့အတူ ကျောက်ကပ်ဝေဒနာရှင်များ အတွက် ကျောက်ကပ်တု သွေးသန့်စင်ခြင်း လုပ်ငန်းကို ၂၀၁၆ ခုနှစ် မတ်လတွင် ကျောက်ကပ်တု သွေးသန့်စင်စက် သုံးလုံးဖြင့် ကျောက်ကပ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ (၄) နှစ်တာကာလအတွင်း စက်ငါးလုံးဖြင့် လူနာများကို ၆၀၃၄ ကြိမ်အထိ ကျောက်ကပ်သန့်စင်ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် Infection Prevention Control များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် နေပြည်တော် ၌ ကျင်းပသည့် ကမ္ဘာ့လူနာဘေးကင်းလုံခြုံ ရေးဆိုင်ရာ အထိမ်းအမှတ် (World Patient Safety Day) တွင် ကျန်းမာရေးဝန်ကြီးဌာန က ချီးမြှင့်သော Patient Safety Champion ထူးချွန်ဆုကို ရရှိခဲ့သည်။

 

အခြေခံ ကျန်းမာရေးဌာနများဖြစ်သော မိသားစုကျန်းမာရေးလုပ်ငန်း၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကလေးကျန်းမာရေး ဖွံ့ဖြိုးရေး လုပ်ငန်း၊ အာဟာရ စောင့်ရှောက်မှုလုပ်ငန်း၊ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးလုပ်ငန်းများကို စီမံချက်ပါအတိုင်း ကာကွယ်ကုသပေးခြင်းလုပ်ငန်းများနှင့် ပြည်သူအခြေပြု ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ပညာရေးကဏ္ဍ

 

ပညာရေးကဏ္ဍအနေဖြင့် ကယား ပြည်နယ်၌ အခြေခံပညာကဏ္ဍတွင် အခြေခံ ပညာကျောင်းပေါင်း ၄၅၈ ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း ခြောက်ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း နှစ်ကျောင်း နှင့် ကိုယ်ပိုင်မူလတန်းကျောင်း သုံးကျောင်း ရှိပြီး ကျောင်းသား/ကျောင်းသူ ၇၃၃၆၃ ဦးတို့ ပညာသင်ကြားလျက်ရှိသည်။ ဆရာဆရာမ အင်အားမှာ ယခင်နှစ်များထက် ပိုမိုတိုးတက်လာခဲ့ပြီး ထက် / လယ် / မူ ဆရာ / ဆရာမ အင်အား ၄၂၁၈ ဦးရှိသည်။ တိုင်းရင်းသား ဘာသာစကား သင်ကြားမှုအနေဖြင့် ကျောင်း ၃၆၈ ကျောင်းတွင် ဆရာ ဆရာမ ၄၄၃ ဦးနှင့် ၊ ကျောင်းသား/ကျောင်းသူ ၁၆၁၃၄ ဦးတို့ကို သင်ကြားပေးလျက်ရှိသည်။ လေးနှစ်တာကာလအတွင်း ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကယားပြည်နယ် အတွင်း ကျောင်းဆောင်သစ် ၂၂ လုံး ဆောက်လုပ်နိုင်ခဲ့ပြီး စုစုပေါင်း ငွေကျပ်သန်း ၁၀၅၉၃ ဒသမ ၀၈၉ ကုန်ကျခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် လွိုင်ကော် ပညာရေးကောလိပ်အဖြစ် သီးသန့်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၃၂ဝ ကိုလက်ခံသင်ကြား ပေးလျက်ရှိသည်။

 

mdn

 

နည်းပညာတက္ကသိုလ်(လွိုင်ကော်)သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရာတွင် အင်္ဂလန်နိုင်ငံအခြေစိုက် BVCH (SAS) မှ ပေးအပ်သည့် နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေးစီမံခန့်ခွဲမှုစနစ် Iso 9001:2008 လက်မှတ်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ် ၁၆ ၂ ရက်တွင် ISO 9001:2008 မှ ISO 9001:2015 သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

 

မန္တလေးနည်းပညာတက္ကသိုလ်နှင့် သုတေသနလုပ်ငန်းများ၊ သင်ကြားသင်ယူမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် အောက် တိုဘာ ၄ ရက်တွင် MoU လက်မှတ်ရေး ထိုးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ငွေကျပ် ၁၀၄၀ ဒသမ ၁၆၇ သန်းနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးနိုင်မှုမှာ ငွေကျပ် ၃၆၃ ဒသမ ၄၀၉ သန်းအထိ ကုန်ကျခံ ဆောင်ရွက်ပေးခဲ့သည်။

 

အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်) သည် INGO ၊ NGO ၊ ကုမ္ပဏီနှင့် ဌာနဆိုင်ရာစသော မိတ်ဖက်အဖွဲ့အစည်းများဖြင့် ကာလတို သက်မွေးပညာသင်တန်း (၁၂) မျိုးဖြင့် သင်တန်းသား ၁၁၁၇ ဦးကို လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့ပြင် ဒေသတွင်း နည်းပညာနှင့် ကျွမ်းကျင်မှု ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရေးနှင့် ဒေသတွင်းစက်မှုလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာနှင့် အတတ်ပညာရှင်များ မွေးထုတ်နိုင်ရန် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး အစိုးရ စက်မှုလက်မှု သိပ္ပံ (လွိုင်ကော်) ကို ဖွင့်လှစ်ပေးခဲ့သည်။

 

စည်ပင်သာယာရေးကဏ္ဍ

 

ကယားပြည်နယ်တွင် ပြည်နယ်စည်ပင် သာယာရေးတစ်ဖွဲ့ နှင့် မြို့နယ်စည်ပင်သာယာ ရေးရှစ်ဖွဲ့တို့ဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စတုတ္ထ (၁) နှစ် တာကာလအတွင်း ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ နိုင်လွန်ကတ္တရာလမ်း၊ ကတ္တရာလမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကျောက်ချောလမ်း၊ မြေသားလမ်းနှင့် ကတ္တရာချဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် မြို့သာယာလှပရေးနှင့် ဈေးအဆင့်မြှင့်တင် ခြင်းစသော အခြားလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့သည်။

 

မြို့ရေပေးရေးအနေဖြင့် ပြည်နယ်အတွင်း မြို့နယ်ခုနစ်မြို့နယ်နှင့် မြို့နယ်ခွဲ တစ်မြို့နယ် တို့တွင် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေ နိုင်ရေးအတွက်လည်း လွိုင်ကော်မြို့တွင် ကန္ဒာဟေဝန်ပန်းခြံ၊ ကန္ဒရဝတီမြိုင် ပန်းခြံ၊ "အ" သုံးလုံးပန်းခြံနှင့် အာဇာနည် ကျောက်တိုင်ပန်းခြံများရှိပြီး နောင်ယားကန် နှင့် ဆေးလျားကန်ပတ်လမ်း သာယာ လှပရေး ဆောင်ရွက်ထားရှိပြီး နောင်ယားကန် ညဈေးတန်းကို ဖွင့်လှစ်ခဲ့သည်။

 

သတ္တုနှင့် သစ်တောကဏ္ဍ

 

သတ္တုကဏ္ဍအနေဖြင့် လေးနှစ်တာကာလအတွင်း အမှတ် (၁) သတ္တုတွင်းလုပ်ငန်းမှ ခနောက်စိမ်း သတ္တုရိုင်း ၁၇၈၉ မက်ထရစ်တန်နှင့် ခဲနှင့်ရောရာ သတ္တုရိုင်း မက်ထရစ်တန် ၅၇၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ဓာတ်သတ္တု ထုတ်လုပ် လက်စားလေးဦး၏ ထုတ်လုပ်နိုင်မှုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ခဲနှင့် ရောရောသတ္တု ၁၈၃ မက်ထရစ်တန် ဖြစ်သည်။

 

သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းရှင်များကို မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာ ပေးဆွေးနွေးပွဲများကို လစဉ် ကျင်းပပေးခဲ့သည်။

 

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာအနီး ခဲမဖြူဒေသ တစ်ဝိုက်တွင် ဓာတ်သတ္တု အသေးစား/ လက်လုပ်လက်စား ထုတ်လုပ်ရန် လျာထားမြေ ဧရိယာ ၂၃၉ ဒသမ ၆၇ ဧကခန့်ကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လုပ်ကွက်များဖော်ထုတ်ကာ ခွင့်ပြုမိန့်များ ချထားပေးနိုင်ရေး ဦးစားပေးဆောင်ရွက်လျက် ရှိသည်။

 

သစ်တောကဏ္ဍတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာ နှစ်အတွင်း သစ်တောထိန်းသိမ်းရေး လုပ်ငန်းများအနေဖြင့် ဓမ္မတာ မျိုးဆက်ခြင်း အထောက်အကူပြုလုပ်ငန်း ဧက ၂၀၀ ဆောင်ရွက်ပေးခဲ့ပြီး သဘာဝတော တန်ဖိုးမြှင့် စိုက်ပျိုးခြင်း ဧက ၁၀၀၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်း ဧက ၅၆၀၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း ၂၉၆ ဧကနှင့် လူထုဖြန့် ပျိုးပင်ဖြန့်ဝေ စိုက်ပျိုးခြင်း ၃ ဧက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ အခွန်ကောက်ခံရရှိမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိ ငွေကျပ် ၁၇၂ ဒသမ ၃၆၇ သန်း ရရှိခဲ့သည်။

 

အားကစားဏ္ဍ

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လေးနှစ်တာကာလအတွင်း အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့တွင် အားကစားနှင့် ကာယပညာသိပ္ပံကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား ၁၀၁ ဦးနှင့် ကျောင်းသူ ၁၀၅ ဦးကို အားကစားနည်း ကိုးမျိုး သင်ကြားလေ့ကျင့်ပေးလျက် ရှိသည်။

 

အားကစားရုံနှင့် ကစားကွင်းများကို အဆင့်မြှင့်တင် ဆောက်လုပ်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စုံတို့တွင် လုပ်ငန်းပေါင်း ၂၁ ခု ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲကို အားကစားနည်း ၂၆ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အားကစားနည်း အလိုက် ရွှေတံဆိပ် ၁၆ ခု၊ ငွေ ၁၈ ခုနှင့် ကြေး ၃၁ ခု ရရှိခဲ့သည်။

 

ကယားပြည်နယ်အနေဖြင့် ဒီဇင်ဘာလူထု အားကစားလ လှုပ်ရှားမှုများတွင် အတက်ကြွဆုံး ပါဝင်ဆင်နွှဲခဲ့ကြသဖြင့် ၂၀၁၇ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တတိယ ဆု၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ပထမဆုများကို ထိုက်တန်စွာရရှိခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများကို ထိုင်း-မြန်မာ နယ်စပ်မြို့ရှိ မယ်စုံမြို့နယ်တွင် ကျင်းပခဲ့သည်။

 

ကယားပြည်နယ်မှ တိုက်ကွမ်ဒို၊ ကရာတေးဒိုနှင့် ခရစ်ကက် အားကစားနည်းများသည် ပြည်နယ်အတွက် မြန်မာ့လက်ရွေးစင် အများဆုံး မွေးထုတ်ပေးနိုင်ခဲ့သဖြင့် အားကစားအဆင့် ပိုမိုမြင့်မားလာသည်ကို တွေ့ရှိ ရသည်။

 

နယ်စပ်ဒေသဖွံ့ဖြိုးရေး

 

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားလုပ်ငန်း ဆောင်ရွက်ခြင်းအပြင် သောက်သုံးရေ ရရှိရေးနှင့် တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင် ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

 

တိုင်းရင်းသားရေးရာ

 

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုး ခုနစ်မျိုးအတွက် ပုံပြ ပုံပြင်စာအုပ်များ သုံးနှစ်စာရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် တိုင်းရင်းသား (၇) မျိုးအတွက် ပုံပြ ပုံပြင်စာအုပ် ၆၂၀၂၈ အုပ် ပေးအပ်ပြီးဖြစ်သည်။ လူနည်းစုဖြစ်သော ယင်းတလဲလူမျိုး၏ လူနေမှုအခြေအနေကို Documentary ရိုက်ကူးရန်၊ ဘာသာစကား၊ စာပေ၊ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ (Audio Archive) မှတ်တမ်းတင်ရိုက်ကူးခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် တိုင်းရင်းသားစာပေပညာ ရှင်များ ပြုစုထားသည့် တိုင်းရင်းသားဒေသ သင်ရိုးညွှန်းတမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်စည်းလုံးရေး၊ ရိုင်းပင်းကူညီရေးနှင့် စာပေယဉ်ကျေးမှုကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေမှ ငွေကျပ် ၁၇၈ ဒသမ၂သန်းဖြင့် ကယားပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ စုပေါင်းရုံးအဆောက်အအုံကို တည်ဆောက်နိုင်ခဲ့သည်။

 

mdn

 

လူမှုရေးကဏ္ဍတွင် World Vision Myanmar (ဒီးမော့ဆို၊ လွိုင်ကော်) အဖွဲ့နှင့် ပူးပေါင်း၍ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ Care Myanmar အဖွဲ့နှင့် ပူးပေါင်း၍ အကြမ်းဖက်ခံရသော အမျိုးသမီး များအတွက် လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှုများ၊ NGO Gender Group နှင့် ကျား/မ အခြေပြု အကြမ်းဖက်လျှော့ချခြင်းနှင့် လူကုန်ကူးမှုကာကွယ်တားဆီးရေး စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ။

 

ထို့အပြင် World Education အဖွဲ့နှင့် ပူးပေါင်း၍ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ၊ စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ MAG (Mines Advisory Group) အဖွဲ့နှင့် မြေမြှုပ်မိုင်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ ကျေးရွာအခြေပြု မြေပုံရေးဆွဲခြင်း၊ အကူ ကိရိယာ မပါသော သတင်းအချက်အလက် စုဆောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ထို့အတူ Save the Children အဖွဲ့၊ ကိန္နရာကျေးလက်လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ လိုအပ်သော ပြဿနာများ ဖြေရှင်းပေးခြင်း၊ လိုအပ်သော အခွင့်အရေးများ ဖြည့်ဆည်းပေးခြင်းတို့ကို လက်တွဲဆောင်ရွက်ခဲ့ကြသည်။

 

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် ကြုံတွေ့နေရသော လူမှုအသိုက်အဝန်းများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အစောပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ DRC အဖွဲ့မှ နေရပ်စွန့်ခွာနေထိုင်သူများနှင့် ပဋိပက္ခ ဒဏ်ခံစားရသူများကို လတ်တလော လူသား ချင်းစာနာမှု အကူအညီပေးခြင်း၊ ထိခိုက်ခံစားရမှုကို ခံနိုင်ရည်ရှိစေရန်နှင့် ရေရှည် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ ရရှိစေရန် အကူအညီပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ကျန်းမာရေးကဏ္ဍတွင် ပြည်နယ်ကျန်းမာ ရေးဦးစီးဌာနသည် UN, INGO နှင့် CSO အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ မိခင်မွေးကင်းစ ကလေးနှင့် ကလေးကျန်းမာရေးလုပ်ငန်း၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်း၊ ကျန်းမာရေးနှင့် အာဟာရ၊ ကျောင်းအာဟာရ လုပ်ငန်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေး အသိမြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။

 

ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်း၏ (၄၁) ကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှု အလှူတော် အစီအစဉ်အရ ဆီးနှင့်ကျောက်ကပ်ရောဂါ လူနာများကို အခမဲ့ခွဲစိတ်ပေးခြင်း၊ မြန်မာ-ထိုင်း သံတမန် ဆက်ဆံရေးထူထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများ ပူးပေါင်း၍ အခမဲ့ နားခွဲစိတ်ကုသပေးခြင်း၊ သီတဂူသာသနာပြုအဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် ဒေသခံဆရာဝန်များ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခံတွင်းရောဂါ၊ ပလတ်စတစ်ဆာဂျရီဆိုင်ရာနှင့် မျက်စိ ရောဂါဝေဒနာရှင်များကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့သည်။

 

လုပ်ထုံးလုပ်နည်းဖြေလျှော့

 

ကယားပြည်နယ်ရှိ ခရိုင်နှင့် မြို့နယ်၊ မြို့များတွင် One Stop Service ရုံးများ ဖွင့်လှစ်၍ ယာဉ်နှင့်ယာဉ်လိုင်စင် ထုတ်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးခြင်းနှင့် အိမ်သုံးမီတာလျှောက်ထားခြင်း လုပ်ငန်းများကို မကြန့်ကြာစေဘဲ ပြည်သူများအချိန်ကုန် သက်သာစေရန် လွယ်ကူလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိသည်။

 

ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များ

 

တောင်သူလယ်သမားများ၏လူမှုစီးပွား ဘဝမြင့်မားတိုးတက်လာစေရန် လယ်ယာမြေ အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သလို တောင်သူလယ်သမားများ လိုအပ်သည့် ငွေကြေး အရင်းအနှီးများကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးခဲ့သည်။

 

ဒေသခံပြည်သူများ အသိပညာအတတ် ပညာများ၊ ဗဟုသုတများ တိုးပွားလာစေကာ လက်တွေ့ လူနေမှုဘဝတွင် အလုပ်အကိုင် အခွင့်အလမ်းရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်အတွက် ရည်ရွယ်၍ ဝါးအခြေခံ လက်မှုအနုထည်သင်တန်း၊ လူသုံးကုန်ထုတ်လုပ်နည်း သင်တန်း၊ စက်ချုပ် သင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းများနှင့် အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့သည်။

 

ငြိမ်းချမ်းချစ်ကြည်ရိုင်းပင်းကူညီ

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် ၆၈ နှစ်မြောက် ကယား ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး မြန်မာ -ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ်မြောက်မြန်မာ - ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းအပင် ၂၀၀ ကို လွိုင်ကော်မြို့ရှိ ဗုဒ္ဓဥယျာဉ်၌ စိုက်ပျိုး ပေးခဲ့သည်။

 

ကယားပြည်နယ်အစိုးရအဖွဲ့သည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး အုပ်ချုပ်မှုစနစ် ပုံစံပြောင်းလဲခြင်း၊ ဖြေလျှော့မှု များပြုလုပ်ခြင်းနှင့် ဒီမိုကရေစီအမြစ်တွယ် ခိုင်မာလာခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ဆောင်လျက်ရှိရာ အားသာချက်များ ကို ပိုမိုအားကောင်းလာစေရန်နှင့် အားနည်း ချက်များကို နည်းနိုင်သမျှနည်းနိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ပြည်နယ်အတွင်းကဏ္ဍစုံ၌ ဟန်ချက်ညီညီ တိုးတက်မှုရရှိရန်၊ လက်ဝယ်ရရှိပြီးသော တိုးတက်မှုများကို ထိန်းသိမ်းရန်နှင့် ကျန်လုပ်ငန်းများကို ဆက်လက်အ ကောင်အထည်ဖော်ရန်အတွက် ပြည်သူ့သဘောထားများကို ရယူ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိသည်။

 

ပြည်နယ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသော်လည်း အချင်းချင်းနားလည်မှု၊ ကိုယ်ချင်းစာနာမှုများဖြင့် ကျော်လွှားနိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဆိုပါက ဒီမိုကရေစီအရွေ့တစ်ခုတွင် ဖွံ့ဖြိုးဝေစည်လာမည့် ငွေတောင်ပြည်ကို မကြာမီရောက်ရှိတော့မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။