ညွန့်ဝင်း(နတ်တလင်း)

 

လူသည် တစ်ဦးတည်းနေထိုင်၍မရကြောင်း  သမိုင်းဦးအစကပင် သိခဲ့ကြပြီးဖြစ်သည်။ ထိုကာလကတည်းက လူသားတို့သည် အချင်းချင်း အုပ်စုဖွဲ့နေထိုင်ကြပြီး တစ်ဦးချင်းအပြန်အလှန်ဆက်ဆံခြင်း၊ အုပ်စုချင်း အပြန်အလှန်ဆက်ဆံခြင်းများ ပြုခဲ့သည်။ ထိုမှတစ်ဆင့် ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မားလာသည့် အလျောက် မိသားစု၊ ရပ်ရွာအုပ်စု၊ မြို့ပြ၊ နိုင်ငံဟူ၍ ဆက်ဆံရေးနယ်ပယ်များ ကျယ်ပြန့်လာသည်။ ဤတွင် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုများရှိသကဲ့သို့ လူမှု စည်းကမ်းများနှင့် ကိုယ်ကျင့်တရား အယူအဆ သတ်မှတ်ချက်များလည်း ကွဲပြားလာပါသည်။ ၎င်းကွဲပြားမှုများကို နည်းလမ်းတကျ ညှိနှိုင်းဆောင်ရွက်၍ ငြိမ်းချမ်းသာယာသောဘဝကို တည်ဆောက်ကြရမည် ဖြစ်သည်။

 

ကျွန်ုပ်တို့လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ် စည်းကမ်းများကို အပိုင်းလေးပိုင်း ခွဲခြားနိုင်သည်။ ၎င်းတို့မှာ-

(၁) လူမှုကျင့်ဝတ်များ

(၂) အခွင့်အရေးနှင့် တာဝန်များ

(၃) စည်းကမ်းနှင့် ဥပဒေများ

(၄) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းများ ဖြစ်သည်။

 

ကိုယ်ကျင့်တရားနှင့် လူမှုကျင့်ဝတ်များ

 

လူမှုကျင့်ဝတ်များတွင်  နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးရန် စံပြုထားသော ကိုယ်ကျင့်တရားနှင့် လူမှုကျင့်ဝတ်များ ပါဝင်သည်။ လူမှုစည်းကမ်းများကို ကျင့်ဝတ်သဖွယ် လေးစားလိုက်နာလျက် တစ်ဦးနှင့်တစ်ဦး ယုံကြည်ကိုးစားမှု ကို တည်ဆောက်ရသည်။ သက်ကြီးရွယ်အိုများကို ရိုသေလေးစားခြင်း၊   မသန်စွမ်းသူများကို အလေးထားဆက်ဆံခြင်း၊ လုံ့လဝီရိယရှိခြင်း၊ သဒ္ဓါတရားဖြင့် ပေးကမ်းမျှဝေခြင်း၊ ပညာရှိများ လမ်းညွှန်ဆုံးမထားသော စကားပုံ၊ ဆိုရိုးစကားနှင့် ဆုံးမစကားများကို ရှာဖွေလေ့လာသင်ယူခြင်းဖြင့် လူမှုကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ကျင့်ဝတ်များကို ကြိုးစားပြုမူဆောင်ရွက် ခြင်းဖြင့် အလေ့အထသဖွယ် နေ့စဉ်ဘဝတွင် ကျင့်သုံးတတ်လာမည်ဖြစ်သည်။

 

လူမှုကျင့်ဝတ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

 

လူမှုကျင့်ဝတ်ဟူသည် လူတို့လိုက်နာကျင့်ကြံအပ်သည့် တာဝန်ဝတ္တရားများဖြစ်သည်။ လူမှုကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်းဖြင့် လုံခြုံသောဘဝ၊ အေးချမ်းသာယာသောဘဝကို ရရှိမည်ဖြစ်သည်။ လူမှုကျင့်ဝတ်များကို အသေးစိတ် ထပ်မံခွဲခြားကြည့်လျှင် ယဉ်ကျေးခြင်း၊ ရိုသေလေးစားခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ ချစ်ခင်မြတ်နိုးတန်ဖိုးထားခြင်းတို့ကိုတွေ့နိုင်သည်။ ယဉ်ကျေးခြင်းဆိုသည်မှာ အပြောအဆိုချိုသာခြင်း၊ ကိုယ်အမူအရာ နူးညံ့သိမ်မွေ့ခြင်း၊ ကူညီတတ်ခြင်း၊ မျှဝေခြင်း စသည့် အမူအကျင့်များရှိခြင်းပင်ဖြစ်သည်။ ရိုသေ လေးစားခြင်းဆိုသည်မှာ အလေးထားတတ်ခြင်း၊ ဦးစားပေးတတ်ခြင်း၊ တာဝန်ယူတတ်ခြင်း၊ နားလည်မှုရှိခြင်း စသည့် အမူအကျင့်များရှိခြင်းပင်ဖြစ်သည်။ ဖြောင့်မတ်တည်ကြည်ခြင်း၌ မှန်ကန်စွာ ပြောဆိုလုပ်ကိုင်ခြင်း၊ ယုံကြည်အားကိုးထိုက်ခြင်း၊ မျှတမှုရှိခြင်း စသည့်အမူအကျင့်များရှိခြင်းပင်ဖြစ်သည်။ ချစ်ခင်မြတ်နိုး တန်ဖိုးထားခြင်းဆိုရာ၌ ချစ်ခင်ကြင်နာတတ်ခြင်း၊ နွေးထွေးမှုရှိခြင်း၊ ခွင့်လွှတ်တတ်ခြင်း စသည့်အမူအကျင့်များရှိခြင်းကို ဆိုလိုသည်။

 

ကိုယ်ကျင့်တရားကောင်းမွန်ရေးသည် လူသားတစ်ဦးအတွက် အလွန်အရေးကြီးသည်။ ကိုယ်ကျင့် တရားကောင်းမှသာ လူအများက ယုံကြည်သူတစ်ဦး ဖြစ်လာနိုင်သည်။ ရိုးသားမှု၊ ကတိတည်မှု၊ သစ္စာရှိမှု နှင့် စိတ်ထားဖြူစင်မှုတို့သည် မိမိအပေါ် ယုံကြည်ကိုးစားမှုရှိစေသော အချက်များဖြစ်သည်။ ထို့ကြောင့် ယုံကြည်ကိုးစားမှုသည် ရိုးရိုးသားသား အမှန်စကားကိုသာပြောခြင်း၊ အပြောနှင့် အလုပ် ညီခြင်းတို့၏ ရလဒ်ဟု ဆိုနိုင်သည်။

 

ရိုသေလေးစားခြင်းနှင့် အလေးထားဆက်ဆံခြင်း

 

သက်ကြီးရွယ်အိုများကို ရိုသေလေးစားခြင်းနှင့် မသန်စွမ်းသူများကို အလေးထားဆက်ဆံခြင်းသည် ကျင့်အပ်သော လူမှုကျင့်ဝတ်ဖြစ်သည်။ ၎င်းလူမှုကျင့်ဝတ်ကို သာဓကပြရလျှင် အတန်းထဲတွင် စာတော်သော်လည်း အပေါင်းအသင်းအပေါ် ဖော်ရွေစွာ မဆက်ဆံတတ်သော၊ သက်ကြီးရွယ်အိုများနှင့်တွေ့လျှင် မသိကျိုးကျွန်ပြုကာ မကူညီတတ် သောလူငယ်မျိုးနှင့် စာအလွန် မတော်သော်လည်း အပေါင်းအသင်းများကို ရင်းနှီးဖော်ရွေစွာ ဆက်ဆံ တတ်သော၊ သက်ကြီးရွယ်အိုများနှင့်တွေ့လျှင် ကြင်နာစွာဖေးမကူညီတတ်သော လူငယ်တို့တွင် သင်မည်သူ့ကိုချီးမွမ်းမည်နည်း။ အဖြေမှန်ကို သင်ချင့်ချိန် သိရှိနိုင်ပေသည်။

 

 လူသားတစ်ဦးသည် ကိုယ်ပိုင်လုံ့လ၊ ဝီရိယနှင့် အသိအလိမ္မာ ပညာရှိရမည်။ မှန်ကန်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ဆုံးဖြတ်ချက်နှင့် အသိအလိမ္မာ ပညာတို့ ပေါင်းစပ်နိုင်မှသာ မိမိရောက်လိုသည့် ပန်းတိုင်ကို ရောက်နိုင်သည်။ ထိုသူမျိုးသည် မိမိကိုယ်ကျိုး အတွက်သာမက အများကောင်းကျိုးကိုလည်း သယ်ပိုးနိုင်မည်ဖြစ်သည်။ ထိုအကြောင်းကို လောကသာရပျို့ ၁၆ တွင် “ဃရာဝါသ၊ ကိစ္စမြားမြောင်၊ လူတို့ဘောင်၌၊ အိမ်ထောင် သက်မွေး၊ ခြနှယ်မြှေးသား၊ လူရေးကျယ်စွာ၊ အဖြာဖြာကို၊ လိမ္မာအတတ်၊ ချားရဟတ်သို့၊ လည်ပတ်ပြီးမှ၊ ကြံတွက်ဆ၍၊ လုံ့လပင်စည်၊ အရင်း တည်လျက်၊ ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစ ရွေ့ရွေ့၊ အဓလေ့ဖြင့်၊ မမေ့မကျန်၊ လူမှုပွန်လျက်၊ စောင်မာန်မဲ့ဆုံး ၊ တော်ဖြောင့်သုံး၍၊ နှလုံးသန့်စင် ကြည်စေမင်းဟု ရေးဖွဲ့လမ်းညွှန်ထားသည်။

 

ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ခင်ကြင်နာမှုရှိခြင်း၊ ရိုသေလေးစားမှုရှိခြင်း၊ စာနာ နားလည်ခြင်း၊ ကူညီရိုင်းပင်းတတ်ခြင်း စသည့်ကောင်းမြတ်သော အရည်အသွေးများရှိရုံ သာမက သဒ္ဓါတရားထက်သန်စိတ်ဖြင့် ပေးကမ်းမျှဝေတတ်ခြင်းရှိရန်လည်းလိုသည်။ သူတစ်ပါး ကောင်းကျိုးစီးပွားကို လိုလားခြင်းဟူသော ဗြဟ္မစိုရ်ထိုက်သော မေတ္တာထားနိုင်ခြင်း၊ လိုအပ် နေသူကို ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများ ပေးဝေ ခြင်း၊ စိတ်အားငယ်နေသူကို အားပေးစကားပြော ကြားခြင်းတို့သည် ပေးကမ်းမျှဝေမှု လူမှုကျင့်ဝတ် ကို ကျင့်ဆောင်နိုင်ခြင်း ဖြစ်ပေသည်။

 

နိုင်ငံသားတိုင်းသည် အခွင့်အရေးတန်းတူ ညီမျှရရှိစေရန်နှင့် တရားမျှတလွတ်လပ်စွာ နေထိုင်နိုင်ရန် လိုလားကြသည်။ သို့သော် ကိုယ်ပိုင်အခွင့်အရေး နှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် ပတ်ဝန်း ကျင်နှင့် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကို မထိခိုက်စေသင့်ပေ။ မိမိကဲ့သို့ပင် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို လေးစားတန်ဖိုးထားရပေမည်။ တရားမျှတခြင်း၊ ကိုယ်ကျင့် တရား ကောင်းမွန်ခြင်း၊ အများပြည်သူ အေးချမ်းသာယာ၍ အကျိုးစီးပွားဖြစ်ထွန်းစေခြင်းတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် ရှိအပ်သော အခွင့်အရေးနှင့်တာဝန်များ ဖြစ်သည်။

 

ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ

 

နိုင်ငံသားတစ်ယောက်ဖြစ်လာလျှင် ချမှတ်ထားသော စည်းကမ်းများနှင့် ဥပဒေများကို လေးစား လိုက်နာရမည်။ အမှန်စင်စစ် စည်းကမ်းတကျ နေထိုင်ပြုမူတတ်သော အလေ့အကျင့်ကောင်းများ သည် ငယ်စဉ်ဘဝ မိသားစုနှင့် ကျောင်းပတ်ဝန်းကျင်တို့က စတင်ခဲ့သည်။ ငယ်စဉ်ကတည်းက စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာ တတ်မှသာ အနာဂတ်တွင် အေးချမ်းလုံခြုံမှုနှင့် တရားမျှတဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးအဖြစ် ပုံဖော်ပေးနိုင် သူဖြစ်ပါမည်။ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများ၊ လွတ်လပ်ခွင့်များနှင့် ကောင်းမွန်သည့်စီးပွားရေး၊ လူမှုရေးစနစ်များအတွက် အခိုင်အမာ ပြဋ္ဌာန်းထား သည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာမှသာ နိုင်ငံသားကောင်းပီသပေလိမ့်မည်။ နိုင်ငံသားတိုင်းလိုက်နာရမည့် ဥပဒေတွင် အခွန်ပေးဆောင်ခြင်းလည်း တစ်ခုပါဝင်သည်။ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် အတွက်လည်းကောင်း၊ နိုင်ငံတော်အတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ရန်အတွက်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်စေရေးအတွက်လည်းကောင်း၊ လိုအပ်သော ဘဏ္ဍာငွေကို ဖြည့်တင်းနိုင်ရန်အတွက်လည်းကောင်း အခွန်ငွေကြေးကို ကောက်ခံရသည်။ ထို့ကြောင့် နိုင်ငံသား တိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကို ပေးဆောင်ရန်တာဝန်ရှိပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကလည်း အခွန်ပေးဆောင်ရန် ကိစ္စနှင့်ပတ်သက်၍ “ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမျှငွေမရှိဘဲ တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေးတာဝန်ကို ဆောင်ရွက် မသွားနိုင်ချေ။ ထို့ကြောင့် ကိုယ့်အစိုးရအား ကျသင့်သော အခွန်ဘဏ္ဍာများကို ကြည်သာပျူငှာစွာ ပေးဆောင်ခြင်းသည်ပင် လွတ်လပ်သော လူမျိုးအဖြစ်ကို ထင်ရှားစေသော မှတ်ကျောက်ဖြစ်ပေ သည်။ အခွန်ဘဏ္ဍာကို တိုင်းသူပြည်သားတို့က မပေးဘဲ ငြင်းဆန်ခြင်းသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေးကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲဖျက်ဆီးခြင်းပင်ဖြစ်၍ ဤသို့ နိုင်ငံ့စီးပွားရေးကြီး ပြိုကွဲသွားပါက နောက်ဆုံး၌ အများဆုံးအနစ်နာ ခံရမည့်သူတို့မှာ တိုင်းသူပြည်သား လူထုပင် ဖြစ်သည်ဟူ၍ မိန့်မြွက်ခဲ့သည်။

 

လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက်များ

 

လူတစ်ဦးနှင့်တစ်ဦး အတွေးအခေါ်နှင့် အယူအဆ မတူညီနိုင်ပေ။ ထို့အတူ ပြုမူပြောဆိုမှုများလည်း မတူညီနိုင်ပေ။ သို့သော် အဆိုပါ မတူကွဲပြားမှုများကို နားလည်လက်ခံပြီး လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်ရန်လိုသည်။ ၎င်းသည် လူသားတိုင်းအတွက် အရေးကြီးသော တာဝန်တစ်ရပ်ပင် ဖြစ်သည်။ ငြိမ်းချမ်းရေးသည် တန်းတူညီမျှမှုနှင့် သဟဇာတဖြစ်မှုအပေါ်တွင် မူတည်သည်။ သို့သော် ငြိမ်းချမ်းရေး တည်မြဲရန် တစ်ရက်၊ တစ်လ၊ တစ်နှစ်တာမျှနှင့် မပြီးမြောက်နိုင်။ ကာလကြာရှည်စွာ အချိန်ယူ ဆောင်ရွက်ကြရခြင်းဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး၊ အစုအဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အပြန်အလှန် လေးစားမှုနှင့် စာနာနားလည်မှုရှိခြင်းတို့ဖြင့် သဟဇာတဖြစ်စေခြင်းပင်ဖြစ်သည်။ လူ့အဖွဲ့အစည်း က လက်ခံယုံကြည်ထားသော ကျင့်ဝတ်များကို ကျင့်သုံးခြင်း၊ မိမိနှင့် အခြားသူများ၏ အခွင့်အရေးကို လေးစားခြင်း၊ မိမိကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ နိုင်ငံတော်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လေးစားလိုက်နာခြင်းတို့သည် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး အတွက် အခြေခံလိုအပ်ချက်များဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များက နိုင်ငံတော်ငြိမ်းချမ်းသာယာဝပြောအောင် ဆောင်ရွက်မှုများကို နိုင်ငံသားတိုင်းက တာဝန်သိသိဖြင့် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ဆိုးကျိုးများ ကင်းဝေးကာ တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။

 

ကိုးကား

- ပြည်သူ့နီတိ (အထက်တန်း)။

- ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သုံးသပ်ချက်များ (၂၀၁၆)။

- ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ လက်တွေ့အသုံးချ အချက်အလက်များ (၂၀၁၁)။