မောင်သောင်းဝင်း(တမန်ဟောင်း)

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် အချိန် လေးလကျော် ငါးလတာကာလအတွင်း ကမ္ဘာတစ်ဝန်းသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ခရီးနှင်ခဲ့ပြီ ဖြစ်သည်။ မေလ ၇ ရက်နေ့အထိစာရင်းအရ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၈၂၀၇၅၇ ဦးနှင့် သေဆုံးသူ ၂၆၅၀၉၆ ဦးအထိ ရှိသွားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မေလ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၇၆ ဦးနှင့် သေဆုံးသူ ၆ ဦးရှိနေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး အတွက် အသွားအလာကန့်သတ်မှုကို မေလ ၁၅ ရက် နေ့အထိ တိုးမြှင့်ထားသည်။ ထို့ကြောင့် ပြည်သူများသည် အိမ်ထဲမှာသာနေထိုင်ရလျက်ရှိကြသည်။

ကျောင်းများပိတ်ထား
မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြု လူနာစတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပိတ်ထားပြီဖြစ်သော်လည်း တက္ကသိုလ်များတွင်မူ စာမေးပွဲများကျင်းပနေဆဲ ဖြစ် သည်။ သို့သော် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် နှင့် ကောလိပ်အားလုံးကို ပိတ်ခဲ့ရသည်။ ကပ်ရောဂါဆိုး ကြီး ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍သာ ကျောင်းများပြန်ဖွင့် နိုင်မည်ဖြစ်သည်။ ဆိုရလျှင် ဖွံ့ဖြိုးပြီး ဓနအင်အား ကြွယ်ဝသည့် နိုင်ငံကြီးများ၌ပင်လျှင် လက်ရှိအချိန် အထိ ကပ်ရောဂါထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။

ကြိုတင်လေ့လာထားသင့်
လက်ရှိအချိန်တွင် ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေမှု ကြောင့် ကျောင်းများပိတ်ထားရသည်မှာ နှစ်လပင် ပြည့်တော့မည် ဖြစ်သည်။ အသွားအလာကန့်သတ်ထားမှု နှင့် လူစုလူဝေးလုပ်ဆောင်မှုကိုပါ တားမြစ်ထားသဖြင့် ကျောင်းသားကျောင်းသူများသည် ကျူရှင်နှင့် ပြင်ပ သင်တန်းများ တက်ရောက်နိုင်ခြင်းမရှိဘဲ Stay at Home- အိမ်ထဲမှာသာ နေထိုင်ကြရလျက်ရှိသည်။ ထိုသို့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန်တွင် လူငယ်များ၊ တက္ကသိုလ်ဝင်တန်းတက်ရောက်ကြမည့် သားငယ်၊ သမီးငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ သွားသင့်ပေသည်။ ကျူရှင်တက်ခွင့်မရရှိသည့်တိုင်အောင် မြန်မာဖတ်စာမှ ခက်ဆစ်နှင့် ကဗျာများ၊ သဒ္ဒါ ဖွင့်ဆိုချက်များနှင့် လေ့ကျင့်ခန်းများကို ကြိုတင်လေ့လာ ကျက်မှတ်ထားနိုင်ပေသည်။ ထို့အပြင် အင်္ဂလိပ်စာတွင် လည်း ပြဋ္ဌာန်းချက်စာအုပ်ပါ ကဗျာများနှင့် ဝေါဟာရဖွင့်ဆို ချက်များကို ကြိုတင်လေ့လာကျက်မှတ်ထားနိုင်ပါ သည်။ အလားတူ အခြားသောဘာသာရပ်များကိုလည်း တတ်နိုင် သမျှ ကြိုတင်လေ့လာထားမည်ဆိုလျှင် ပုံမှန် ကျောင်းဖွင့်ချိန်၌ သင်ကြားရေးတွင် များစွာအထောက်အကူ ပြုမည် ဖြစ်သည်။


မိမိကိုယ်ကိုခိုင်းပါ

ပုံမှန်အားဖြင့် နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများသည် လာမည့်ပညာသင်နှစ်အတွက် သင်ရိုး ပြတ်သင်သည့် ကျူရှင်များတွင် ကြိုတင်တက်ထားခြင်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာအပါအဝင် အခြားသင်တန်း တစ်ခုခုတက်ရောက်ခြင်းဖြင့် အကျိုးရှိစွာဖြတ်သန်းလေ့ရှိ သည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းတက်ကြမည့် ကျောင်းသူကျောင်းသားများသည် ကျူရှင်ကြိုတက်ထား လေ့ရှိကြသည်။ ယခုနှစ်တွင်မူ ကိုဗစ်-၁၉ ရောဂါကြောင့် မည်သည့်သင်တန်းကိုမျှ တက်ရောက်ခွင့်မရဘဲ အိမ်ထဲမှာ သာ နေထိုင်ကြရသည်။ ထိုသို့ နေထိုင်ရာတွင် လူငယ် အများစုသည် လူမှုကွန်ရက်အသုံးပြုခြင်း၊ ဂိမ်း ကစားခြင်း၊ ရုပ်သံဇာတ်လမ်းတွဲများကြည့်ခြင်းဖြင့် အချိန်ကုန်လေ့ရှိကြသည်။

သာဓကအနေဖြင့် စာရေးသူတို့နေထိုင်သည့် အိမ်ရာတွင် တချို့သော တက္ကသိုလ်ကျောင်းသားများသည် ကျောင်းပိတ်ထားသဖြင့် ထွေထွေထူးထူး အလုပ်မရှိဘဲ ဂိမ်းကစားခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်းဖြင့် အချိန်ဖြုန်း နေကြသည်။ ဖြစ်သင့်သည်မှာ ကျောင်းပိတ်သည့်ကာလ တွင် မိဘများကို တတ်နိုင်သမျှ ကူညီလုပ်ကိုင်ခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ သုတ၊ ရသစာအုပ်များဖတ်ခြင်း၊ လမ်းလျှောက်ခြင်းအပါအဝင် ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချသွား သင့်ပေသည်။ ဖြစ်နိုင်မည်ဆိုလျှင် ပဋ္ဌာန်းနှင့် ပရိတ်တရား တော်တို့ကို မှန်မှန်ကန်ကန်ရွတ်ဖတ်ပူဇော်တတ်အောင် လေ့ကျင့်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းတို့ကို ကြိုးစား လေ့ကျင့်သွားသင့်ပေသည်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွား နေသည့်အချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချသွားမည် ဆိုလျှင် ဘဝတစ်လျှောက်လုံးအတွက် ကောင်းသော အလေ့အထကို မွေးမြူသွားနိုင်လိမ့်မည် ဖြစ်သည်။

အမှန်တော့ လူတိုင်းသည် နေ့စဉ်ဘဝကို ပေါ့ပေါ့ ပါးပါးဖြင့် ဖြတ်သန်းလိုကြသည်။ ဆရာကြီး အောင်သင်း၏ စကားကို ကိုးကားပြောရလျှင် လူတစ်ဦးသည် ငယ်စဉ် ကတည်းက မိမိကိုယ်ကိုမခိုင်းခဲ့လျှင် အသက်အရွယ်ရလာ သည့်အချိန်တွင် သူများအခိုင်းခံရပေလိမ့်မည် ဖြစ်သည်။ ထိုအချိန်မှ ကြိုးစားမည်ဆိုလျှင် အချိန်နှောင်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် ငယ်ရွယ်စဉ် ကတည်းက မြင့်မြင့်မားမားတွေးခေါ်ပြီး တန်ဖိုးရှိသော အချိန်တွေကို အကျိုးရှိစွာအသုံးချခဲ့မည်ဆိုလျှင်၊ ကြိုးစား ခဲ့မည်ဆိုလျှင် အသက်အရွယ်ရလာသည့် အချိန်တွင် ပင်ပင်ပန်းပန်း ရုန်းကန်ကြရတော့မည် မဟုတ်ပေ။

လူငယ်များနှင့် Stay at Home

ဖြစ်သင့်သည်မှာ မိဘများအနေဖြင့် ကလေးငယ်များ ကို ထိန်းကျောင်းတည့်မတ်ပေးရန် လိုအပ်သည်။ ကလေးများစိတ်ဝင်စားသည့် သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးခြင်း၊ ဖြစ်နိုင်ပါက လူငယ်များအတွက် ရေးထားသောစာအုပ်များကို ဖတ်ခိုင်းသင့်ပေသည်။ ထို့အပြင် ဆရာကြီး ဦးဖိုးကျား၊ သိပ္ပံမောင်ဝနှင့် အခြား သော စာရေးဆရာများ၏ဝတ္ထုတိုလေးများကို ဖတ်ခိုင်းမည် ဆိုလျှင် ကလေးများ၏နှလုံသားကို နူးညံ့ပျော့ပျောင်းလာ ပါမည်။ ထို့အပြင် အင်္ဂလိပ်သဒ္ဒါနှင့် ပုံပြင်စာအုပ်လေး များကို ဖတ်ခိုင်းသင့်ပါသည်။ သို့မှသာလျှင် ကျောင်းများ ပြန်ဖွင့်ချိန်တွင် စာနှင့်မစိမ်းတော့ဘဲ အမြဲတမ်းထိတွေ့ နေမည် ဖြစ်သည်။

ဆိုရလျှင် ကမ္ဘာ့နိုင်ငံအားလုံးသည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး အတွက် အသည်းအသန်ကြိုးပမ်းနေရသည်။ အဘက် ဘက်မှ ဖွံ့ဖြိုးတိုးတက်ပြီး ဓနအင်အားကြွယ်ဝလှသည့် နိုင်ငံကြီးများ၌ပင်လျှင် ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိသည့်အပြင် အဖိတ်အစဉ်လည်း များလျက် ရှိပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိတို့ နိုင်ငံအနေဖြင့်လည်း အထိုက်အလျောက် ထိခိုက်ဆုံးရှုံးမှု ဖြစ်မည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကသာ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို လိုက်နာ ဆောင်ရွက်သွားမည်ဆိုလျှင် အိမ်ထဲမှာသာ နေထိုင် မည်ဆိုလျှင် ကပ်ရောဂါဆိုးကြီးကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်ဟု ခိုင်မာစွာယုံကြည်မိပါသည်။

ထိုသို့ ကပ်ရောဂါဆိုးကြီးထိန်းချုပ်နိုင်ရေးအတွက် Stay at Home ကာလအတွင်း လူငယ်များ၊ အထူးသဖြင့် ကျောင်းသူကျောင်းသားများအနေဖြင့် အချိန်ကို အကျိုး ရှိရှိ အသုံးချသွားသင့်ပေသည်။ လူငယ်များအနေဖြင့် Stay at Home ကာလတွင် ကျူရှင်နှင့် သင်တန်းများ တက်ရောက်နိုင်ခြင်းမရှိသည့်တိုင်အောင် မိမိအိမ်မှာပင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာလေ့လာခြင်း၊ လာမည့် ပညာသင်နှစ်အတွက် ပြဋ္ဌာန်းစာအုပ်များကို ကြိုတင် လေ့လာခြင်း၊ မိဘများကို ကူညီလုပ်ကိုင်ခြင်း၊ သုတ၊ ရသစာအုပ်များ ဖတ်ရှုခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ခုခုပြုလုပ်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ် သွားသင့်ပေသည်။ Stay at Home ကာလတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်သည့် အလေ့အကျင့်ကောင်း တစ်ခုခုကို ပုံမှန်သာလုပ်ဆောင်သွားမည်ဆိုလျှင် အလေ့အထဖြစ်လာလိမ့်မည် ဖြစ်သည်။ အမှန်တော့ လူတစ်ဦးသည် အချိန်ကို အကျိုးရှိရှိအသုံးချနိုင်သည့် အလေ့အထကောင်းသာ ရှိနေမည်ဆိုလျှင် ဘဝရည်မှန်း ချက်ကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင်လေ့ရှိသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ကပ်ရောဂါ ဆိုးကြီးထိန်းချုပ်နိုင်ရေးအတွက် Stay at Home ကာလအတွင်း စိတ်အလိုမလိုက်ဘဲ ဘဝတိုးတက် အောင်မြင်ရေးတွင် အထောက်အကူပြုစေမည့် အရာ တစ်ခုခုကို လုပ်ဆောင်ခြင်းအားဖြင့် အဓိပ္ပာယ်ရှိသော နေ့ရက်များကို ကျော်ဖြတ်သွားနိုင်ကြပါစေ။