အောင်ခေတ်
ဆယ်ကျော်သက်လူငယ်များ နိုင်ငံရေးစာပေကို လေ့လာလိုက်စားသင့်သလားဟုပြောလျှင် လေ့လာလိုက်စားသင့်ပါသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် နိုင်ငံသား တိုင်းနှင့် ဆိုင်ပေသည်။ တချို့ကပြောမည်။ “နိုင်ငံရေးက ကလေးတွေနဲ့ အထူးသဖြင့်မင်းတို့ ဆယ်ကျော်သက်အရွယ်တွေနဲ့ မဆိုင်ပါဘူးကွာ၊ မင်းတို့ ဘာနားလည်တာမှတ်လို့၊ အသာနေစမ်းပါ” အစရှိသဖြင့် ကြားသိရပါများလျှင်လည်း လူငယ်တို့အနေဖြင့် နိုင်ငံရေးက ငါတို့နှင့်မဆိုင်ပါဘူးဟု အထင်ရောက်သွားဖွယ်ရှိသည်။ နောင်အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူ လုပ်ဆောင်ကြရမည့် လူငယ်များအနေဖြင့် ဖြစ်ပျက်နေသော၊ ဖြစ်ပျက်ခဲ့သော နိုင်ငံရေးတို့နှင့် ကင်းကွာသွားနိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးစာပေများကို လေ့လာလိုက်စားနေဖို့ လိုအပ်သည်။
အချို့လူကြီးမိဘများက စာဖတ်ရန်အတွက်မူ လူငယ်များကို နှိုးဆော်ကြသည်။ သို့သော် မည်သို့ သောစာပေကို မည်ကဲ့သို့ ဖတ်ရှုလေ့လာသင့်သည်ကိုမူ လမ်းညွှန်ခြင်း မပြုတတ်ပေ။ စာဖတ်ခြင်း အလေ့ကို အစပျိုးမည့် လူငယ်လူရွယ်များအနေဖြင့် အချစ်ဝတ္ထု၊ အလွမ်းဝတ္ထု၊ စိတ်ကူးယဉ်ဝတ္ထုများတွင် တွေးတောငေးမောနေရသည်ကို ပိုမိုသဘောကျ နှစ်ခြိုက်ကောင်း နှစ်ခြိုက်လာနိုင်ပေသည်။ ထိုသို့ဆိုသည့်အတွက် အချစ်ဝတ္ထု၊ အလွမ်းဝတ္ထု အားလုံးကို သိမ်းကျုံး၍ မကောင်းဟုပြောလိုခြင်း မဟုတ်ပါ။ ယူတတ်လျှင် ပညာရသည်ဟုဆိုသကဲ့သို့ အဆိုပါဝတ္ထုများတွင်လည်း သင်ခန်းစာယူဖွယ်များ၊ ဗဟုသုတရဖွယ်များ အများအပြားပါရှိပေသည်။ အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် အမြဲဒွန်တွဲနေသော လောကဖြစ်သည့်အတွက် အကောင်းကိုထုတ်နုတ်ရွေးချယ်ယူတတ်၍ အဆိုးကိုရှောင်ကြဉ်စေချင်သည်။ အဓိကပြောချင်သည့်အကြောင်းမှာ ထိုဝတ္ထုများထဲတွင်ပါဝင်သော သမိုင်းနောက်ခံကားဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးပိတ်ကားတို့ပင်ဖြစ်သည်။ ဥပမာ ကျွန်ုပ်တို့ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်သည်ဆိုကြပါစို့။
ဝတ္ထုစာအုပ်ကို ဘယ်လိုဖတ်ကြမလဲ
ကျွန်ုပ်တို့ ဆရာကြီးသိန်းဖေမြင့် ရေးသားခဲ့သော ‘အရှေ့က နေဝန်းထွက်သည့်ပမာ’ ဝတ္ထုရှည်ကြီးကို ရွေးချယ်ကြည့်ကြမည်။ ထိုဝတ္ထုရှည်ကြီးကို ဆရာကြီးသည် ခြောက်နှစ်ကျော်ကျော် လောက်အချိန်ယူ၍ မြဝတီမဂ္ဂဇင်းတွင် အခန်းဆက် ရေးသားခဲ့သည်ဟု သိရသည်။ ဝတ္ထုဆိုသည့် သဘောအရ အချစ်၊ အမုန်း၊ အလွမ်း၊ အဆွေးတို့ကို ကျွန်ုပ်တို့တွေ့မြင်ရမည်။ ထိုကိစ္စတို့ကို အသားပေး တင်ပြရေးဖွဲ့ထားသည်ဟု တွေးမိလျှင်တော့ ကျွန်ုပ်တို့ မှားပေတော့မည်။ ဆရာကြီး အဓိကတင်ပြချင်သည်မှာ ဝတ္ထုနောက်ခံ နိုင်ငံရေးပိတ်ကားဟု ကျွန်ုပ်ထင်မြင်မိသည်။ ထိုနိုင်ငံရေးသမိုင်းများကို စီကုံးရေးသားရန်အတွက် ဆရာကြီးသိန်းဖေမြင့်သည် တက္ကသိုလ်ကျောင်းသား သခင်တင်ထွန်းကို မွေးဖွားပေးလိုက်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သိစေချင်သည်မှာ ဝတ္ထုဖတ်ရာတွင် ဖြစ်ပျက်နေသော သမိုင်းနောက်ခံနိုင်ငံရေးအဖြစ်အပျက်များကို အမိအရ ဖတ်မှတ်သိနားလည်ထားရန် ပေတည်း။
ထို့ကြောင့် စာဖတ်ရာတွင် အထူးသဖြင့် ဝတ္ထုဖတ်ရာတွင် ဇာတ်လမ်းအိမ်ထဲ လွင့်မျောသွား မနေစေရန် အထူးဂရုပြုရမည်။ ကျွန်ုပ်တို့ အခန်းတစ်ခု သို့မဟုတ် စာတစ်မျက်နှာကို ဖတ်ပြီးသွားပြီဟု ဆိုကြပါစို့။ ထိုအခန်းတစ်ခုထဲတွင် (သို့မဟုတ်) စာတစ်မျက်နှာထဲတွင် ဖြစ်ပျက်ခဲ့သော စာရေးသူ ဖော်ပြခဲ့သည့် အကြောင်းခြင်းရာများကို သေချာဆင်ခြင် တွေးတောသုံးသပ်ဖို့လိုသည်။ သည်ကိစ္စက ဖြစ်နိုင်မည်လား၊ မဖြစ်နိုင်မည်လား၊ စိတ်ကူးယဉ်ဆန် နေသည်လား၊ လက်တွေ့ကျသည်လား အစရှိသဖြင့် သုံးသပ်မိဖို့အရေးကြီးသည်။ ထိုနေရာတွင် သတိချပ်ရမည်မှာ ဝတ္ထု၏နောက်ခံကားထားသောအဖြစ် အပျက်များသည် တကယ့်အဖြစ်အပျက်လား၊ ဇာတ်လမ်းဆင်ထားသည်လားကို အထူးဂရုပြုရမည်။ စာရေးသူပဲသိလိမ့်မည်ဟု ဆိုနိုင်ဖွယ်ရှိသောကြောင့် စဉ်းစားဆင်ခြင်ဉာဏ်ကို အသုံးပြုရမည်မှာ သေချာ သည်။ များသောအားဖြင့်မူ နိုင်ငံရေးအဖြစ်အပျက်များကို နောက်ခံထားသော ဝတ္ထုစာပေများတွင် တကယ့်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အများဆုံးတွေ့ရကာ ဆင်ခြင်သုံးသပ်နိုင်ရန် အတော်ပင်ကောင်းမွန်သည်။
ရန်ကုန်ကို ဂျပန်တို့ ပထမအကြိမ် ဗုံးကြဲသည့် နေ့ရက်၊ တက္ကသိုလ်ကျောင်းသားသခင်များ သပိတ်ဆင်နွှဲပုံ၊ ရေနံမြေသပိတ်တပ်များအကြောင်း အစရှိသဖြင့် စင်စစ်ဖြစ်ခဲ့သော နိုင်ငံရေးသမိုင်းတို့ကို ထင်ဟပ်လျက်ရှိသည်။ နိုင်ငံရေးအကြောင်းချည်း ရေးသားထားမှ နိုင်ငံရေးစာပေမဟုတ်ပေ။ လူငယ်တို့ အနေဖြင့်လည်း ဝတ္ထုများဖတ်ရင်းဖြင့် နိုင်ငံရေးကို လေ့လာလိုက်စားသင့်သည်။ ဆရာကြီးတက္ကသိုလ် ဘုန်းနိုင်၏ ဝတ္ထုအချို့၊ ခေတ်စမ်းစာပေ၏ ဦးဆောင်လမ်းပြအဖြစ် သတ်မှတ်ခြင်းခံရသူ သိပ္ပံမောင်ဝ၏ စာတမ်းများ စသည့်ဝတ္ထုစာတမ်းတို့ကို အခြေခံ၍လည်း သမိုင်းတစ်လျှောက် နိုင်ငံရေးအဖြစ်အပျက် များကို လေ့လာနိုင်သည်။ ကျွန်ုပ်အထက်တွင်ဖော်ပြခဲ့သည့် ဆရာကြီးသိန်းဖေမြင့်ရေးသားခဲ့သော “အရှေ့ က နေဝန်းထွက်သည့်ပမာ” ဟူသည့်ဝတ္ထုရှည်ကြီးကို လူငယ်တိုင်း ဖတ်စေချင်သည်။ အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာအဖြစ် ပြန်ဆိုထားရှိသည်ဟု သိရပေသည်။
လူငယ်များ နိုင်ငံရေးစာပေကို ဘာကြောင့် လေ့လာသင့်တာလဲ
သမိုင်း ‘အ’ လျှင် လူ ‘အ’ သည်။ လူမ ‘အ’ စေရန်အတွက် သမိုင်းကိုလေ့လာရန် အထူးလိုအပ်လှပေသည်။ နိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် နိုင်ငံရေးသမိုင်းကို ပို၍လေ့လာလိုက်စားသင့်သည်။ လူကြီးမိဘများအနေဖြင့် တိုင်းပြည်၏အနာဂတ် သား၊ သမီးလူငယ်များအား နိုင်ငံရေးသမိုင်းများကို အမှန်အတိုင်း သိခွင့်ပေးရမည်။ “အင်္ဂလိပ်တွေ တို့နိုင်ငံကိုအုပ်ချုပ်သွားတုန်းက ဘယ်လိုအရာတွေ တိုးတက်တယ်၊ ဘယ်လိုအရာတွေ ဆုတ်လျော့တယ်။ ဂျပန်တွေက တို့နိုင်ငံကို ဘယ်လိုအုပ်ချုပ်သွားခဲ့တာ၊ ဖဆပလခေတ်ကဘယ်လို” အစရှိသဖြင့် အမှန်အတိုင်း ပြောကြရမည်။
ဒိုင်အာခီအုပ်ချုပ်ရေးသည် မည်သို့မည်ပုံ မကောင်းပုံ၊ အင်္ဂလိပ်လက်ထက်က ရန်ကုန်မြို့ကြီးက အာရှတိုက်တွင် အကောင်းဆုံး၊ အတုယူစရာ အကောင်းဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပုံ စသဖြင့် အတိတ်က နိုင်ငံရေးဇာတ်ခုံတွင် ပါဝင်ပတ်သက်နေသောလူများသာမက သက်ဆိုင်ဖြစ်ပျက်ခဲ့သော အခြားအကြောင်း အရာများကိုပါ လေ့လာသင့်ပုံမှာ ပြောစရာပင် လိုမည်မထင်။ နိုင်ငံရေးအသိအမှတ်အမှားများဖြင့် ကြီးပြင်းခဲ့သော လူငယ်များ၏လက်ထဲသို့ ကျွန်ုပ်တို့ အနာဂတ်နိုင်ငံကို ပေးအပ်ရဲမည်လော။ သာဓက ပေါင်းများစွာက ကျွန်ုပ်တို့ကို သက်သေပြခဲ့ပြီးပေပြီ။ အထူးသဖြင့် နိုင်ငံရေးကို စိတ်ပါဝင်စားစွာ လေ့လာ နေသော လူငယ်တစ်ယောက်အား နိုင်ငံရေးလုပ်တာ မကောင်းပါဘူးဟု မပြောမိစေရန် လိုအပ်ပေလိမ့်မည်။ ထိုသို့ မကောင်းဘူးပြောရန်အတွက် ကျွန်ုပ်တို့ ကိုယ်တိုင်ကပင် ဘာကြောင့်မကောင်းတာလဲ၊ ဘာကြောင့်ကောင်းတာလဲဟူသော အဖြေကိုပေးရန် အဆင်သင့်ဖြစ်နေပြီလားဟု ဦးစွာပထမ ပြန်မေး ကြည့်ရပေမည်။
နိုင်ငံရေးနှင့်ပတ်သက်သည်များကို စနစ်တကျ လေ့လာလိုက်စားနေစေရေးအတွက် လမ်းကြောင်းပေးရန် လိုအပ်လှပေသည်။ အသက်ငယ်ငယ်နှင့် ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားကျောင်းသားခေါင်းဆောင်များကို လေးစားအားကျကာ နိုင်ငံရေးတွင်ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ချင်သော လူငယ်များကိုလည်း လမ်းမလွဲစေရန်အတွက်မူ လမ်းညွှန်ပေးရမည့်တာဝန်မှာ လူကြီးမိဘတိုင်းတွင်ရှိသည်။ နိုင်ငံရေးစာပေများကို အဆက်မပြတ် လေ့လာလိုက်စားနိုင်စေရန် လူငယ်များအား တိုက်တွန်းသင့်သည်။ သို့ဖြစ်၍ ပညာဗဟုသုတပြည့်ဝသော၊ အားအင်အပြည့်ရှိသော၊ လက်ရုံးရည်နှင့် နှလုံးရည်ပြည့်ဝသော၊ ဆင်ခြင်ဉာဏ်ကြီးသော လူငယ်နိုင်ငံရေးခေါင်းဆောင်များကို ကျွန်ုပ်တို့ အလိုရှိပေသည်။ တိုင်းပြည်အတွက်လည်း လိုအပ်ပေသည်။
ပြည်တွင်းနိုင်ငံရေးသာမက ကမ္ဘာ့နိုင်ငံရေးတို့ကိုလည်း လေ့လာထားရန်လိုအပ်
ပြည်တွင်းနိုင်ငံရေးသာမက ကမ္ဘာ့နိုင်ငံရေး စာပေတို့နှင့်လည်း ရင်းနှီးကျွမ်းဝင်နေစေရန် လူငယ် များအနေဖြင့် အထူးဂရုပြုသင့်သည်။ ကမ္ဘာ့နိုင်ငံ ရေးဇာတ်ခုံပေါ်တွင် အရင်းရှင်စနစ်မှ ဘုံစနစ်ကို မည်ကဲ့သို့ ကူးပြောင်းလာပုံ၊ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး အကြောင်းများ၊ ကွန်မြူနစ်စနစ် တိုးတက်လာပုံ စသဖြင့် နိုင်ငံရေး ဒီရေလှိုင်းများအား ကမ္ဘာ့နိုင်ငံများ မည်သို့မည်ပုံ ဖြတ်သန်းလာခဲ့ရပုံတို့ကို သိရှိထားသင့်သည်မှာ ငြင်းဖွယ်ရာပင်မရှိ။ ထိုသို့လေ့လာရာတွင်လည်း မျက်နှာမလိုက်ဘဲ သမာသမတ်ကျကျ လိုက်စားရပေမည်။
ကွန်မြူနစ်စနစ်၏ ဆိုးကျိုးများကိုချည်း အပြစ်ဖို့နေလျှင် ကွန်မြူနစ်စနစ်၏ကောင်းကျိုးကို ရရှိခံစားသွားခဲ့ရသော ကမ္ဘာ့နိုင်ငံများက လှောင်ပြောင်နေပေလိမ့်မည်။ ဆိုရှယ်လစ်စနစ်ကို လေ့လာရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို လေ့လာရာတွင် ကောင်းကျိုး ချည်းတွေ့နေမည်ဆိုလျှင် ကျွန်ုပ်တို့သည် ဒီမိုကရေစီစနစ်အကြောင်းအား သေချာကောင်းစွာ မသိသေးဟု ဆိုကောင်းဆိုနိုင်ပေသည်။
ကိစ္စတိုင်းတွင် အလင်းနှင့်အမှောင်၊ အဆိုးနှင့်အကောင်း ဒွန်တွဲတည်ရှိနေသောကြောင့်တည်း။ မဲတစ်မဲသည် နိုင်ငံ၏တိုးတက်ပြောင်းလဲမှုကို ဖြစ်စေနိုင်သကဲ့သို့ ယုတ်လျော့ပျက်စီးခြင်းကိုလည်း ဖြစ်စေနိုင်သည်ဟုသိရှိပြီး မှန်ကန်သော ရွေးချယ်မှုကို ရွေးချယ်နိုင်စေရေးအတွက် လူငယ်များအနေဖြင့် နိုင်ငံရေးကို မလေ့လာ၍ မဖြစ်ပေ။
ယနေ့လူငယ်၊ နောင်ဝယ်လူကြီး
ယနေ့နိုင်ငံရေးဆွေးနွေးနေသော လူငယ်တို့စကားဝိုင်းသည် လွှတ်တော်နှင့်ခြားမည်မထင်။ နောင်အဆိုပါ တိုင်းပြုပြည်ပြုလွှတ်တော်များကို ဆက်လက်လည်ပတ်စေမည့် သူများမှာလည်း ထိုလူငယ်များပင် ဖြစ်သည်။ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး”ဟူသော စကားအတိုင်း အနာဂတ်တိုင်းပြည် နိုင်ငံရေးအတွက် အဘက်ဘက်မှ ပါဝင်ဆောင်ရွက်ကြရမည့် လူငယ်များအနေဖြင့် နိုင်ငံရေးစာပေနှင့် ကင်းကွာနေ၍မဖြစ်။ နိုင်ငံရေးစာပေများကို လေ့လာလိုက်စားကြမှသာ အတိတ်ကမှားခဲ့သောအမှားများ၊ အတုယူသင့်သောသင်ခန်းစာများကို အတုယူနိုင်ကြကာ နိုင်ငံရေးဇာတ်ခုံပေါ်တွင် အမှားအယွင်းမရှိ ကပြဖျော်ဖြေနိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ ကောင်းနိုးရာရာ နိုင်ငံရေးစာပေဟူသမျှကို ဖတ်မှတ်လေ့လာ လိုက်စားခြင်းအားဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးကျေးဇူးပြုနိုင်သော လွတ်လပ်စွာ တွေးခေါ်သုံးသပ်တတ်၍ မှန်ကန်ဖြောင့်မတ်သည့် နိုင်ငံရေးအယူအဆရှိသော လူငယ်လူရွယ်များ ဖြစ်ကြပါစေကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။


