စစ်တွေ နိုဝင်ဘာ ၁၇

 

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်းတွင် အမ်ဗွီရဲထွန်းအောင် သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုနှင့် အမ်ဗွီ ရွှေလမင်း(၅) သင်္ဘောဖြင့် ရေထွက်ပစ္စည်းများ ရန်ကုန်မြို့သို့ တင်ပို့နိုင်ရန် ကုန်တင်ကုန်ချ ပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများ စနစ်တကျ အတင်အချပြုလုပ်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံး ဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မှာကြားသည်။

 

ထို့နောက် စစ်တွေမြို့ ခိုင်သဇင် ခန်းမ၌ ကျင်းပသော ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ၊ မိဘဆရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာ ပြည့်ဝနှလုံးလှသည့် နိုင်ငံတော်က အားကိုးအားထား ပြုရသော သားကောင်း သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းအားထုတ် ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် စစ်တွေ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးခြင်း၊ ဖြေဆိုခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ ကျောင်းသား မိဘများက ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ် လူမှုရေးရာဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)