နေပြည်တော် အောက်တိုဘာ ၂၅

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များနှင့်အတူ တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင် (၃၀၀) နှင့် တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ ခုတင် (၁၀၀) တို့မှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးပြီး လာရောက်‌ဆေးကုသမှုခံယူသူများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ရာဇသင်္ဂဟလမ်းသို့ သွားရောက်၍ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းတစ်လျှောက် စိမ်းလန်းစို‌‌ပြည်ရေး ရာသီအလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုးထားရှိမှု အ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးကြရန်၊ လမ်းဥပဓိရုပ်‌ ကောင်းမွန်စေရေး၊ လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်သွားရန်၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ ရပ်ကွက်/ကျေးရွာ ဆိုင်းဘုတ်များကို စနစ်တကျ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းတစ်‌လျှောက် လမ်းပိုင်းများ၊ လမ်းဘေးပလက် ဖောင်းများနှင့် ကပ်တုံးများ ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် လမ်းဘေးမြေယာရှုခင်းများ သန့်ရှင်းသာယာ‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည် တည်တံ့မှုရှိစေရန် ပြုပြင် ထိန်းသိမ်းရေး၊ အရည်အသွေး ပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

အောင်မျိုးဝင်း(ဥတ္တရ)