ဘာမာကို ၃ နိုဝင်ဘာ
မာလီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းကို နိုဝင်ဘာ ၁ ရက်တွင် အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၅၃ ဦး သေဆုံးသွားကြောင်း မာလီအစိုးရက ပြောသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း ယခုတစ်ကြိမ်မှာ အဆိုးရွားဆုံးဖြစ်သည်။ နိုင်ဂျာနယ်စပ်အနီး မီနာကာဒေသရှိ အင်ဒါလီမိန်း တပ်စခန်းတွင်လည်း အရပ်သားတစ်ဦး သေဆုံးခဲ့ရသည်ဟု ဆက်သွယ်ရေးဝန်ကြီး ရာရာ ဆန်ဂါရီက တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။ ယခုအခါ အခြေအနေများကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး သေဆုံးသူများ၏ အလောင်းများကို ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။
သေဆုံးသူများစာရင်း ထပ်တိုးပြီးနောက် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ တပ်စခန်းတွင် အသက်ရှင်ကျန်ရစ်သူ ၁၀ ဦးရှိကြောင်း၊ ဆိုးရွားသော တိုက်ခိုက်မှုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ နောက်ထပ် အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။ မာလီအစိုးရက ယခုတိုက်ခိုက်မှုကို အစောပိုင်းက ရှုတ်ချပြောဆိုခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများပြားကြောင်း ပြောကြားခဲ့သည်။ သေဆုံးသူ လူစာရင်း အတိအကျကိုမူ ဖော်ပြသွားခြင်း မရှိပေ။ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် နေရာသို့ တပ်ကူများစေလွှတ်ထားကြောင်းလည်း အစိုးရက ထုတ်ပြန်ကြေညာထားသည်။ နိုဝင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၏ လက်သည်တရားခံမှာ မည်သည့်အဖွဲ့အစည်း ဖြစ်သည်ကိုမူ မသိရသေးပေ။ လွန်ခဲ့သည့်လကလည်း ဘာကီနာဖာဆို နယ်စပ်တွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၄ဝ ခန့်သေဆုံးခဲ့ရသည်။ မာလီတပ်ဖွဲ့သည် အစွန်းရောက် အကြမ်းဖက်သမားများနှင့် ရင်ဆိုင်ရာတွင် ရုန်းကန်ရင်ဆိုင်နေရသည်။
အေအက်ဖ်ပီ


