နေပြည်တော် နိုဝင်ဘာ ၄

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် ဈေးရောင်းပွဲတော်ကို သုံးရက်တာ ကျင်းပလျက်ရှိရာ ယနေ့ တန်ဆောင်မုန်းလပြည့်ညပွဲတော် နောက်ဆုံးနေ့တွင် အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာပြည်သူများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲကြပြီး စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၊ အပြင် သည်ပွဲတော်လာပရိသတ်များဖြင့် အထူးစည်ကားခဲ့သည်။

 

ကလေး၊ လူကြီး အားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ပါးပါးနဲ့ တော်တော်စည်ကားပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ရင်း မိသားစုနဲ့အတူ ဘုရားပွဲတော် လည်ရင်း၊ မီးပုံးပျံလွှတ်တာတွေ ကြည့်ရင်း လာရောက်တာပါ။ ဒီနှစ်မှ ပထမဆုံး နေပြည်တော် တန်ဆောင်တိုင်ပွဲတော် ရောက်ဖူးတာပါ။ ဈေးရောင်းပွဲတော်မှာ ဒေသထွက်ကုန်ပစ္စည်းတွေကိုလည်း လေ့လာခွင့်ရခဲ့သလို နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ အနုသုခုမ ဇာတ်သဘင်ဖျော်ဖြေရေး အစီအစဉ်တွေ ကြည့်ရှုခွင့်ရတဲ့အတွက် ပွဲတော်ကို စီစဉ်ပေးတဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ် ဟု ကျောက်ပန်းတောင်းမြို့မှ လာရောက်လည်ပတ်သည့် ဒေါ်စမ်းစမ်းအေးက ပြောပြသည်။

 

ထိုသို့ တန်ဆောင်တိုင်ပွဲတော် လာရောက်ကြသည့် ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ပရိဝုဏ်အပြင်ဘက်ရှိ ဈေးရောင်းပွဲတော်၌ ရောင်းချလျက်ရှိသည့် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများကိုလည်း အထူးနှစ်ခြိုက်စွာ ဝယ်ယူအားပေးလျက်ရှိသည်ကို တွေ့ရသည်။

 

မကွေး ပဲဆီသန့်ဆုံဆီ လာရောက်ပါဝင် ရောင်းချတာပါ။ ပွဲတော်လာ ဧည့်ပရိသတ်တွေက ဝယ်ယူကြပါတယ်။ တချို့က ပွဲတော်ပထမရက်က ဝယ်ယူပြီး ကြိုက်နှစ်သက်လို့ ထပ်မံလာရောက် အားပေးတာတွေလည်းရှိပါတယ်။ အော်ဒါမှာတာလည်း ရှိတယ်။ တန်ဆောင်တိုင်ပွဲတော်ဆိုပေမယ့် ဒေသထုတ်ကုန်တွေ၊ ဒေသအစားအစာတွေ ပါဝင်ရောင်းချခွင့်ပေးတဲ့အတွက် ကျွန်မတို့လို MSME လုပ်ငန်းရှင်တွေ အနေနဲ့ စားသုံးသူနဲ့ တိုက်ရိုက်ထိတွေ့ရောင်းချခွင့်ရတယ်။ Marketing တစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ ရောင်းအားလည်း ကောင်းပါတယ် ဟု Ok သင်းရနံ့ ပဲဆီသန့်လုပ်ငန်းမှ မအေးချမ်းဖြိုးက ပြောသည်။

 

ဈေးရောင်းပွဲတော်တွင် ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ထုတ်ကုန်ပြခန်းများ၊ နေပြည်တော်ကောင်စီနယ်မြေမှ MSME စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ One Region One Product (OROP) ထုတ်ကုန်ပစ္စည်းများ၊ EV ကားနှင့် ဆိုင်ကယ်အရောင်းပြခန်း အပါအဝင် ဆိုင်ခန်းပေါင်း ၃၀၈ ခန်းဖြင့် အမျိုးအစားစုံလင်စွာ ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည်။

 

ထို့အတူ ဈေးဆိုင်ခန်းများတွင် ဖျော်ရည်၊ ယိုမျိုးစုံ၊ မျှစ်ချဉ် စသည့် ဒေသထွက်ကုန်များ၊ ပယင်းလက်မှုပစ္စည်းများ၊ ကျောက်ပန်းချီနှင့် ကျောက်မျက်အချောထည် ပစ္စည်းများ၊ လက်မှုပန်းချီကားများ၊ လက်ရက်ကန်းထည်များ၊ ချည်ထည်အဝတ်အထည်များ၊ မြန်မာမှုလုပ်ငန်းများ စသည်ဖြင့် အမျိုးအစားအလိုက် ခင်းကျင်းရောင်းချလျက်ရှိရာ ပွဲတော်လာ ပရိသတ်များက စိတ်ကြိုက် ရွေးချယ်ဝယ်ယူလျက်ရှိကြသည့်အပြင် ရှမ်းအစားအစာ အရောင်းဆိုင်၊ ရခိုင်အစားအစာ အရောင်းဆိုင်၊ မြန်မာမုန့်မျိုးစုံ အရောင်းဆိုင်အပါအဝင် အမျိုးအစားအစုံ၊ အရသာအစုံ ရောင်းချနေမှုကို စားသုံးသူများက ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးလျက် ရှိကြသည်။

 

တကယ်ကို ပျော်စရာကောင်းတဲ့ ပွဲတော်ကြီးပါ။ ပွဲတော်သုံးရက် လုံးလာဖြစ်တယ်။ မာရဝိဇယ ဘုရားကြီးက သပ္ပာယ်တယ်၊ ဘုရားဖူးရင်း အေးချမ်းမှုကို ခံစားရတယ်။ ဘုရားဝင်းကလည်း ကျယ်တော့ ဘုရားဖူးတွေလည်း အေးအေးဆေးဆေး ရှိတယ်။ ပွဲတော်မှာ ရောင်းချတဲ့ ဒေသ ထွက်ကုန်တွေကို ဝယ်ယူဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း မြည်းစမ်းဦး မှာပါ။ ဈေးရောင်းပွဲတော်လည်ပြီးရင် အဆိုတော်တွေ ဖျော်ဖြေမှုကို အားပေးမယ်။ အလုပ်ပိတ်ရက် ဖြစ်တဲ့အတွက် အေးအေးဆေးဆေး အပန်းဖြေခွင့်ရတဲ့ ပွဲတော်ကြီးပါ။ ဒါကြောင့် ဖျော်ဖြေရေး အစီအစဉ် အားလုံးပြီးမှပဲ ပြန်မှာပါ ဟု ပွဲတော် လာရောက်သူတစ်ဦးက ပြောသည်။

 

ထိုကဲ့သို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူအများ စိတ်အပန်းပြေ ပျော်ရွှင်မှုရှိစေရေးအတွက် ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးချားဝိုင်း၊ ကလေးစီး ရထားဝိုင်း၊ ကလေးစီး လှုပ်စိ၊ ကလေးစီး ဒုံး စသည်ဖြင့် ကစားနည်းမျိုးစုံကို ထည့်သွင်း စီစဉ်ထားသည့်အတွက် ကလေးငယ်များက ကစားကွင်းအပြည့် ပျော်ရွှင်စွာ လာရောက်ဆော့ကစားကြပြီး ကလေးငယ်များ၏ လှုပ်ရှားမှုများသည် တန်ဆောင်တိုင်ပွဲတော်၏ အေးချမ်းသာယာမှု အနှစ်သာရကို ပိုမိုပေါ်လွင်စေသည်။

 

ထို့ပြင် ပွဲတော်လာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ တန်ဆောင်တိုင်ပွဲတော်ကြီး နွှဲပျော်နိုင်ရန်၊ စိတ်အပန်းပြေစေရန်အတွက် ပွဲတော်ကျင်းပသည့် သုံးရက်စလုံး အခမဲ့ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိရာ နိုင်ငံကျော် တေးသံရှင်များ၏ ခေတ်ပေါ်တေးဂီတ စတိတ်ရှိုးသည် ပွဲတော်လာ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ၏ အားပေးမှုကို အထူးရရှိခဲ့သည်။

 

စတိတ်ရှိုး ဖျော်ဖြေရေးအစီ အစဉ်များတွင် Hi Bird Music Band နှင့် Runner Music Band တို့နှင့်တွဲဖက်၍ နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသည့် ကိုင်ဇာ၊ ကော်နီ၊ ရဲသွင်၊ ရတနာမိုင်၊ ဝိုင်းဆုခိုင်သိန်း၊ မိစန္ဒီ၊ နန်းခင်ဇေယျာ၊ ဆောင်းယွန်းစံ၊ မိုးပြည့်ပြည့်မောင်၊ ဟဲလေး၊ ဖြိုးကြီး၊ ဂျီလတ်၊ ဝေကြီး၊ Yong P၊ ဆုပန်ထွာ၊ နေမင်းအိမ်၊ ဝိုင်းလေး၊ ဖော်ဝေး၊ ထက်ယံ၊ ဂျိုးလေး၊ ရော်ရွက်၊ သံသာမိုးသိမ့်၊ ဝင့်ယမုံနိုင်၊ စည်သူဝင်း၊ ဆုထက်လှိုင်၊ ဟန်ထူးဈာန်၊ ဈာဈာန်ဟန်သာ၊ ထက်အဉ္စလီ၊ ယွန်းမြတ်သူ၊ ဝန၊ J Fire ၊ Ice Cold ၊ M Three ၊ မိုးအာကာဝင်း၊ ဇွဲထက်၊  ခိုင်မြဲသစ္စာ၊ A Yoon ၊ အေးငြိမ်းစံ၊ ပိုးဖြူဖြူနှင့် Tommy Kyaw တို့က ပွဲတော်လာ ပရိသတ်အကြိုက် ခေတ်ပေါ် တေးသီချင်းများဖြင့် အလှည့်ကျ ဖျော်ဖြေသီဆိုပေးကြသည်။

 

ထိုသို့ နိုင်ငံကျော်တေးသံရှင်များ၏ တေးသီချင်းများ မြူးမြူးကြွကြွ သီဆိုဖျော်ဖြေမှုများကို ပရိသတ်များက အတူလိုက်ပါသီဆို ကခုန်စီးမြောရင်း တန်ဆောင်တိုင်ပွဲတော်ကို ကွင်းပြည့်ကွင်းလျှံ အေးချမ်းပျော်ရွှင်စွာ လာရောက်ဆင်နွှဲခဲ့ကြသည်။

 

ထို့အတူ နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ် ဇာတ်ပွဲသဘင်၏ ခေတ်မီသည့် သဘင်စင်မြင့် အပြင်အဆင်များ၊ အသံစနစ်များ၊ ခေတ်မီနည်းပညာရပ်များ၊ ဆိုင်းဝိုင်းကြီးနှင့် အနောက်တိုင်း တူရိယာများ၏ မြူးမြူးကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်မှုများကို တွဲဖက်ပံ့ပိုးပြီး ထူးခြားပြောင်မြောက်သည့် သဘင်အနုပညာဖြင့် ပေါင်းစပ်ဖျော်ဖြေ တင်ဆက်မှုများက ပရိသတ်အကြိုက်တွေ့သည့်အပြင် သဘင်ချစ်ပရိသတ်များကို အပန်းပြေစေခဲ့သည်။

 

ဖျော်ဖြေတင်ဆက်

ယနေ့ ပွဲတော်နောက်ဆုံးည ဖျော်ဖြေတင်ဆက်မှုတွင် မြို့ရွှေမန်းသားဖိုးချစ် ဆိုင်းတီးဝိုင်းအဖွဲ့၏ ပဏာမဧည့်ခံတီးလုံးဖျော်ဖြေမှု၊ ဇာတ်သဘင် အကအဖွဲ့၏ ဖေဖေ ကျော်နတ်ယိမ်းအက ဖျော်ဖြေမှု၊ အဖွဲ့လိုက် ပဏာမတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှု၊ ပျော်စရာကပွဲ ဘုံကထိန်သီချင်းဖြင့် အကအဖွဲ့၏ ဖျော်ဖြေမှု၊ တေးဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဓီရာမိုရ်၏ တေးသီချင်း တီးခတ်မှုများကို နောက်ခံပြု၍ မြို့ရွှေမန်းသား ဖိုးချစ် ဦးဆောင်တင်ဆက်ကပြသည့် တာဇံ(သို့မဟုတ်) လက်ပံပွင့်ကောက်အော်ပရာ၊ နိုင်ငံကျော် ဟာသလူရွှင်တော်များ ပါဝင်သည့် ဟာသတစ်ခန်းရပ် အစီအစဉ်၊ ခေတ်ပေါ်တေး အစီအစဉ်၊ တရားရှင်ဇာတ်တော်ကြီး၊ နှစ်ပါးသွားအက စသည်တို့ကို ဇာတ်သဘင်ပညာရှင်များက သဘင်အနုပညာအပြည့်ဖြင့် စည်းဝါးနှင့် အပြိုင် ဟန်ချက်ညီညီ သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြရာ သဘင်ချစ် ပရိသတ်များက အားပေးမှု လက်ခုပ်သံများဖြင့် နှစ်သက်စွာ ခံစားကြည့်ရှုခဲ့ကြသည်။

 

ထိုသို့ ပွဲတော်လာပရိသတ်များ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက်လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများက ပွဲတော်လာပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ပါက ကုသမှုပေးနိုင်ရန် ဆေးခန်းဖွင့်လှစ်၍ လည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ပွဲတော်သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များသိမ်းဆည်းခြင်းကိုလည်းကောင်း ပွဲတော် ကျင်းပသည့် သုံးရက်တာအတွင်း တာဝန်ထမ်းဆောင်ပေးကြကြောင်း သိရသည်။

သန်းမင်းအောင်၊ ဂျိုင်းလော

ဓာတ်ပုံ-သီဟ၊ ပြည့်စုံ