နေပြည်တော် ၂၂ အောက်တိုဘာ

တပ်မတော်မှ အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီက မဘိမ်းမြို့၊ ကုန်းခါးရပ်ကွက်၊ အင်းချောင်းအနီးတွေ့ရှိသူ ယောဂီ(ခ)ယောလှ အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅၀၀ နှင့် ဘိန်းဖြူ ၁၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ တာရွှေထန် ကျေးရွာအုပ်စု၊ ပါးဝေကျေးရွာအနီးလမ်းမပေါ်တွင် လမ်းလျှောက်လာသူ လောက်အန်းအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၊ အိုက်စ် ၂ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နမ့်ကော်ကျေးရွာနေ ရန်လော်ကျား၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀၊ ဘိန်းဖြူ ၅ ဂရမ်နှင့် အိုက်စ် ၄ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ အောက်တိုဘာ ၂၁ ရက်ညနေ ၄ နာရီတွင်  မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအနီး၊ ဘုရားကြီးကုန်း-ဂနိုင်ယား ကျေးရွာသွားလမ်းပေါ်တွင် ကျော်နိုင်လွင်(ခ)ချစ်နိုင်လွင် မောင်းနှင်လာသည့် Probox အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား