ကာမိုင်း ၃၀ ဩဂုတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ လဝါးနှင့် ဒွန်ဘုန်းခကျေးရွာကြား၌ ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာသည့် ယာဉ်တစ်စီး ဖမ်းမိခဲ့ကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဖားကန့်မြို့နယ် မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ လဝါးနှင့် ဒွန်ဘုန်းခကျေးရွာကြား၌ နယ်မြေခံတပ်မတော်သားများမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့၊ ဇီးလွန်ရပ်ကွက်နေ ဘောက်လာ(၂၆ နှစ်) မောင်းနှင်ပြီး ဝိုင်းမော်မြို့နေ ယောဆက်(၂၄ နှစ်) လိုက်ပါလာသည့် DONGFENG အမျိုးအစား ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဆာလာအိတ်များဖြင့်ထည့်၍ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ၂၄၀၆၄ တုံးမှ အလေးချိန် ၁၄၃၁၅ ကီလိုအား သိမ်းဆည်းရမိခဲ့သည်။
ဘောက်လာနှင့် ယောက်ဆက်တို့နှစ်ဦး၏ စစ်ဆေးထွက်ဆိုချက်အရ အဆိုပါ ကျောက်စိမ်းအရိုင်းတုံးများမှာ မြစ်ကြီးနားမြို့၊ ရှဒေါင်ကျေးရွာနေ ဦးတန်ဂွမ်း ဆိုသူမှ မြစ်ကြီးနားသို့ အခကြေးငွေဖြင့် ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဘောက်လာ၊ ယောက်ဆက်နှင့် ဖမ်းဆီးမမိသေးသူ ဦးတန်ဂွမ်းတို့ သုံးဦးအား ကားမိုင်းနယ်မြေရဲစခန်းတွင် ကျောက်မျက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


