မြစ်ကြီးနားမြို့ရှိ  သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် (စွန့်ဦးတီထွင်)လုပ်ငန်း

 

 

သတင်းဆောင်းပါး/ဓာတ်ပုံ - ဖြိုးလေး၊ ငုရွှေဝါ

 

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစားလုပ်ငန်း ၇၀၄ ခုရှိပြီး စွန့်ဦးတီထွင် လုပ်ငန်းလေးခု ပါဝင်ကြောင်း ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။ ၎င်းတို့အနက် မြစ်ကြီးနားမြို့ရှိ Jamila’s အမည်ဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းလည်း အပါအဝင်ဖြစ်သည်။ အဆိုပါလုပ်ငန်းသည် သက်ဆိုင်ရာ၏ ကြီးကြပ်ကူညီမှုဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် ဖြန့်ချိလျက်ရှိသည်။

 

အသေးစားစက်မှုလုပ်ငန်းဆီသို့ ရည်ရွယ်

 

အဆိုပါ Jamila’ s လုပ်ငန်းအနေဖြင့် မျက်နှာသစ်ဆပ်ပြာ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နှင့် ရေမွှေးတို့ကို ထုတ်လုပ်လျက်ရှိသည်။ လူသုံးကုန် ပစ္စည်းများ စတင်ထုတ်လုပ်ခဲ့မှုနှင့် ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်သူ မနန်ဆိုင်းသည် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့စဉ် အလုပ်တစ်ဖက်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ် နည်းသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိသားစုဝင်ငွေအတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အသေးစားစက်မှု လုပ်ငန်းဆီသို့ ရည်ရွယ်ဦးတည် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

ယင်းလုပ်ငန်းမှ ထုတ်လုပ်သည့် မျက်နှာသစ်ဆပ်ပြာကို နနွင်း၊ စပါးလင်အဆီ၊ ပူဒီနာအရွက်၊ ဝါးမီးသွေး စသည်တို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သဘာဝဆေးဖက်ဝင်အပင်များဖြင့် ထုတ်လုပ်သည့်အတွက် ကျန်းမာရေးအတွက် များစွာအထောက် အကူဖြစ်စေကြောင်း၊ အထူးသဖြင့် ခန္ဓာကိုယ်ရှိ အရေပြားယားယံခြင်းနှင့် အနာရောဂါများကို ပျောက်ကင်းသက်သာနိုင်ကြောင်း၊ မျက်နှာနှင့် အသားအရေ သန့်ရှင်းကောင်းမွန်ရန် အထောက်အကူ ဖြစ်စေကြောင်း မနန်ဆိုင်းက ပြောပြသည်။

 

လုပ်ငန်းများ စနစ်တကျ သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအတွက် မှတ်ပုံတင် ဆောင်ရွက်လျက်ရှိရာ ကြီးကြပ်ကူညီဆောင်ရွက်ပေးနေသည့် သက်ဆိုင်ရာဌာနနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံရည်ရွယ်လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် ထုတ်ကုန်များ ထုတ်လုပ်နေမှုအပေါ် ကျေနပ်ပီတိဖြစ်မိကြောင်းလည်း ၎င်းကဆက်လက် ပြောပြသည်။

 

လုပ်ငန်းများ တိုးချဲ့နိုင်ရေး စီစဉ်ဆောင်ရွက်

 

အထူးသဖြင့် ဈေးကွက်တွင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချမှုနှင့် ပတ်သက်၍အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ထားသဖြင့် သုံးစွဲရန် ဝယ်ယူ ရသည့်ပစ္စည်းသည် ပေးချေရသည့် ငွေပမာဏနှင့် ထိုက်တန်မှုရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှအနေဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်သည့်အတွက် တစ်နေ့လျှင် အရည်အသွေးမီ ပစ္စည်းတစ်မျိုးလျှင် အခု ၅၀ ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ဈေးကွက်တွင် ရောင်းတမ်းဝင်ပစ္စည်း များဖြစ်အောင် ကြိုးစားလျက်ရှိပြီး လုပ်ငန်းများတိုးချဲ့နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းလည်း မနန်ဆိုင်းက ဆိုသည်။

 

မိမိအပါအဝင် လူငယ်များအနေဖြင့် စွန့်ဦးတီထွင်ကြရန် အချိန်ရှိနေကြကြောင်း၊ လူတိုင်းသည် လုပ်ငန်းတစ်ခု လုပ်ကိုင်ရာတွင် ငွေကိုသာ ကြိုးစားရှာဖွေခြင်းမဟုတ်ဘဲ အတတ်ပညာတစ်ခုခု တတ်မြောက်အောင် သင်ကြားဆောင်ရွက်နိုင်ကြောင်း၊ မိမိအနေဖြင့် အခြားနိုင်ငံတွင် အလုပ်တစ်ခု သွားရောက်လုပ်ကိုင်ခဲ့ကြောင်း၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင်တွင် အတတ်ပညာဖြင့် အကျိုးပြုလိုသည့် စိတ်ဆန္ဒတစ်ခုရရှိခဲ့ကာ တတ်နိုင်မည့် နည်းပညာကို ကြိုးစားသင်ယူခဲ့၍ ယခုလို လုပ်ငန်းဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးနေသည့်အချိန် ဖြစ်နေသဖြင့် ဂုဏ်ယူဝမ်းသာလျက် ရှိကြောင်း၊ အသေးစားလုပ်ငန်းတစ်ခုကို ပိုမိုကြိုးစား ဆောင်ရွက်နိုင်စေသည့် တွန်းအားတစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

 

လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိနိုင်သည့်အတွက် လုပ်ငန်းတစ်ခု စတင်လိုသူများအနေဖြင့် စိတ်ဝင်စားမှု ရှိရန်လိုကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် အချိန်ပိုမိုရရှိသဖြင့် လုပ်ငန်းများ အောင်မြင်နိုင်ကြောင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ပါက မိမိဒေသ အကျိုးစီးပွားကို မြှင့်တင်ပေးရာရောက်ကြောင်း ၎င်း၏စိတ်သဘောထား ခံယူဆောင်ရွက်နေမှုကိုလည်း သိခွင့်ရခဲ့သည်။

 

mdn

 

နနွင်းကို ဆပ်ပြာထုတ်လုပ်

 

ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသော သဘာဝဆေးဖက်ဝင်အပင်ဖြစ်သည့် နနွင်းကို အိမ်တွင်ကိုယ်တိုင် အမှုန့်ပြုလုပ်၍ ဆပ်ပြာထုတ်လုပ်ခြင်းဖြင့် ဒေသတွင်းရှိ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွား အဆင်ပြေနိုင်သည့်အပြင် ကျန်းမာရေးအတွက် သင့်လျော်သည့် ထုတ်ကုန်ဖြစ်ရာ ပိုမိုဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိပြီး အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် ယခုကဲ့သို့ နည်းစနစ်များကို အခြားသူများသိရှိအောင် အသိပညာပေးလုပ်ငန်းများလည်း သက်ဆိုင်ရာများနှင့် ပူးပေါင်းကာ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မနန်ဆိုင်းသည် အမျိုးသမီး ငယ်တစ်ဦးဖြစ်သည့်အပြင် စွန့်ဦးတီထွင်လိုသောစိတ်၊ ငွေနှင့်အတတ်ပညာရှာဖွေ ရာတွင် မျှတမှုရှိအောင် ဆောင်ရွက်နေမှု၊ မိမိအကျိုးစီးပွားမှသည် အမြော်အမြင်ကြီးစွာဖြင့် ဒေသနေပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ တီထွင်ဖန်တီး လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။