မြစ်ကြီးနား ၂၉ အောက်တိုဘာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၌ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ နောင်ရာ နယ်မြေရှိ ဦးလထော်နန်အောင်(၄၆ နှစ်)၏ နေအိမ်တွင် သွယ်တန်းထားသည့် လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲကာ ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ်ဝါးထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင် သည့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးငြိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် ဦးလထော်နန်အောင်၏ ပေ(၂၀)ပတ်လည်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


