နေပြည်တော် ၁၁ မတ်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ မြောက်နဝင်းရေလှောင်တမံ၏ တမံကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင်ထားရှိမှု၊ စိုက်ပျိုးရေပေးဝေမှု လုပ်ငန်းများနှင့် ဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော နွေသီးနှံစိုက်ခင်းများကို မတ် ၈ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်မြေကုမ္ပဏီလီမိတက်၏ တစ်ကွင်းတစ်ဆက်တည်း ဧက ၄၈၀ဝ ပေါ်တွင် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းရောင်းချသည်အထိ စက်စွမ်းအားအပြည့်အဝအသုံးပြု ဆောင်ရွက်နေသည့် mechanized farming စနစ်ဖြင့် ကြံ၊ ပြောင်းနှင့် ပဲတီစိမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး အဆင့်မြင့်နည်းပညာ အသုံးပြု၍ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်အားပေးသည့်အပြင် နည်းပညာနှင့် အကူအညီများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်မြို့နယ် ဇီးအုပ်စိုက်ပျိုးပညာပေးရေးစခန်း၌ ဒေသခံတောင်သူများ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တောင်သူအသိပညာပေး နည်းပညာတိုးတက်ရေးကို အလေးထားဆောင်ရွက်နေမှု၊ စိုက်ပျိုးအသိပညာပေး စင်တာများ၌ စိုက်ပျိုးရေးပညာရှင်များက နည်းပညာဗဟုသုတများ ဟောပြောဆွေးနွေးနေမှု၊ စိုက်ပျိုးရေး စင်တာဖွင့်လှစ်ပြီး ဝန်ဆောင်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ် ၉ ရက် နံနက်ပိုင်းတွင် ပေါင်းတည်မြို့နယ် ဝဲကြီးရေလှောင်တမံနှင့် နတ္တလင်းမြို့နယ် တောင်ညိုရေလှောင်တမံများ၏ တမံအတွင်းရေ သိုလှောင်ထားရှိမှု၊ နွေသီးနှံအတွက် စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေသောက်မြောင်း စီမံခန့်ခွဲမှု တောင်သူအစုအဖွဲ့ water user များနှင့် ရင်းနှီးစွာတွေ့ဆုံ၍ ဆည်ရေသောက် စနစ်ဆိုင်ရာများ၊ ရာသီအလိုက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုများကို မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီမြို့နယ် ချောင်းသုံးခွကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွှေဝါရောင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော မျိုးစေ့ထုတ်စိုက်ကွင်းအား ကြည့်ရှုအားပေးသည်။
(သတင်းစဉ်)


