ရန်ကုန် နို၀င်ဘာ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကို ယမန်နေ့နံနက်ပိုင်းက စေတီတော်ကြီး ဂေါပကအဖွဲ့ရုံးခန်းမ၌ ပြုလုပ်သည်။

 

ဩဝါဒခံယူ

အခမ်းအနားတွင် ဆုတောင်းပြည့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှကြည်နှင့် တာဝန်ရှိသူများက ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဘာသာရေးဆိုင်ရာကိစ္စများ၊ ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြလျှောက်ထားကြသည်။ ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား စေတီတော် ဂေါပကနှင့်အဖွဲ့ဝင်များက နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကြသည်။

 

ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ကာ မဟာပဋ္ဌာန်းကျမ်းမြတ်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် ၁၀၉ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ရာ ပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၂ ရက်အထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)