မြောင်းမြ ၁၀ အောက်တိုဘာ
မြောင်းမြမြို့ ၊ အမှတ်၅ ရပ်ကွက် လယ်ယာသုံးဈေး(သဲပုံဆိပ် )ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လူတော်-မြောင်းမြ ပြေးဆွဲသည့် အောင်ချမ်းသာ ခရီးသည်တင် ရေယာဉ်တစ်စီးသည် ဆိုက်ကပ်ထားသော ဆိပ်ကမ်းတွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွါးခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြောင်းမြမြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၄ စီး ရေသယ်ယာဉ် ၂ စီးတိုဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ၁၅ မိနစ်ခန့်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)မီးလောင်သေဆုံးပြီး ခရီးသည် များဖြစ်သည့် ဒေါ်တူးတူးမာ (၅၅)နှစ် ၊ ရွှေဘိုစုရွာ အိမ်မဲမြို့နယ် ၊ ဒေါ်ဝင်းဝင်း(၄၀)နှစ် ။ လူတော်ကျေးရွာ မြောင်းမြမြို့နယ်။ မောင်ရှိုင်းကိုကို (၂၀)နှစ် ၊ ကျွန်းကလေးကျေးရွာ မြောင်းမြမြို့နယ်နေသူတို့ မီးသင့်ဒဏ်ကြောင့် မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
အဆိုပါ အောင်ချမ်းသာရေယာဉ်သည် လူတော်ကျေးရွာမှ ယမန်နေ့ ည ၈ နာရီခန့်က မြောင်းမြမြို့ သို့ရောက်ရှိလာပြီးညအိပ်ရပ်နားကာ ယနေ့နံနက် ၁၀ နာရီမှာ လူတော်ကျေးရွာကို ပြန်လည် ထွက်ခွာမည်ဖြစ်ကာ ခရီးသည်နှင့်ကုန်များမတင်ဆောင်မီ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မင်း ( မြောင်းမြ)


