မောင်တော ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် ကျောင်းစုရပ်နေရာများတွင် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူ များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ဆရာ/မ များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၅)နှစ် နှင့် (၁၂) ကြားရှိ ကျောင်းသားကျောင်းသူများထဲမှ ယမန်နေ့က နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယ)အကြိမ်အဖြစ် ကျောင်းသား ကျောင်းသူ ၂၉၃၆ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကာ ဇူလိုင် ၂၅ ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၁၄၉၈၂ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်း သား/သူများအား ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


