နေပြည်တော်  ၁၈  မတ် 

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်း အရာ တစ်ခုချင်းအလိုက် တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေးကြသည်။

 

ယနေ့အစည်းအဝေးတွင် မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင် ခွင့်ချထား မြေများအား ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများမှ တင်ပြလာ မှု၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ(မူကြမ်း)အပေါ် သတ္တုတွင်း ဦးစီးဌာနမှ အကြံပြုချက်များပေးပို့လာခြင်းနှင့် ဓါတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်လွှာများ လျှောက်ထား မှု၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃/၂၀၁၆) အစည်းအဝေးဆုံးဖြတ်ချက် အရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာမှု၊ ယခင် ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ၊ ဗဟိုကော်မတီမှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအား သီးခြား ကိစ္စရပ်အနေဖြင့် ကြိုတင်ခွင့်ပြုပေးနိုင်ပါရန် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှ ညှိနှိုင်းလာခြင်းတို့ကို ဆွေးနွေးကြသည်။

 

ယနေ့ပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အဖွဲ့အစည်းအဝေးသည် (၁၈)ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် နှင့်စပ်လျဉ်း၍ စည်းကမ်းချက် သတ်မှတ်ကာလ (၄)နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော လုပ်ကိုင်ခွင့်ချထားမြေ ၁၄၄၈၆၇၆ ဧကအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)