ရန်ကုန်  ဒီဇင်ဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးက ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် မြန်မာ့နွားအလှနှင့် အသားတိုးနွား၊ နို့စားနွား၊ သိုး/ဆိတ် ပြိုင်ပွဲကို ဒီဇင်ဘာ( ၃၁) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် မွေးမြူရေးခြံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါပြိုင်ပွဲများကို ကျင်းပခြင်းဖြင့် ပြည်သူများ မွေးမြူရေးဆိုင်ရာ ဗဟုသုတများ ရရှိစေနိုင်ခြင်း၊ ဒေသတွင်းမှထွက်ရှိသော အစားအစာများဖြင့် ရှင်သန်ကြီးထွားပြီး လှပသော မျိုးကောင်းမျိုးသန့် နွားနှင့် သိုး/ဆိတ်များ မွေးမြူနိုင်သည်ကို အတုယူအားကျ၍ လက်ဆင့်ကမ်းမွေးမြူနိုင်ခြင်း၊ မွေးမြူရေးကဏ္ဍ တိုးတက်လာမှုဖြင့် တန်ဖိုးမြှင့်နို့နှင့် နို့ထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ဈေးကွက်ကောင်း ရရှိရေးအတွက် အချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုမှ မွေးမြူရေး တောင်သူများ ဝင်ငွေများတိုးမြှင့် ရရှိစေနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့် နွားမျိုးများနှင့် သိုး/ဆိတ်များ ပွားများလာမှုမှ ဒေသမျိုးရင်းများကို ထိန်းသိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။

 

mdn

 

“ပထမအကြိမ် မြန့်မာ့နွားအလှ၊ အသားတိုးနွား၊ နို့စားနွားနဲ့သိုး၊ ဆိတ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ကျင်းပပေးခဲ့တာပါ။ အခု ဒုတိယအကြိမ်ကိုတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ ကျင်းပသွားဖို့ရှိပါတယ်။ အခုလိုကျင်းပခြင်းအားဖြင့် အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်တဲ့ ဒေသနွား၊ နို့စားနွားနဲ့ သိုး/ဆိတ် မျိုးကောင်းတွေရှိတဲ့ အရပ်ဒေသတွေကို သိရှိနိုင်တဲ့အပြင် မွေးမြူရေးသမားတွေ အပြန်အလှန် ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာစေပါတယ်။ အသားတိုးထွက်နှုန်းနဲ့ နို့ထွက်နှုန်းကောင်းတဲ့ နွားနဲ့ဆိတ်ကို ရွေးချယ်မွေးမြူခြင်း အားဖြင့် မွေးမြူရေး တောင်သူတို့ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုမှာ အခွင့်အလမ်းကောင်းများစွာ ပေါ်ထွန်းစေပါတယ်။ တောင်သူတွေရဲ့ မွေးမြူရေး နည်းပညာတွေ ဖလှယ်နိုင်ပြီးတော့ ပြိုင်ပွဲဝင်တိရစ္ဆာန်တွေရဲ့ တန်ဖိုးနဲ့ အမူအကျင့်တွေကို ပိုမိုလေ့လာသိရှိနိုင်ဖို့အတွက် ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးမင်းထွန်းက ပြောသည်။

ပြိုင်ပွဲတွင် မြန်မာ့နွားသိုး၊ အသားတိုး နွားအထီး/ အမ၊ နို့စားနွားများဖြစ်သော နို့စားနွားမနှင့် နွားမတန်း၊ ဆိတ်ထီး/ဆိတ်မ စသည်ခုနှစ်မျိုး ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာ့မျိုးကောင်း မျိုးသန့်အဖြစ် နာမည်ရလျက်ရှိသည့် ဘရာမင်အသားတိုးနွားနှင့် နို့ထွက်နှုန်းကောင်းသော ဆာနန်ဆိတ်နှင့် အသားထွက်နှုန်းကောင်းသော ဘိုဝါဆိတ်များ ကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ယခုကျင်းပမည့် နွားပြိုင်ပွဲတွင် ဆုချီးမြှင့်မှုအနေဖြင့် ပထမဆု ငွေကျပ် (၅) သိန်း၊ ဒုတိယဆု ငွေကျပ် (၃) သိန်း၊ တတိယဆု ငွေကျပ် (၂) သိန်းနှင့် နှစ်သိမ့်ဆု ငွေကျပ် (၁) သိန်း၊ ဆိတ်ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် (၃) သိန်း၊ ဒုတိယဆု ငွေကျပ် (၂) သိန်း၊ တတိယဆု ငွေကျပ် (၁) သိန်းနှင့် နှစ်သိမ့်ဆုအတွက် ငွေကျပ်ခုနှစ်သောင်း စသဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပထမအကြိမ်ကျင်းပခဲ့သော ပြိုင်ပွဲ၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း (၁၅) မြို့နယ်မှ နွား (၈၈) ကောင်နှင့် ဆိတ် (၂၆) ကောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ယခုဒုတိယအကြိမ်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ကောင်ရေ စာရင်းအား ဒီဇင်ဘာ (၃၀) ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး                                                                                         
ညိမ်းသူ (သတင်းစဉ် )