နေပြည်တော်  ၁၁  စက်တင်ဘာ 

 

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်းရပ်ကွက်၊ ဈေးအတွင်း  ယမန်နေ့   နံနက်ပိုင်းက AA အဖွဲ့က  သတ်ဖြတ်ထားသည့် အမျိုးသားအလောင်း နှစ်လောင်းအား တွေ့ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ AA အဖွဲ့သည် အပြစ်မဲ့အရပ်သား ပြည်သူများဖြစ်သည့် သဲကမ်းတောင်ကျေးရွာနေ  ဦးညီညီထွေးနှင့် ဦးမောင်လုံးတို့ နှစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလယ်ပိုင်းရပ်ကွက်ရှိ ဈေးအတွင်း လမ်းလေးခွဆုံ၌  ထားရှိခဲ့ခြင်းဖြစ်ကြောင်း။

 

ထို့ပြင် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ  ဦးခိုင်သည် မိသားစုနှင့်အတူ နေအိမ်၌ အိပ်နေစဉ် စက်တင်ဘာ ၉ ရက် ည ၁၂ နာရီခန့်တွင် AA အဖွဲ့မှ သုံးဦးရောက်ရှိလာပြီး  ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း။

 

အလားတူ ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာမှ  အပြစ်မဲ့အရပ်သားတစ်ဦးအား  ကျောက်တော်မြို့ ချမ်းမြေ့နဒီပန်းခြံဆိပ်ကမ်းရှိ စက်လှေဆိပ်၌လည်းကောင်း၊  မတ်  ၂၀  ရက်တွင်  မြေပုံမြို့နယ်  စံညှင်းကျေးရွာမှ အပြစ်မဲ့အရပ်သားတစ်ဦးအား လည်းကောင်း၊ မတ် ၂၃ ရက်တွင် တိမ်ညိုရဲစခန်းမှ  စခန်းမှူးအား  လည်းကောင်း၊ မေ ၁ ရက်တွင် ကျောက်တော်မြို့နယ် ပီကောက်ဝ (ရခိုင်) ကျေးရွာအတွင်း နေထိုင်သည့်တပ်မတော်မှ     အငြိမ်းစားတပ်ကြပ်ကြီး တစ်ဦးအားလည်းကောင်း၊ ဩဂုတ် ၃ ရက်တွင် ကျောက်တော်မြို့နယ်၊ ဆင်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သာဒါဆိပ်ကျေးရွာ ရာအိမ်မှူးတို့အား  လည်းကောင်း၊  စက်တင်ဘာ ၁ ရက်တွင်  ကျောက်တော်မြို့နယ်  ဝါးတောင်ကျေးရွာတွင်နေအိမ်၌  ဈေးရောင်းနေသည့်  အပြစ်မဲ့အရပ်သား  နှစ်ဦးနှင့် ယိုးတရုတ်ကျေးရွာဈေးအတွင်း၌ ဈေးဝယ်နေသည့် ဒု-ရဲအုပ်တစ်ဦးတို့အား လည်းကောင်း AA အဖွဲ့က လက်နက်ငယ်များ၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ်ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်