ကျောက်တံခါး ၂၂ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၅/၅ နှင့် ၆ အကြား ဘာဘူကုန်းကျေးရွာအနီး၌ စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲက မြေသြဇာအိတ်များ တင်ဆောင်မောင်းနှင်လာသော ၁၂ ဘီးယာဉ်တစ်စီး လမ်းဘေးရေမြောင်းအနီးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းညီညီနိုင် (၂၇)နှစ် တောင်သာမြို့ မန္တလေးတိုင်းဒေသကြီး နေသူမောင်းနှင်လာသာ 1I/----- HINO PROFIA FWIEXH အမျိုးအစား ပြာနက်ရောင် ၁၂ ဘီးယာဉ်သည် မြေသြဇာအိတ်များ တင်ဆောင်ပြီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်း လမ်းဘေးရေမြောင်းအနီးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းညီညီနိုင်နှင့် ယာဉ်နောက်လိုက် စွမ်းထက် (၁၉)နှစ် ညောင်ပင်ကြီးရွာ စဉ့်ကိုင်မြို့နေသူတို့မှာ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဘော်ဒီပိန်ချိုင့် အမိုးကိုင်းကျိုး၍ ပျက်စီးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ အရ ယာဉ်မောင်းညီညီနိုင်အား အမှုဖွင့်အရေးထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


