မိမိုးအေး (ဘားအံတက္ကသိုလ်)

 

ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ “အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ ဖွဲ့ရတဲ့အကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “COVID တိုက်ပွဲကြီးမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အင်အားတွေကို နိုင်ငံတော်အတွက် စနစ်တကျသုံးနိုင်အောင် အဖွဲ့ ဖွဲ့ဖို့စီစဉ်နေပြီး ဒီအဖွဲ့အတွက် ဆောင်ပုဒ်ကိုလည်း ‘မေတ္တာ၊ စာဂ၊ ဝီရိယ’ လို့ သုံးစွဲ ပါမယ်လို့” ပြောကြားခဲ့ပါတယ်။

 

ရိုးရှင်းပြီး လှပတဲ့ ဆောင်ပုဒ်လေးပါပဲရှင်။ ဗုဒ္ဓ ဘာသာအများစုနေထိုင်တဲ့ကျွန်မတို့နိုင်ငံမှာ ဒီဝေါဟာရ တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပါတယ်။ စာပေတွေ ထဲမှာ ဖွင့်ဆိုတဲ့ အဓိပ္ပာယ်အကျယ်ကို မသိရင်တောင်မှ

ယေဘုယျအဓိပ္ပာယ်ကိုတော့ အများစုက သိကြပါတယ်။ ပြီးတော့ “မေတ္တာ၊ စာဂ၊ ဝီရိယ’ ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓက ဘဝပေါင်းများစွာ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေလည်း ဖြစ်ပါတယ်။

 

“ပါရမီ” ဆိုတဲ့ ပါဠိဝေါဟာရဲ့ အဓိပ္ပာယ်ကို ကျမ်းဂန် တွေမှာ “အထွတ်အမြတ်၊ မြတ်သောသူ၏ အဖြစ်” လို့ ဖွင့်ဆိုပါတယ်။ မြင့်မြတ်တဲ့သူတွေရဲ့ အလုပ်၊ မြင့်မြတ်သူတွေ ကျင့်တဲ့ ကျင့်စဉ်ဖြစ်တယ်လို့ ဆိုလိုပါတယ်။ တစ်နည်းပြောရရင်တော့ လောကကို ကိုယ့်အတွက် အသုံးမချဘဲ လောကအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးချတာပဲ ဖြစ်ပါတယ်။ အခုဒီအဖွဲ့မှာ ပူးပေါင်းပါဝင်ဆောင်ရွက် ကြမယ့်သူတွေကလည်း လောကအတွက် ကိုယ့်ကိုယ် ကိုယ် အသုံးချမယ့်သူတွေပဲ ဖြစ်ပါတယ်။

 

ဗုဒ္ဓက ဘဝပေါင်းများစွာမှာ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀) ပါး ရှိပါတယ်။ အဲဒါတွေကတော့ -

 

(၁) ဒါနပါရမီ = လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို ဖြည့်ကျင့်ခြင်း။

 

(၂) သီလပါရမီ = သီလ စောင့်ထိန်းမှုကိုဖြည့်ကျင့်ခြင်း။

 

(၃) နေက္ခမ္မပါရမီ = ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။

 

(၄) ပညာပါရမီ = ဉာဏ်ပညာ တိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။

 

(၅) ဝီရိယပါရမီ = မတွန့်မဆုတ် အားထုတ်သော ဇွဲလုံ့လဖြင့် ကြိုးစားမှုကို ဖြည့်ကျင့်ခြင်း။

 

 (၆) ခန္တီပါရမီ = အသက်မရှိသော သစ်တုံးကဲ့သို့ သည်းခံခွင့်လွှတ်မှုကိုဖြည့်ကျင့်ခြင်း။

 

(၇) သစ္စာပါရမီ = အမှန်အတိုင်း ပြောဆို၍ပြောသည့်အတိုင်း လိုက်နာ ကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း။

 

(၈) အဓိဋ္ဌာန်ပါရမီ = စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း။

 

(၉) မေတ္တာပါရမီ = သူတစ်ပါးအကျိုးစီးပွားအတွက် အစဉ်မေတ္တာ ရှေ့ထားဆောင်ရွက်မှုကို ဖြည့်ကျင့်ခြင်း။

 

(၁၀) ဥပေက္ခာပါရမီ = ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုး နှစ်တန်ကို ခံနိုင်ရည်ရှိအောင် ဖြည့်ကျင့်ခြင်း။

 

 

ဒီနေရာမှာတော့ “မေတ္တာ၊ စာဂ၊ ဝီရိယ”တို့ အကြောင်း ကိုပဲ ကျွန်မသိသလောက် မျှဝေပေးချင်ပါတယ်။

 

မေတ္တာကို “ချစ်ခြင်း၊ မြတ်နိုးခြင်း” လို့ ကျွန်မတို့ ရိုးရိုးရှင်းရှင်း သိထားကြပါတယ်။ စာပေတွေထဲမှာတော့ မေတ္တာနဲ့ပတ်သက်ပြီး ဖွင့်ဆိုထားတာ အများကြီး ရှိပါတယ်။ ကျွန်မ နားလည်သလို ပြောရရင် တခြားတစ်ယောက်ရဲ့ အကျိုးစီးပွားကို ဘာမျှော်လင့်ချက်မှမပါဘဲ လုပ်ကိုင်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ မေတ္တာစစ်ရဲ့ သဘောဟာ ကြည်လင်အေးမြတယ်။ ငြိမ်းချမ်း တယ်။ တဏှာပေမ မပါဝင်ဘူး။ ဒေါသရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်။ နူးညံ့သိမ်မွေ့တဲ့သဘောကို ဆောင်တယ်။

 

မြတ်ဗုဒ္ဓဟာ မေတ္တာပါရမီကို အထူးဖြည့်ကျင့်ခဲ့တဲ့ မဟာလူသားပဲဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ အကျိုးကို လိုလားတဲ့အလျောက် အသက်ကိုမငဲ့ကွက်ဘဲ မေတ္တာနဲ့ ဆောင်ရွက်ပေးခဲ့တာဟာ ဘဝပေါင်းများစွာကပဲ ဖြစ်ပါတယ်။ ပါဠိစာပေများမှာ မေတ္တာနဲ့ အောင်မြင်ခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ကမ္ဘာကျော် စစ်ဘုရင်ကြီး အသောကမင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့ မင်းဘဝကနေ ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်ဝါဒကို ပြောင်းလဲပြီး မေတ္တာနဲ့ ငြိမ်းချမ်းတဲ့နိုင်ငံကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ကျွန်မတို့ လူသားအချင်းချင်း ငြိမ်းချမ်းစွာ ပေါင်းသင်းဆက်ဆံနိုင်ဖို့ဆိုရင် မေတ္တာဟာ အရေး ကြီးဆုံးဖြစ်ပါတယ်။

 

စာဂဆိုတာကိုတော့ “စွန့်ခြင်း၊ စွန့်လွှတ်ခြင်း၊ စွန့်ကြဲ ပေးကမ်းလှူဒါန်းခြင်း” ဆိုပြီး အဘိဓာန်တွေမှာ ဖွင့်ဆို ထားကြပါတယ်။ သတ္တဝါတွေရဲ့ ကောင်းကျိုးအတွက် ဗုဒ္ဓဟာ စွန့်လွှတ်မှုတွေအများကြီး ပြုနိုင်ခဲ့သူ ဖြစ်ပါ တယ်။ စာပေတွေထဲမှာတော့ “အင်္ဂါကြီးငယ်ကိုစွန့်ခြင်း၊ သားမယားကိုစွန့်ခြင်း၊ မင်းအဖြစ်ကိုစွန့်ခြင်း၊ မိမိကိုယ် (အသက်) ကိုစွန့်ခြင်း၊ မျက်လုံးကိုစွန့်ခြင်း” ဆိုပြီး ဖော်ပြထားပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို အများအတွက် လှူဒါန်းတာတင်မက ကိုယ့်ရဲ့ခန္ဓာကိုယ်၊ အသက် ဒါတွေကို ဘာမျှော်လင့်ချက်မှမပါဘဲ စွန့်လွှတ်တာဟာ စာဂလို့ ကျွန်မနားလည်ထားပါတယ်။

 

စာဂနဲ့ပတ်သက်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာကိုလည်း ကျွန်မ မှတ်သား ထားမိတာရှိပါတယ်။ အဲဒါကတော့ “ဤကမ္ဘာ၌ ပြည်သူတို့၏ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း အသက်ကို စွန့်လှူရခြင်းထက် ပို၍မွန်မြတ်သော အလုပ်နှင့် ကြီးမြတ်သောဂုဏ်သည် မရှိပြီ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

 

နောက်တစ်ခုကတော့ ဝီရိယပါ။ “အားထုတ်ခြင်း၊ လုံ့လ၊ ရဲရင့်ခြင်း” လို့ အဘိဓာန်တွေမှာ ဆိုပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် အားထုတ်မှုမပါရင် မအောင်မြင်နိုင်ဘူးဆိုတာ အလုပ်လုပ်နေကြတဲ့သူတိုင်း သိကြပါတယ်။ ဗုဒ္ဓဖြည့်ကျင့်ခဲ့တဲ့ ပါရမီထဲမှာ ဝီရိယပါရမီလည်း ပါဝင်ပါတယ်။ ကြိုးစားအားထုတ်တဲ့ အခါမှာလည်း မတွန့် မဆုတ်ဘဲ ထက်သန်ပြင်းထန်တဲ့ ဝီရိယ(ဒဠဝီရိယ) ဖြစ်ရပါမယ်။

 

ကိုယ့်အတွက် ဆောင်ရွက်တာပဲဖြစ်ဖြစ်၊ အများအတွက် ဆောင်ရွက်တာပဲဖြစ်ဖြစ် ဘာကိုပဲလုပ်လုပ် ဝီရိယစိုက်ထုတ်ပြီး လုပ်ကိုင်ဆောင်ရွက်မှ အောင်မြင်ပြီးမြောက်မှာပါ။ ဘယ်အလုပ်ကိုပဲလုပ်လုပ် အခက်အခဲဆိုတာ ကြုံတွေ့ရမှာပါ။ အဲဒီအခါမျိုးမှာ နောက်ဆုတ်ချင်တဲ့စိတ် မဖြစ်ဖို့လိုပါတယ်။ အရှုံးမပေးချင်တဲ့ စိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။ ဝီရိယရဲ့ နောက်မှာတော့ အောင်မြင်မှု အသေအချာရှိနေမှာပါ။ ကံဉာဏ်ဝီရိယမှာ ကံနဲ့ဉာဏ်မှာ တူခဲ့ရင်တောင် ဝီရိယရှိတဲ့သူက သာသွားမှာပဲ ဖြစ်ပါတယ်။

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ရဲ့ ဆောင်ပုဒ်ဟာ ပြီးပြည့်စုံလှပါတယ်။ ဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကြမယ့် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်၊ အစိုးရဘက် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီဟာ အဖွဲ့အစည်းခေါင်းစဉ်တွေ ကွဲပြားနေပေမဲ့သူတို့တွေရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ။ အဲဒါကတော့ ဒီရောဂါကပ်ဆိုးကြီးကို ထိခိုက်မှုအနည်းဆုံးနဲ့ ကျော်ဖြတ်သွားနိုင်ဖို့ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးဖို့ပါပဲ။ ရည်ရွယ်ချက်တူပြီး ဦးတည်ချက်လည်း တူညီကြပါတယ်။

 

သူတို့ဆောင်ရွက်လုပ်ကိုင်တဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိနိုင်ပြီး အများကြီးလည်း ရင်ဆိုင်ကြရ မှာပါ။ စိတ်ပျက်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ဒါတွေကို သူတို့ မဖြစ်မနေ တွေ့ကြုံရင်ဆိုင်ရမှာပါ။ အဲဒီအခါမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက်၊ အဖွဲ့အစည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်တင်တာ၊ ဝေဖန်တာမျိုးတွေ မလုပ်ကြဘဲ အဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “မေတ္တာ၊ စာဂ၊ ဝီရိယ” နဲ့ဆောင်ရွက်ကြရင်ဖြင့် ဒီကပ်ဆိုး ကြီးကို ကျွန်မတို့ အတူကျော်ဖြတ်နိုင်မှာပါ။ ဒီလိုဆောင်ရွက်တာဟာ ဗုဒ္ဓရဲ့ ကျင့်စဉ်ကို လက်တွေ့အသုံးချ ပြီး လုပ်ကိုင်ဆောင်ရွက်ရာလည်း ရောက်စေပါတယ်။

 

ကျွန်မတို့ ပြည်သူတွေဘက်ကလည်း တာဝန်သိသိ နဲ့ ပူးပေါင်းပါဝင်ဖို့ကလည်း အရေးကြီးတဲ့ အချက်ပါပဲ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေ၊ ဒေသန္တရရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရပါမယ်။ နောက်တစ်ခုကတော့ အရေးကြီးတယ်လို့ ကျွန်မယူဆ တဲ့အချက်ပါ။ ဒီရောဂါဖြစ်နေတာဟာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးရင်ဆိုင်နေ ရတာပါ။ ဒီနေရာမှာ ရောဂါနဲ့ပတ်သက်ပြီး သတင်းတင်တဲ့သူရော၊ ဒီသတင်းကို ပြန်ပြီးမျှဝေတဲ့သူရော သတင်း မှန်၊ မမှန် သတိထားဖို့ အရေးကြီးတယ်ဆိုတာပါပဲ။

 

ကောလာဟလသတင်းဟာ ပျက်စီးတတ်တယ် ဆိုတာကို ဒုဒ္ဒုဘဇာတ်မှာတွေ့ရပါတယ်။ ကျွန်မတို့လည်း သိထားတဲ့အကြောင်းပါပဲ။ ဥသျှစ်သီးကြွေကျတာကို ကမ္ဘာမြေကြီး ပြိုပြီအထင်နဲ့ ‘မြေပြိုတယ်” လို့ ယုန်ကလေးက ပြောတာကိုကြားပြီး တောတစ်ခုလုံးက တိရစ္ဆာန်တွေ ပြေးလိုက်ကြတာ တောကြီးတစ်ခုလုံး ပျက်စီးခဲ့ရပါတယ်။ သတင်းတစ်ခုရဲ့ ရင်းမြစ်မှန်၊ မမှန်ကို သိအောင်လုပ်ဖို့ လိုပါမယ်။ မမှန်ကန်တဲ့ သတင်း၊ ကောလာဟလသတင်း တွေကြောင့် မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်သွား နိုင်ပါတယ်။

 

ကျွန်မတို့အားလုံး ဦးတည်ရာတစ်ခုတည်းကို သွားနေကြတာဖြစ်တဲ့အတွက် အောင်မြင်မှာ သေချာပါတယ်။ ဦးတည်ရာလည်းတူပြီး မေတ္တာထားကြမယ်။ စွန့်လွှတ်အနစ်နာခံကြမယ်။ ဝီရိယထားပြီး ကြိုးစားဆောင်ရွက်ကြရင်ဖြင့် အောင်မြင်မှုဟာ ကျွန်မတို့နဲ့ မဝေးပါဘူး။ ဗုဒ္ဓက ‘သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ’ ဆိုတာကို လောကုတ္တရာ အတွက်ချည်းပဲ မဟုတ်ဘဲ လောကီအတွက်ပါ လမ်းညွှန် ပေးခဲ့ပါတယ်။ ခု ဆောင်ပုဒ်မှာပါတဲ့ အချက်တွေအပြင်ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်ကိုဖြစ်မယ်ဆိုတဲ့ ယုံကြည်မှု ‘သဒ္ဓါ’၊ ဘယ်လိုအခြေအနေမျိုးကို ရောက်ရောက် မဖောက်ပြန်တဲ့ ကိုယ်ကျင့်တရား ‘သီလ’၊ လိုအပ် လာရင် ကိုယ့်အတွက်ဆိုတာကို ထည့်မတွက်ဘဲ စွန့်လွှတ်နိုင်တဲ့ ‘စာဂ’၊ ဘယ်လိုကိစ္စကိုပဲဖြစ်ဖြစ် အမှားအမှန် ပိုင်းခြားဝေဖန်နိုင်တဲ့ ‘ပညာ’ တွေကိုပါ ထည့်ပြီးဆောင်ရွက် လိုက်ရင် အတိုင်းထက်အလွန်ပါပဲ။

 

‘အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့’မှာ ပါဝင်ပြီး မြင့်မြတ်တဲ့အလုပ်တွေကို ဆောင်ရွက်ကြ မယ့်သူအားလုံး၊ အထူးသဖြင့် ဒီဖြစ်စဉ်မှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျေးဇူးတရားတွေကို အစဉ်အောက်မေ့သတိရပြီး အလေးအနက် ဂုဏ်ယူ၊ ဂုဏ်ပြုလိုက်ရပါတယ်ရှင်။ ။

 

မြန်မာ့အလင်း