သတင်းဆောင်းပါး - ဒေါက်တာမြင့်သန်း(ညောင်လေးပင်)
အခုအခါ တစ်ကမ္ဘာလုံး ကူးစက်ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို ပင်ပန်းကြီးစွာ ရင်ဆိုင်နေရပါတယ်။ ကူးစက်ခံရသူ သုံးသန်းကျော်၊ သေဆုံးသူနှစ်သိန်းကျော်နဲ့ လှိုင်းလုံးကြီးသဖွယ် ကမ္ဘာမြေကို ရိုက်ခတ်နေဆဲဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း အများနည်းတူ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ကူးစက်ရောဂါဆိုတဲ့အတိုင်း ကူးစက်ခံနေရသူကထွက်တဲ့ droplets ခေါ် အမှုန်အမွှား လေးတွေကိုရှူရှိုက်မိလို့ဖြစ်စေ၊ နှာရည်ယို၊ ချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားလေးတွေကို ထိတွေ့ကိုင်တွယ်မိရာ ကဖြစ်စေ တခြားသူတွေဆီ အဆင့်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ကူးစက်ပျံ့နှံမှုတွေကို ဖြတ်တောက်နိုင်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းက လူတိုင်း မိမိတို့နေအိမ်မှာ စိတ်ချရလောက် တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ကြခြင်း ဖြစ်ပါတယ်။ "Stay at Home အိမ်မှာပဲနေကြပါ" ဆိုတဲ့ သက်ဆိုင်ရာရဲ့ တိုက်တွန်းနှိုးဆော်မှုနဲ့အတူ တစ်နိုင်ငံလုံး လိုက်နာဆောင်ရွက်နေကြပါတယ်။ Stay at Home မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ကြခြင်းဟာ မင်္ဂလာတရားနဲ့ညီလှပြီး ကူးစက်ရောဂါကိုလည်း ထိရောက်စွာ ဟန့်တားနိုင်မှာဖြစ်ကြောင်း တွေးမိပါတယ်။ ၃၈ဖြာမင်္ဂလာတရားတော်လာမင်္ဂလာတရားတော်အချို့နဲ့ တော်တော်ကိုက်ညီနေတာကို တွေးမိပါတယ်။
ပဏ္ဍိတာနဉ္စ သေဝနာ ဧတံမင်္ဂလမုတ္တမံ
(ပညာရှိကိုမှီဝဲဆည်းကပ်ခြင်း)
Seeing is believing-မြင်ရမှယုံမယ်ဆိုသူ များစွာ တွေ့နိုင်ပါတယ်။ မျက်စိနဲ့ မမြင်ရဘဲ ဘာဖြစ်လို့ ဒီလောက် တောင် ကြောက်နေကြရတာလဲဆိုသူတွေတွေ့ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေအကြောင်းကို သိပ္ပံပညာရှင်တွေက သေချာစွာလေ့လာတွေ့ရှိကြပြီး လူသားတွေအတွက် အကျိုးဆောင်ပေးကြပါတယ်။ တစ်နည်းအားဖြင့် ပညာရှင် တွေကြောင့် မျက်စိနဲ့ မမြင်ရသော်လည်း ရောဂါပိုး တကယ်ရှိနေကြောင်း၊ မည်သို့မည်ပုံ အန္တရာယ် ပေးနိုင်ကြောင်း၊ မည်သို့ကာကွယ်ကုသနိုင်ကြောင်း စတာတွေကို အများပြည်သူ သိရှိနားလည်ခွင့် ရကြပါတယ်။ ဒါဟာ ပညာရှိ၊ ပညာရှင်တို့ကို ဆည်းကပ်မှီဝဲရတဲ့ မင်္ဂလာတရား၊ အကျိုးတရားတစ်ခုဖြစ်ပါတယ်။
ပတိရူပဒေသဝါသောစ ဧတံမင်္ဂလမုတ္တမံ(သင့်ရာအရပ်မှာနေခြင်း)
Stay at Home - အိမ်မှာနေပါ။ ကပ်ရောဂါပျံ့နှံ့ နေချိန်မှာ အိမ်ပြင်ထွက်ရင် ရောဂါရှိသူထံက တစ်နည်း နည်းနဲ့ မိမိကိုကူးစက်ခံရနိုင်သလို မိမိကတစ်ဆင့် မိသားစုဝင်တွေ၊ အလုပ်တွင်းကမိတ်ဆွေတွေ အစရှိသူ တို့ထံ တစ်ဆင့်ကူးစက်သွားနိုင်ပါလေရော။ ဒါကြောင့် ဒီအချိန်မှာ သင့်တော်ရာအရပ်ဟာ မိမိတို့ရဲ့ နေအိမ်ဂေဟာ၊ မိသားစုတွေစုဝေးနေရာ နေအိမ်သာဖြစ်ပါတယ်။ နေအိမ် သည်သာ အကောင်းဆုံးနေရာဖြစ်ပါတယ်။ မိမိတို့ မိသားစုနဲ့လည်း နွေးထွေးစွာနေခွင့်ရတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ "Home is where the Heart is" ဆိုတဲ့အတိုင်း မိမိတို့ရဲ့ အသည်းနှလုံးများ တည်ရှိရာ နေရာအမှန်ဖြစ်တဲ့ အိမ်မှာနေရခြင်းဟာ မင်္ဂလာတရားနဲ့ ပြည့်စုံတယ်။ ကူးစက်ရောဂါကိုလည်း ဖြတ်တောက်နိုင် ပါတယ်။
အတ္တသမ္မာပဏီဓိစ ဧတံမင်္ဂလမုတ္တမံ(မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ထိန်းသိမ်းခြင်း)
“လက်ဆေး၊ နှာခေါင်းစည်းတပ်၊ သုံးပေလှပ်၊ အိမ်မှာနေဖို့ သတိချပ်၊ ဒေါက်တိုင်လေးခုမှတ်” ဆိုတဲ့ အတိုင်း လက်တွေကို စနစ်တကျမှန်မှန်ဆေးပါ။ အကြောင်းရှိလို့ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ။ တစ်ယောက်နဲ့တစ်ယောက် မကူးစက်နိုင်အောင် သုံးပေမှ ခြောက်ပေအကွာမှာနေပါဆိုတဲ့ social distancing၊ အိမ်မှာလည်းနေပါ။ ဒီအချက်တွေကို လူတိုင်းလိုက်နာခြင်း ဖြင့် ကူးစက်နိုင်မှုမရှိအောင် ဟန့်တားနိုင်ပါလိမ့်မယ်။ ဒါဟာလည်း လူတိုင်း မိမိတို့ကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်း မင်္ဂလာတရားနဲ့ ညီနေတာပါပဲ။
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဧတံမင်္ဂလမုတ္တမံ (အကြားအမြင် ဗဟုသုတရှာမှီးခြင်း)
ကူးစက်ရောဂါအကြောင်း လေ့လာသိရှိကြခြင်းဖြင့် လူတိုင်းကိုယ်စီကိုယ်စီ မိမိတို့ကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဗဟုသုတ အခြား သိသင့်ဖွယ်တွေကို လေ့လာမှတ်သားနိုင်ကြခြင်းဖြင့် ကောင်းစွာနားလည်လာကြမယ်။ နားလည်မှလည်း ဒီလို အကြောင်းတွေကြောင့် စည်းကမ်းတွေ ထုတ်ထားကြ ပါလားဆိုတာတွေကို ကောင်းစွာလိုက်နာဆောင်ရွက်နိုင် ကြပါလိမ့်မယ်။ ဒါဟာလည်း မင်္ဂလာတရားနဲ့ ညီပါပေ တယ်လို့ တွေးမိပါတယ်။
ဝိနယောစ သုသိက္ခိတော ဧတံမင်္ဂလမုတ္တမံ (ကျင့်ဝတ်များကိုလိုက်နာကျင့်သုံးခြင်း)
နိုင်ငံသားတိုင်းကိုယ်စီ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်တွေကို ကောင်းစွာလိုက်နာဆောင်ရွက်ကြရပါ မယ်။ အခါအားလျော်စွာထုတ်ပြန်တဲ့ အမိန့်၊ ကြေညာချက် စတာတွေကိုလည်း လိုက်နာကြရပါမယ်။ ဒါမှအေးချမ်းသာယာတဲ့နိုင်ငံဖြစ်မှာပါ။ လူ့ကျင့်ဝတ်၊ ဝိနည်း၊ ဥပဒေ၊ သီလ၊ သိက္ခာပုဒ်စသဖြင့် ကွဲပြားနေပေမယ့်လည်း ဝိနယသုသိက္ခိတမင်္ဂလာမှာ အကျုံးဝင်ကြောင်းသိရပါတယ်။ နိုင်ငံသားကောင်းတိုင်း မိမိတို့လိုက်နာသင့်တဲ့ကျင့်ဝတ်၊ စည်းကမ်းတွေကို လေးစားကြ၊ လိုက်နာကြဖို့ အရေးကြီး လှပါတယ်။ ဒီအချက်ဟာလည်း မင်္ဂလာတရားတော်နဲ့ ညီနေခြင်း ဖြစ်ပါတယ်။
ဒါနဥဧတံမင်္ဂလမုတ္တမံ (ပေးကမ်းလှူဒါန်းခြင်း)
ကျွန်တော်တို့နိုင်ငံဟာ ရုပ်ပိုင်းဆိုင်ရာတွေ၊ ဥစ္စာ ဓနတွေ ကုံလုံကြွယ်ဝမှုမရှိသော်လည်း အဇ္ဈတ္တဆိုတဲ့ စိတ်တွင်း အေးချမ်းမှုကို အလေးထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အခက်အခဲ၊ ပြဿနာတစ်ခုခု ကြုံရပြီဆိုတာနဲ့ ကိုယ့်ရှိတာ တွေနဲ့ ကိုယ်ထိလက်ရောက်လှူဒါန်းကြ၊ ကူညီကြနဲ့ မြင့်မြတ်တဲ့စိတ်ဓာတ် ပိုင်ဆိုင်ကြပါတယ်။ A friend in need is a friend in deed တဲ့။ အကူညီတကယ်လိုချိန်မှာ ထိထိရောက်ရောက် ကူညီတတ်သူသာ မိတ်ဆွေ ကောင်းလို့ ဆိုလိုပါတယ်။ အခုလည်း တစ်နိုင်ငံလုံးမှာကူညီ ဆောင်ရွက်ပေးနေတာတွေကို ကြည်နူးဝမ်းမြောက်ဖွယ် တွေ့နိုင်ပါတယ်။ ဒါဟာလည်း ဒါနဉ္စ ဧတံမင်္ဂလမုတ္တမံ ပါပဲ။ ဆက်စပ်ပြီးတွေးမိတာက "စာ" ဆိုတဲ့ စွန့်လွှတ်ခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ကျိုးကို စွန့်လွှတ်ပြီး ဒုက္ခဝေဒနာ ခံစားနေရတဲ့ လူနာတွေကို ပြုစုကုသပေးနေကြတာက
ဆေးပညာရှင်တွေ စေတနာ့ဝန်ထမ်း ပရဟိတသမားတွေ ဖြစ်ကြပါတယ်။ အခုလိုရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိ ရပြီး ရောဂါဖြစ်ပွားနေချိန်မှာ High Viraemia ခေါ် ဗိုင်းရပ်စ်ပိုးများစွာရှိနေပါတယ်။ ဆေးရုံက ICU အထူး ကြပ်မတ်ကုသဆောင်အတွင်း အခန်းကျဉ်းလေးဟာ သိပ်ကူးစက်လွယ်ပြီး အန္တရာယ်များတဲ့နေရာ ဖြစ်ပါတယ်။
အနီးရှိသူတွေကို အချိန်မရွေး ကူးစက်နိုင်ပါတယ်။ တကယ်လည်း ကူးစက်ခံနေကြရပါတယ်။ ဒီလိုဖြစ်နိုင်မှန်း သိလျက် မိမိတို့အသက်ကိုစွန့်ပြီး လူနာတွေရဲ့ အသက်ကို ကယ်တင်ပေးနေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ဓာတ်မှန်ဓာတ်ခွဲ၊ ရောဂါဗေဒဆရာဝန်တွေနဲ့ ပညာရှင်တွေ၊ ဆေးဝန်ထမ်းတွေအားလုံးသာမက အဘက်ဘက်က လိုလေသေးမရှိ အချိန်ပြည့်ကူညီဆောင်ရွက်ပေးနေကြ တဲ့ စေတနာ့ဝန်ထမ်း ပရဟိတသမားတွေအားလုံးကို လွန်စွာကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ သူတို့ရဲ့ စွန့်လွှတ် စွန့်စားတာဝန်သိစိတ်တွေဟာ လွန်စွာမင်္ဂလာရှိတာမို့ ကောင်းစွာမှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
ခန္တီစ ဧတံမင်္ဂလမုတ္တမံ(သည်းခံခြင်း)
Stay at Home ဆိုတဲ့အတိုင်း နေအိမ်မှာကာလအတန်ကြာ နေထိုင်ကြခြင်းကြောင့် လွတ်လပ်စွာ နေရခြင်းရဲ့ တန်ဖိုးကို သိလာကြပါတယ်။ လွတ်လပ်ခြင်း၊ လုံခြုံခြင်းတို့ဟာ တန်ဖိုးရှိလှတဲ့ အခွင့်အရေးတွေ ဖြစ်ကြောင်းလည်း နားလည်ခွင့်ရရှိလာကြပါတယ်။ သို့သော် အခြေအနေတွေအရ အခုလိုနေထိုင်ကြရခြင်း ဖြစ်ကြောင်း နားလည်ကြ၊ သည်းခံကြခြင်းဟာ မင်္ဂလာ တစ်ပါးဖြစ်ပါတယ်။
တပေါစ ဧတံမင်္ဂလမုတ္တမံ (အာရုံစည်းစိမ်ယစ်မူးခြင်းမှရှောင်ကြဉ်ခြင်း)
တရုတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ဟူပေပြည်နယ် ဝူဟန်မြို့ တွာနမ် ပင်လယ်စာဈေးက တစ်ဆင့် ပျံ့နှံ့တယ်လို့ ယူဆရတဲ့ SARS ဗိုင်းရပ်စ်အဖျား ရောဂါနဲ့တူတဲ့ confirmed cases လူနာ ခုနစ်ဦးရှိကြောင်း၊ ဒီရောဂါပိုးဟာ ကိုရိုနာပိုးအုပ်စုရဲ့ subtype မျိုးကွဲတစ်ခုဖြစ်ကြောင်း၊ ဝူဟန်အမျိုးသားဆေးရုံကြီး မျက်စိအထူးကု ဆရာဝန် Li Wenliang ဆိုသူက online ကနေဖော်ပြ ခဲ့ပါတယ်။ သူ့ရဲ့ We Chat Group ကနေ ထူးခြားတဲ့အဖျားရောဂါသစ်တစ်ခုအကြောင်း ပြောပြပါတယ်။ ဓာတ်ခွဲခန်းနဲ့ အခြားစစ်ဆေးမှုတွေအရ တိကျတဲ့အချက်ဖြစ်ကြောင်းပြောပါတယ်။ Li က သူတွေ့ထားတာ အမှန်ဖြစ်ကြောင်း၊ လူတိုင်းသတိပြုကြဖို့၊ နှာခေါင်းစည်းတပ်ကြဖို့၊ ပင်လယ်စာ ဈေးကိုမသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆရာဝန် Li ကိုယ်တိုင်၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၈ရက်နေ့က တွာနမ် ပင်လယ်စာဈေးက စတိုထိန်းသိမ်းသူတစ်ဦးဆီက ကူးစက် ခံခဲ့ရပါတယ်။ အဲဒီ လူနာကို Acute Angel - Clouser Glaucoma ရေတိမ်ရောဂါကို ကုပေးရင်း ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ လူနာက ကိုရိုနာဗိုင်းရပ်စ် High Viral Load များစွာ ကူးစက်ခံနေရသူဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ ဆရာဝန် Li ကိုယ်တိုင်ချောင်းဆိုး၊ အဖျားတက်လာလို့ Houhu Hospital District, Wuhan Cental မှာ ဆေးရုံတက် ကုသမှုခံယူရပါတော့တယ်။ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ( ၁၂ ရက်နေ့မှာတော့ အခြေအနေဆိုးလာလို့ ICU အထူးကြပ်မတ်ကုသခန်းကို ပြောင်းရွှေ့ခံရပါတယ်။ သူ့မှာ ကိုရိုနာပိုးရှိကြောင်းလည်း သိရပြီးဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ Li ရဲ့ သွေးအတွင်းအောက်ဆီဂျင် ဓာတ်ဟာ ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ Extra Corporeal membrane Oxygination(ECMO) ဆေးကုနည်းနဲ့တောင် သူ့ရဲ့ အသက်ရှူလမ်းကြောင်း အတွင်း အောက်ဆီဂျင် ဓာတ်များလာအောင် ကုသပေးကြ ပါတယ်။ သို့သော် Li ဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ သူဟာ အသက် ၃၃နှစ်သာရှိသေးပြီး ဇနီးသည် Fu Xuejie က သားလေး တစ်ယောက်နဲ့ ရင်သွေးလေးလည်း လွယ်ထားရပါ သေးတယ်။ အတော်စိတ်မကောင်းဖွယ် ဖြစ်ရပါတယ်။
ဒီဖြစ်စဉ်အရ ကူးစက်ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ် ပိုး အသစ်တစ်မျိုးဖြစ်ကြောင်း တွေ့ရှိလက်ခံလာကြပါ တယ်။ ဖြစ်စဉ်တွေကို လေ့လာတဲ့အခါ ဗိုင်းရပ်စ်ပိုးအသစ် ဟာ Genome Sequence ဇီဝဖွဲ့စည်းစီမံတည်ဆောက်ပုံ အရ သဘာဝပြောင်းလဲမှု Natural Change သာဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းကနေ စီမံထုတ်လုပ်ခြင်းမျိုး မဟုတ်ကြောင်း ပညာရှင်တွေက ယူဆကြပါတယ်။ သဘာဝပြောင်းလဲမှုဆိုရာမှာ သားငါးဈေးတွေထဲက အခြေအနေကြောင့် ဖြစ်ကြောင်း ယူဆကြပါတယ်။ ပင်လယ်စာဈေးတွေမှာ ဝယ်သူအကြိုက် တိရစ္ဆာန်မျိုးစုံကို သိုလှောင် ရောင်းချကြပါတယ်။ ရောဂါပိုးခိုအောင်း လွယ်တဲ့ လင်းနို့၊ မြွတေို့မှာ ကိုရိုနာပိုး ခိုအောင်းနေတတ် ပါတယ်။ ဒီပိုးတွေဟာ လူတွေဆီ ကူးစက်လေ့မရှိပါဘူး။ သို့သော် pangolin ခေါ်တဲ့ သင်းခွေချပ်ကောင်တွေဟာ Intermediate host ကြားခံတိရစ္ဆာန်ဖြစ်ပြီး သူက လင်းနို့၊ မြွတေို့ဆီကလာတဲ့ ကိုရိုနာပိုးကို လက်ခံယူ၊ လူတွေဆီ လွှဲပို့ပေးတယ်လို့ ယူဆကြပါတယ်။ လူသား တွေရဲ့ လွန်ကဲတဲ့ ရသာတဏှာကြောင့် အခုလိုဖြစ်စဉ် တွေ ဖြစ်လာရပါလားဆိုတာ တွေးမိပါတယ်။ အာရုံ စည်းစိမ်တွေကို ထူးခြားလွန်ကဲစွာခံစားတတ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပါတယ်။ သစ်တော သစ်ပင်တွေ ခုတ်လှဲကြလို့ ကမ္ဘာ့ပတ်ဝန်းကျင်ကြီး ပျက်စီးခဲ့ရပြီး အခုလည်း ရသာတဏှာကြောင့် အပြစ်မဲ့တိရစ္ဆာန် လေးတွေ ထိခိုက်ဆုံးရှုံးရရုံမက လူသား တစ်ရပ်လုံးကို ကပ်ရောဂါကြီးတစ်ခုအဖြစ် ကျရောက်စေတဲ့ အဖြစ်ဆိုး ကြီး ဖန်တီးနေကြခြင်းဖြစ်တယ်။ တပေါစ ခေါ်တဲ့ အာရုံ စည်းစိမ်ယစ်မူးခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း၊ သဘာဝတရားကို ထိန်းသိမ်းသင့်ကြောင်းစတဲ့ မင်္ဂလာရှိတဲ့ အတွေးကိုလည်း လက်တွေ့ကျစွာ ရရှိကြပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ လူတစ်ဦး တစ်ယောက်ကြောင့် အပြစ်မဲ့သူတွေကို ကူးစက် ဒုက္ခပေးတဲ့ ကပ်ရောဂါဖြစ်ပါတယ်။ မိမိက မသိကျိုးနွံ ပြုရင် ပတ်ဝန်းကျင်ကို ဂရုမပြုရင် မိမိကြောင့် အများ ထိခိုက်မှာ ဖြစ်ပါတယ်။
အခု ကူးစက်ရောဂါဖြစ်ပွားနေချိန်မှာ မိမိထံကနေ အများဆီ မပြန့်စေဖို့ အသိတရား၊ သတိတရားတွေနဲ့ ထိန်းသိမ်းကြရပါမယ်။ မိမိကြောင့် အများဆီကူးစက်နေ သရွေ့ လောကကြီးဆင်းရဲနေမှာ၊ ဒုက္ခရောက်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ကိုယ်ကို အသိတရားတွေနဲ့ စောင့်ရှောက်ကြရပါမယ်။ မိမိတို့မိသားစုကို စောင့်ရှောက်ကြရပါမယ်။ မိမိတို့ပတ်ဝန်းကျင်နဲ့ မိမိတို့နိုင်ငံကြီးကို ကာကွယ်စောင့်ရှောက်ကြရပါမယ်။ တာဝန်သိသိနဲ့ လေ့လာဆောင်ရွက်ကြရပါမယ်။
မေတ္တာတရားဆိုတာ မိမိကိုယ်ကိုချစ်သလို အများ ကိုလည်းချစ်တာ၊ မိမိမဆင်းရဲချင်သလို အများကိုလည်း မဆင်းရဲစေချင်တာ၊ ကိုယ်လည်းဝမ်းသာ သူလည်းရွှင်ပြုံး ပြီး လောကကို အေးချမ်းစေလိုတဲ့စိတ် ဖြစ်ပါတယ်။ မေတ္တာလွှမ်းခြုံတဲ့ မိမိတို့အိမ်အတွင်းမှာ နေကြရင်း ကိုဗစ်ကိုလည်း ကာကွယ်၊ ကိုယ်စိတ်အေးချမ်းမှုများကို လည်း ဆောင်ရွက်နိုင်ကြစေကြောင်းပါခင်ဗျား။ ။


