သတင်းဆောင်းပါး - ညီညီမင်း (ထွေ/အုပ်)
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သောခေတ်နှင့်အညီ ယခင်အသုံးပြုခဲ့သည့် (Lambert Conical Orthomorphic Progection) စနစ်ဖြင့် ထုတ်လုပ်ထားသော မြေပုံများအစား ပိုမို၍စနစ်ကျ ကောင်းမွန်သည့် U.T.M(Universal Transverse Mercator )မြေပုံအရိပ်ချစနစ်ဖြင့် ထုတ်လုပ်သည့် မြေပုံများကို ပြောင်းလဲအသုံးချလျက် ရှိပါသည်။
လက်ရှိအသုံးပြုနေသည့် (Lambert)စနစ်သုံး မြေပုံများသည် ခေတ်နှင့်မလျော်ညီခြင်း၊ တောင်မြောက် ရှည်လျားသည့် မြန်မာနိုင်ငံ၏ မြောက်ဘက်နှင့် တောင်ဘက်အစွန်းဒေသများအတွက် မြေပုံပေါ်မှရရှိ သည့် အချက်အလက်များသည် အနည်းငယ်အမှားရှိခြင်း၊ တိကျမှုအားနည်းခြင်းတို့ကြောင့် ပိုမိုစနစ်ကျ၍ တိကျ ကောင်းမွန်သော U.T.M(Universal Transverse Mercator) စနစ်သုံးမြေပုံများကို ပြုပြင်ပြောင်းလဲ ထုတ်လုပ်အသုံးပြုလျက်ရှိပါသည်။
မြေပုံဆိုသည်မှာ
မြေပုံဆိုသည်မှာ ကမ္ဘာမြေကြီး၏ သဘာဝ မြေမျက်နှာပြင်အနေအထားနှင့် လူတို့ပြုပြင် ဖန်တီး ထားသော အဆောက်အအုံအမှတ်အသားများ အားလုံး ပါဝင်အောင် စက္ကူပေါ်တွင် စကေးအချိုးအစားဖြင့် စနစ် တကျရေးဆွဲထားသော ပုံကိုဆိုလိုပါသည်။ တစ်နည်း အားဖြင့် မြေပုံဆိုသည်မှာ လုံးဝန်းသောကမ္ဘာ့မျက်နှာ ပြင်ပေါ်မှ အချက်အလက်များအားသေးငယ်ပြန့်ပြူးသည့် စက္ကူပေါ်သို့ အချိုးအစား မှန်ကန်စွာရောက်ရှိလာစေရန် တိကျသောနည်းစနစ်ဖြင့် ပုံစံဖော်ဆောင် တိုင်းတာ ရေးဆွဲထားသော ပုံရိပ်ကားချပ်ဖြစ်ပါသည်။
အရိပ်ချစနစ်(၃)မျိုး
မြေပုံပညာရှင်များသည် ကမ္ဘာပေါ်ရှိ မြေပြင် အချက်အလက်များကို စက္ကူ မြေပုံပေါ်သို့ ကူးပြောင်း ရေးဆွဲရာတွင် အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မြေပုံ အရိပ်ချစနစ်များကို အမျိုးမျိုးတွက်ချက်တီထွင်ကြံဆခဲ့ကြရာ အောက်ပါအရိပ်ချစနစ်(၃)မျိုး ပေါ်ထွက် ခဲ့ပါသည်-
(က) က တော့ပုံအရိပ်ချစနစ် (Conical Projection)။
( ခ) ဆလင်ဒါအရိပ်ချစနစ်(Cylinderical Projection)။
(ဂ) ပြင်ညီအရိပ်ချစနစ် (Plane Projection)။
အိမ်နီးချင်းနိုင်ငံများ၏ မြေပုံစနစ်များ
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ် နိုင်ငံသည် Gauss Kruger Projection ကို သော်လည်း ကောင်း၊ ထိုင်းနိုင်ငံသည် U.T.M Projection ကို သော်လည်းကောင်း၊ အိန္ဒိယနိုင်ငံသည် Conical Projection နှင့် U.T.M Projection ကိုလည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် U. T. M Projection ကိုသော်လည်းကောင်း အသုံးပြုလျက်ရှိပါသည်။
UTM မြေပုံစနစ် ပြောင်းလဲကျင့်သုံးရသည့် အကြောင်းရင်းများ
(က) Lambertမြေပုံအရိပ်ချစနစ်ဖြင့် ထုတ်လုပ် ထားသော တစ်လက်မ(၁)မိုင်၊ တစ်လက်မ (၂)မိုင်၊ တစ်လက်မ(၄)မိုင်မြေပုံ(Topographic Map)များသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ခန့်က ထုတ်လုပ်ခဲ့သော မြေပုံများဖြစ်ခြင်း။
( ခ) ယင်းမြေပုံပေါ်ရှိအချက်အလက်များနှင့် ယခုလက်ရှိ မြေပြင်လက္ခဏာများ ကိုက်ညီမှု မရှိတော့ခြင်း။
(ဂ) ထို့အပြင် မြေပုံပေါ်တွင် အကွာအဝေး၊ ဒီဂရီညွှန်းထောင့်တို့ကို ဖော်ပြရာတွင် ဗြိတိသျှ စနစ်ကိုသာ အသုံးပြုထားသဖြင့် ခေတ်နှင့်လျော်ညီမှုမရှိတော့ဘဲ မက်ထရစ်စနစ်သို့ ပြောင်းလဲအသုံးပြုရန် လိုအပ်လာခြင်း။
(ဃ) မြန်မာနိုင်ငံသည် တောင်မြောက်ရှည်လျားပြီးအရှေ့အနောက်ကျဉ်းမြောင်းသဖြင့် Lambert မြေပုံအရိပ်ချစနစ်ဖြင့် ကိုက်ညီမှုမရှိခြင်း။
(c) UTM မြေပုံသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်ရာတွင် ပို၍ လွယ်ကူလာမည်ဖြစ်ခြင်း။
(စ) မက်ထရစ်စနစ်ကို အသုံးပြုလာကြသည့် စက်ပစ္စည်း၊ လက်နက်ကိရိယာများအတွက်လည်း ပိုမို၍ ကိုက်ညီသင့်လျော်သော မြေပုံများ လိုအပ်လာခြင်း စသည်တို့ကြောင့် Lambert မြေပုံအရိပ်ချစနစ်မှ UTM မြေပုံအရိပ်ချစနစ်သို့ ပြောင်းလဲအသုံးပြုရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
Lambert မြေပုံအရိပ်ချစနစ်မှ UTM မြေပုံအရိပ်ချစနစ်သို့ ပြောင်းလဲခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ
(က) တောင်နှင့်မြောက် ရှည်လျားသည့် မြန်မာနိုင်ငံအတွက် မြေပုံစကေးတိကျ မှန်ကန်မှု ပိုမိုကောင်းမွန်လာခြင်း။
( ခ) မြေပုံအသုံးပြုမှုဆိုင်ရာ လက်ရှိဗြိတိသျှသုံး အတိုင်းအတာစနစ်မှ ကမ္ဘာသုံးဆယ်လီစိတ် စနစ် (မက်ထရစ်စနစ်)သို့ တစ်ပြိုင်နက်ကူးပြောင်း အသုံးပြုနိုင်မည်ဖြစ်ခြင်း။
(ဂ) မြေပုံများ ဆယ်လီစိတ်စနစ်ဖြင့် ထုတ်လုပ်သည့်အတွက်တိကျမှန်ကန်မှု ပိုမိုကောင်းမွန်လာခြင်း။
(ဃ) တစ်ပြည်လုံးအတွက် လက်ရှိအခြေအနေအတိုင်း ပထဝီဝင်ဆိုင်ရာ အချက်အလက်များဖြင့် ခေတ်မီမြေပုံသစ်များ ပြန်လည်ရေးဆွဲထုတ်လုပ်နိုင်ခြင်း။
(c) အိမ်နီးချင်းနိုင်ငံများနည်းတူ UTM စနစ်သုံးမြေပုံများ အသုံးပြုနိုင်ခြင်းဖြင့် အုပ်ချုပ်မှု ဆိုင်ရာနှင့် နယ်နိမိတ်ဆိုင်ရာကိစ္စများအတွက် မြေပုံအထောက်အထားအရ အခိုင်အမာ ရပ်တည်ဖြေရှင်းနိုင်မည်ဖြစ်ခြင်း။
Lambert မြေပုံအရိပ်ချစနစ်
Lambert မြေပုံအရိပ်ချစနစ် (Lambert Conical Orthomorphic Projection)သည် ယခင်အင်္ဂလိပ် လက်ထက်မှစ၍ Survey of India နှင့် ယခုမြေတိုင်းဦးစီး ဌာနလက်ထက်တိုင် အသုံးပြုလျက်ရှိနေသည်။ Lambert အရိပ်ချနည်းစနစ် (Lambert Conical Orthomorphic Projection) အတွက် အသုံးပြုထားသော မျက်နှာပြင်မှာ ကတော့ချွန် (Cone) အမျိုးအစားဖြစ်ပြီး (Conical Type) ကို အသုံးပြုထားပါသည်။ လတ္တီကျူးမျဉ်းများသည် Concentric Arcs အနေဖြင့် ရှိနေကြသည်။ မြန်မာနိုင်ငံသည် India ll B (26 ဒီဂရီ,90 ဒီဂရီ)၊ III B (19 ဒီဂရီ, 100 ဒီဂရီ)၊ DVB/12 ဒီဂရီ, 104 ဒီဂရီ) ဂရစ်ဇုန်အတွင်း ကျရောက်လျက် ရှိသည်။ မြန်မာနိုင်ငံသည် တောင်မြောက် ရှည်လျားသော နိုင်ငံဖြစ်၍ ဤစနစ်နှင့် သင့်လျော်မှုမရှိပါ။ အိမ်နီးချင်း နိုင်ငံများနှင့် Projection ကိုက်ညီမှုမရှိပါ။ အကွာအဝေး၊ အနိမ့်အမြင့်များကို ဗြိတိသျှစနစ်ဖြင့် ဖော်ပြထားသည်။ ဂရစ်ဇုန်များရရှိနိုင်ရန် လတ္တီကျူး ၄ဒီဂရီနှင့် လောင်ဂျီကျူး ၄ ဒီဂရီစီခြား၍ Projection တည်ဆောက်ထားသည်။
UTM အရိပ်ချနည်းစနစ် (Universal Transverse Mercator Projection)
UTM အရိပ်ချနည်းစနစ် (Universal Transverse Mercator Projection) အတွက် အသုံးပြုသော မျက်နှာပြင်
မှာ ဆလင်ဒါ(Cylinder)အမျိုးအစားပင်ဖြစ်သည်။ Cylinderical Projection ကို အသုံးပြုထားသော မူလနည်းလမ်း ကဲ့သို့ ဝင်ရိုးနှင့်အပြိုင် ကမ္ဘာကြီးပေါ်တွင်တင်လျက် အရိပ် ထင်စေခြင်းမဟုတ်ဘဲ အီကွေတာနှင့်အပြိုင်ကန့်လန့်ဖြတ် ၍ ကမ္ဘာကြီးအားစွပ်ပြီး ပုံရိပ်ထင်စေခြင်းဖြင့် လောင်ဂျီကျူမျဉ်း တစ်လျှောက်တွင် ဆလင်ဒါ(Cylinder) မျက်နှာပြင် နှင့် ထိစပ်နေသည့်အတွက် ကမ္ဘာ၏ တောင်နှင့်မြောက် အကွာအဝေး မှားယွင်းမှု လုံးဝမရှိသလောက် ဖြစ်ပေါ်လာသည်။
UTM မြေပုံအရိပ်ချစနစ်သည် ယခုအချိန်တွင် တစ်ကမ္ဘာလုံးနီးပါး (အထူးသဖြင့် လေကြောင်း၊ ရေကြောင်း ထိန်းသိမ်းမှုလုပ်ငန်းများတွင်) ကျယ်ပြန့်စွာ အသုံးပြု လာသည့်စနစ် ဖြစ်သည်။ Distortion နည်းပြီး တောင် - မြောက်ရှည်သော မြန်မာနိုင်ငံအတွက် သင့်တော်သည်။ တစ်ကမ္ဘာလုံးနီးပါးလည်း အသုံးပြုကြသည်။ အိမ်နီးချင်း နိုင်ငံများနှင့် Projection ကိုက်ညီမှုရှိနိုင်ပါသည်။
မြန်မာနိုင်ငံသည် Zone နံပါတ်(၄၆)နှင့် (၄၇)၏ P,Q,R (46P, 46Q, 46R, 4TP,47Q, 47R) အတွင်းတွင် တည်ရှိပါ သည်။
UTM စနစ်ဖြင့် ဂရစ်ကွက်များ ရေးဆွဲထားပုံ
ဂရစ်ကွက်များ၏အကျယ်မှာ ၁:၅၀၀၀၀ စကေးမြေပုံ တွင် မီတာ ၁၀၀၀ သို့မဟုတ် ၁ ကီလိုမီတာကျယ်ဝန်း၍ မြေပုံပေါ်တွင် ၂ စင်တီမီတာ အကျယ်ရှိပါသည်။ မြေပုံ စကေးအား ၁: ၅၀၀၀၀ နှင့် ရေးဆွဲထားသဖြင့် မြေပုံတွင် ၁ စင်တီမီတာရှိပါက မြေပြင်တွင် မီတာ ၅၀၀၊ မြေပုံတွင် ၂ စင်တီမီတာ ရှိသော ဂရစ်ကွက်၁ ကွက်လျှင် မီတာ ၁၀၀၀ သို့မဟုတ် ၁ ကီလိုမီတာ မြေပြင်တွင် ကွာဝေးပါသည်။
မြန်မာနိုင်ငံတွင်မူ UTM မြေပုံများ၏ တိကျ မှန်ကန်မှု ပိုမိုကောင်းမွန်စေနိုင်ရန် (Myanmar Datum 2000) ဟူ၍ ဘူမိမြေတိုင်းကွန်ရက်ကို တည်ဆောက်ကာ အသုံးပြုခဲ့ သည်။
အမှတ်တစ်ခု၏ တည်နေရာအား ဖော်ပြရန်အတွက် ရှေ့ဆုံးမှ ဂရစ်အက္ခရာကို ရေးမှတ်၍ ရှေ့မူမျဉ်း၊ မြောက်မူ မျဉ်း ဖတ်ရှုဖော်ပြရန်ဖြစ်သည်။ ဂြိုဟ်တုအသုံးပြုတည်နေရာရှာဖွေခြင်းစနစ် (Navigation used by GPS) GPS မိမိတည်နေရာ ရှာဖွေခြင်းနှင့် မိမိသွားလိုသည့် နေရာသို့ လွယ်ကူစွာထိန်းမှတ် သွားလာနိုင်ရန်အတွက် စက္ကူ မြေပုံများအစား ဂြိုဟ်တုစနစ်ကို နိုင်ငံတကာတွင် ထိရောက်စွာ အသုံးပြုလာကြပါသည်။
Global Positioning System (GPS) သည် ( အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဗီယက်နမ် စစ်ပွဲအတွင်း ခက်ခဲကြမ်းတမ်းသော စစ်မြေ ပြင်တွင် ၎င်း၏မြေပြင်တပ်ဖွဲ့များအနေဖြင့် ရာသီဥတုနှင့် အချိန်ကန့်သတ်မှုများအရ ဆက်သွယ်ချီတက်မှု ခက်ခဲခြင်းကို ကျော်လွှားနိုင်ရေးအတွက် စတင်တီထွင် အသုံးပြုခဲ့သည့် စနစ်ဖြစ်ပါသည်။
တိုးတက်တီထွင်မှုများနှင့်အညီတည်နေရာတစ်ခု၏ သုံးဘက်မြင်အတိုင်းအထွာ(3 Dimension) ဖြစ်သည့်
လောင်ဂျီကျူ ၊ လတ္တီကျူးနှင့် အမြင့်တန်ဖိုးများကို တိကျစွာတိုင်းတာလာနိုင်သည်။
ဂြိုဟ်တု အပိုင်း (Space Segment) ဂြိုဟ်တုထိန်းချုပ်မှုအပိုင်း(Control Segment)နှင့် အသုံးပြုသူ အပိုင်း (User Segment)ဟူ၍ အပိုင်း (၃) ပိုင်းခွဲခြား သတ်မှတ်ထားသည်။ အမြန်နှုန်း ၁ နာရီလျှင် ၇၀၀၀ မိုင်နှုန်းဖြင့် အမြင့် ၂၀၂၀၀ km မှ ပျံသန်းနေကြသော ဂြိုဟ်တု ၂၄ လုံး လွှတ်တင်ထားသည်။
ဂြိုဟ်တုများကို သာမန်အားဖြင့် ၁၀ နှစ်သက်တမ်း ခံတည်ဆောက်ထားကြပြီး သက်တမ်းကုန်မည့် ဂြိုဟ်တု များအတွက် အစားထိုးလဲလှယ်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြသည်။ ပထမဆုံးဂြိုဟ်တုကို ၁၉၇၈ ခုနှစ်တွင် စတင်စမ်းသပ်လွှတ်တင်ခဲ့ပြီး နောက်ထပ် ဂြိုဟ်တုကိုးလုံးကို ၁၉၈၈ ခုနှစ်တွင် လွှတ်တင်ခဲ့သည်။ ထိုအချိန်ကာလများသည် GPS စနစ်ကို အချိန်ပြည့် စွမ်းအားပြည့်အသုံးမချနိုင်သေးသော ကာလများဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင်မှပင် ဂြိုဟ်တု ၂၄ လုံးပြည့်အောင် လွှတ်တင်နိုင်ခဲ့၍ GPS စနစ်ကို အချိန်ပြည့်၊ စွမ်းအားပြည့် အသုံးပြုလာနိုင်ပေသည်။ ဂြိုဟ်တုထိန်းချုပ်မှုအပိုင်း (မြေပြင်စခန်း)အနေဖြင့် ဂြိုဟ်တုများ၏ ပတ်လမ်းဆိုင်ရာအချက်အလက်များကို လိုအပ်သလို ပြုပြင်ပေးပြီး ပျံသန်းရေးဆိုင်ရာ ထိန်းပေးခြင်း၊ မြေပြင်ရှိ လက်ခံသူများထံသို့ပေးပို့သည့် အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စေရန် လိုအပ်သလိုပြုပြင် ပေးခြင်း၊ တည်နေရာကို တိကျစွာတွက်ချက်ရယူနိုင်ရန် အတွက် ပတ်လမ်းပုံစံ(Orbit Model)ကို တိုင်းတာ တွက်ချက်ပေးခြင်း၊ လိုအပ်ပါက ပို့လွှတ်သည့်အချက် အလက်များကို ထိန်းချုပ်ခြင်း စသည်တို့ကို ဆောင်ရွက် ပေးသည်။ အသုံးပြုသူများအပိုင်းအနေဖြင့် အသုံးပြုသူ၊ GPS ကိရိယာနှင့် အခြားဆက်စပ်အသုံးချမှုများ (Other Related Applications) ပါဝင်သည်။
GPS စနစ်တွင် သိရှိထားသင့်သည့် အချက်များ
GPS စနစ်ကို ကမ္ဘာတစ်ဝန်း၌ တွင်ကျယ်စွာအသုံး ပြုလာသည်နှင့်အညီ နည်းပညာအရ ပိုမို၍ တိုးတက်ကြီး ဆောင်တီထွင်ဆောင်ရွက်ခဲ့ကြသည်။ Software များသည် တစ်ခုနှင့်တစ်ခု မတူကွဲပြားခြားနားကြသော်လည်း အသုံးပြုသည့် အခြေခံစနစ်မှာ အတူတူပင်ဖြစ်၍ အောက်ဖော်ပြပါ အချက်အလက်အကြောင်းအရာများကို လေ့လာသိရှိထားရန် လိုအပ်ပေသည်-
(က) တိကျမှု(Accuracy)။တိကျမှုသည်အောက်ပါအချက်အလက်များအပေါ် အခြေခံသည်
(၁) အခါအားလျော်စွာ ဖြစ်ပေါ်တတ်သည့်ပြောင်းလဲချက်များ (Depend on some variables)
(၂) အသုံးပြုသည့် အချိန်ကာလအတိုင်း အတာ (Time spent on measurements)
(၃) ဂြိုဟ်တုတည်နေရာ နှိုင်းယှဉ်ချက်(Relative position of satellites)
(၄) အသုံးပြုသည့်နည်းစနစ် (Use ofdifferential techniques)
(၅) အသုံးပြုပစ္စည်းအမျိုးအစား(Design of receiver)
(ခ) ထိန်းချုပ်မှု (Control Protocol)။အမေရိကန်အစိုးရအနေဖြင့် မူလပိုင်ဆိုင်မှု ရှိခဲ့ပြီး ယခုအခါ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ပြန်လည်ရောင်းချခဲ့သည် ဆိုသော်လည်း အစိုးရလိုအပ်ချက်အရ တိကျမှုအရည်အသွေးလျှော့ချခြင်း၊ အသုံးမပြုနိုင်ရန် ပိတ်ပင်ခြင်း များကို ဆောင်ရွက်ခွင့်ရှိသည်။ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိသည့်အတွက် အခြားသော ခေတ်မီတိုးတက်သည့်နိုင်ငံကြီးများအနေဖြင့် အမေရိကန်အစိုးရအပေါ် မှီခိုလျှော့ချရန် အတွက်နည်းလမ်းများ ရှာကြံကာ မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးကို ကြိုးပမ်းလျက်ရှိသည်။
(ဂ) Receiver အမျိုးအစား။ အဓိကအားဖြင့်(Receiven နှစ်မျိုးနှစ်စား၏သဘောသဘာဝကို သိရှိထားရန်လိုသည်။ (Codebased receiver)အမျိုးအစားသည် အကွာအဝေးကို တိုင်းတာရာတွင် ရေဒီယိုလှိုင်း၏ ခရီးသွား ချိန်ပေါ်မှတွက်ချက်တိုင်းတာသည်။ သေးငယ် ပေါ့ပါးပြီးတန်ဖိုးနည်းကာ ကိုင်တွယ်အသုံး ပြုရာတွင် လွယ်ကူသည်။ တစ်ခုတည်း အသုံးပြုရသည်နှင့်အညီသင့်တင့်သော တိကျ မှုအဆင့် ရှိသည်။ (Carrier phase receiver) အမျိုးအစားအနေဖြင့် ရေဒီယိုလှိုင်းအလျား ကိုအခြေခံ၍ တိုင်းတာမှုပြုသည်။ တိကျမှု အလွန်ကောင်းသည်။ တိကျမှုလိုအပ်သော မြေတိုင်းလုပ်ငန်းများတွင်အသုံးပြုနိုင်သည်။
(ဆက်လက်ဖော်ပြပါမည်)


