နေပြည်တော် ၂၉ အောက်တိုဘာ

မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက  မြိတ်မြို့၊ တလိုင်းစုရပ်ကွက်၊ တလိုင်းစု(၁)လမ်းထိပ်တွင် ခင်မောင်ဝင်း(ခ)ဟာကင်း မောင်းနှင်ပြီး ခေါင်းနီ(ခ)ကိုကိုဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ၊ ဓားဦးချွန်တစ်ချောင်း၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြိတ်တောင်ကျေးရွာ၊ အေးချမ်းသာယာရပ်ကွက်၊ အေးချမ်းသာယာ လမ်းသွယ်(၂)လမ်းနေ အောင်မင်းဦး(ခ)ကြက်ရိုး၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၊ ဘိန်းစာမှုန့် သုည ဒသမ ၀၁ ကီလိုနှင့် ဆေးခြောက် သုည ဒသမ ၀၁ ကီလို တို့ကိုထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အလားတူ အောက်တိုဘာ ၂၈ ရက် နံနက်  ၈ နာရီက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်ကားလမ်းတွင် သန်းလေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၆ ကီလိုကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းက ရန်လုံကျိုင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား လီကွာချန်း(ခ) လီလောက်အန်း အားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၉၄၀  သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)