မြိတ်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မေ ၁၇

 

မြိတ်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မေ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာရှိ ရေခဲစက်ရှေ့တွင် ဖြိုးသီဟ အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီခွဲတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာရှိ ရဲသူအောင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅,၆၀၀ ကိုလည်းကောင်း၊ အလားတူ မေ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရေအုတ်ကန်ကျေးရွာရှိ ဗန်းမော်အတွင်းဝန် လမ်းတွင် အောင်ဇင်ဦး အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရေအုတ်ကန်ကျေးရွာရှိ ဗန်းမော်အတွင်းဝန်လမ်းတွင် မဇင်ချိုချိုဦး(ခ) ဇင်ချို အား စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားနှင့် လည်းကောင်း၊ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျီးတန်းမြောက်အရှေ့ရပ်ကွက်ရှိ နတ်စင်လမ်းတွင် သန်းဝင်း(ခ) ဦးပြူးအား စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)