မြိတ် ၁၆ မတ်
မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို မတ် ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပအပူဇော်ခံမည်ဖြစ်ရာ စေတီတော်ကြီးတွင် ဆက်ကပ်လှူဒါန်းမည့် ရွှေစင်ရွှေပြားများကို မတ် ၁၆ ရက်၊ နံနက် ၆ နာရီမှ စတင်ကာ မြို့တွင်းလှည့်လည်အပူဇော်ခံပွဲ ကျင်းပသည်။
အပူဇော်ခံရာတွင် ရွှေစင်ရွှေပြား(၄၃) ပြားကို မြို့ပေါ်ကျေးရွာ/ ရပ်ကွက်(၂၈)ခုမှ ရပ်မိရပ်ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ အမျိုးသားအမျိုးသမီးများ၊ လူငယ်များမှ ရွှေစင်ရွှေပြားများနှင့် ရပ်ကွက်အမည်စာပြားများ ကိုင်ဆောင်၍လည်းကောင်း၊ သမီးပျိုလေးများ၊ အမျိုးသမီးကြီးများက ပန်းအိုးများရွက်၍ လေးကျွန်းဆီမီး စေတီတော်ကြီးတည်ထားရာ ကုန်းတော်မြတ်မှစတင်၍ ဈေးတန်းရပ်ကွက်၊ မြစ်မရပ်၊ အလယ်ကျွန်းရပ်၊ ကြောင်ငယ်ရပ်၊ စက်ဝင်းရပ်၊ မြို့သစ်၊ နောက်လယ်၊ တလိုင်းစု၊ ထားဝယ်စု၊ မြန်အောင်ရပ်ကွက်အတိုင်း စီတန်းလှည့်လှည်၍ ရွှေစင်ရွှေပြားများ အပူဇော်ခံကြသည်။
ပွဲတော်နေ့နောက်ဆုံးရက်မတိုင်မှီ မတ်လ(၂၁)ရက်နေ့၊ ညနေပိုင်းတွင် အဆိုပါစေတီတော်ကြီးတည်ထားရာ ရင်ပြင်ပေါ်တွင် ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း(၁၁၄)ပါးတို့အား မြို့နယ်လုံးကျွတ် ဆွမ်းခြောက်လောင်းလှူပူဇော်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ကြီး၏ အကျိုးတော်ဆောင်ဂေါပက အဖွဲ့မှ သိရသည်။
ဇော်မျိုးနိုင် (ခရိုင် ပြန်/ဆက်)


