နေပြည်တော် ၉ အောက်တိုဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တရားမသစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖမ်းဆီးခြင်းကို အောက်တိုဘာ ၃ ရက်မှ ၇ ရက်အထိ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ထူးဆိပ်ကျေးရွာအနီး ဘင်းနားချောင်းကမ်းဘေးမှ ကံ့ကော်ခွဲသား ၁၂ ဒသမ ၈၉၄၂ တန်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြောက်ဇာမရီကြိုးဝိုင်း အကွက်အမှတ်(၆၅)အတွင်းမှ ကျွန်းနှင့် ပျဉ်းကတိုး သစ်လုံးနှင့်ခွဲသား စုစုပေါင်း ၇ ဒသမ ၀၈၆၄ တန်ကိုလည်းကောင်း၊ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ်(၁၂၁/၄)မှ(၁၂၁/၅)ကြား လမ်းအရှေ့ဘက်၌ NISSAN UD(၆)ဘီးယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁၀ ဒသမ ၁၇၂၈ တန်ကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် ဖြူးကွန်း ကြိုးဝိုင်းအကွက်အမှတ် (၄၉၊ ၅၀)တို့အတွင်း၌ FORLAND (၆)ဘီးယာဉ်နှင့်အတူ ကျွန်း သစ် ၅ ဒသမ ၃၈၈၀ တန်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီး-ငမိုးရိပ်ဆည်သွား ကားလမ်း၌ DYNA (အဖြူရောင်)ယာဉ်ပေါ်မှ သပြေခွဲသား ၁ ဒသမ ၀၆၆၄ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ရာ ဆက်လက်စစ်ဆေးဖော်ထုတ်သိရှိရသဖြင့် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ငမိုးရိပ်ဆည်ဘောင် GE ကုန်းတွင် သပြေ၊ နဘဲ၊ သတီ၊ လင်းရော၊ တောင်သင်္ဘောနှင့် ရှောပြာခွဲသား စုစုပေါင်း ၈ ဒသမ ၉၄၁၀ တန်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်(အတက်) ကားလမ်း(၁၆)မိုင် စစ်ဆေးရေးစခန်း(အတက်)စင်၌ HINO DUTRO (၆)ဘီးယာဉ်ပေါ်မှ ကျွန်း၊ တမလန်း၊ ပိတောက်ခွဲသားနှင့် တယောပုံကြမ်း စုစုပေါင်း သုည ဒသမ ၇၆၉၄ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။
ထို့အတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အင်းတကော်-ကဝကားလမ်း မိုင်တိုင် အမှတ်(၅/၇)နှင့် (၆/ဝ)ကြား ထုံးကြီးကျေးရွာအဝင် လယ်ကွင်းအတွင်း၌ FORLAND (၆)ဘီးယာဉ်ပေါ်မှ ကျွန်းခွဲသား ၅ ဒသမ ၁၄၁၆ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူနှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


