မိတ္ထီလာ  ၁၂  မတ် 

 

ရေခဲမုန်တိုင်းနှင့် နှင်းမုန်တိုင်းကျရောက်သည့် ရာသီဥတုအခြေအနေများနှင့် ကြုံတွေ့ရ၍ ဖုန်ကန်ရာဇီ ရေခဲတောင် ပေ ၁၁၉၂၀ သို့တက်ရောက်သည့် မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှာ လမ်းခရီးအခက်ကြုံခဲ့ရပြီး အမြင့်ပေတစ်သောင်းတစ်ထောင်ခန့်အထိသာ တောင်တက်အဖွဲ့ဝင်တချို့ တက်ရောက်နိုင်ခဲ့ကြောင်း အဆိုပါတောင်တက်အသင်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုထွန်းလွင်ထံက သိရသည်။

 

“မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင် ၂၀ ပါဝင်တဲ့အဖွဲ့ မိတ္ထီလာကနေ ပူတာအိုကိုထွက်ခွာတာ မတ်လ ၃ ရက်နေ့ဖြစ်ပြီး အဲဒီနေ့မှာ ပူတာအိုမှာ ညအိပ်ပါတယ်။ မတ်လ ၄ ရက်နေ့မှာ ပူတာအိုကနေအထက် ရှန်ခေါင်ရွာအထိ သုံးဘီးဆိုင်ကယ်တွေနဲ့ သွားရောက်ခဲ့ပြီး နောက်တစ်နေ့မနက် ရေခဲတောင်တက်ခရီးကို စတင်ပါတယ်။ ဝါဆာဒမ်း၊ ဇီယားဒမ်း (တောင်ခြေ)၊ ဇီယားဒမ်းတောင်ခြေကနေ သစ်ပင်ကြီးစခန်း၊ သစ်ပင်ကြီးစခန်းကနေ ရေခဲစပ်စခန်းအထိ အဆင့်ဆင့်တက်ရောက်ခဲ့ပါတယ်။ အသက်ကြီးဆုံး တောင်တက်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဝင်းရှိန် ၉၇ နှစ်အပါအဝင် မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင် ၂၀ ဦးစလုံး ရေခဲစပ်စခန်းအမြင့်ပေ ၉၇၀ဝ ခန့်အထိ မတ်လ ၈ ရက်နေ့ရောက်ရှိပြီးတဲ့နောက်မှာ ရာသီဥတုက ရေခဲမုန်တိုင်းရော၊ နှင်းမုန်တိုင်းရော ကျရောက်တဲ့အခြေအနေဖြစ်လာတော့ အခက်အခဲကြုံတွေ့ခဲ့ပါတယ်။ 


အဲဒီမှာကျွန်တော်နဲ့ မနှစ်က ဖုန်ကန်ရာဇီရေခဲတောင်တက်အတွေ့အကြုံရှိတဲ့ ကိုနိုင်မင်းရှိန်နဲ့ကရှေ့ရောက်နိုင် တဲ့ခရီးအထိ ဆက်တက်ဖို့ ဆုံးဖြတ်ကြတော့လမ်းပြအဖွဲ့ကလည်း သူတို့လိုက်ပို့နိုင်တဲ့နေရာအထိ ပို့ပေးပါ့မယ်ပြောတယ်။ အဲဒါနဲ့ ကျွန်တော်ရယ်၊ ကိုနိုင်မင်းရှိန်အပါဝင် တောင်တက်အဖွဲ့ဝင် ၆ ဦး ဆက်ပြီးတက်ရောက်ခဲ့တာ ပေတစ်သောင်းတစ်ထောင်ခန့်အထိပဲ တက်ရောက်နိုင်ခဲ့တယ်။ ရာသီဥတုကလည်းအလွန်ဆိုးရွားတဲ့ အဆင့်ဖြစ်နေတော့ လမ်းပြအဖွဲ့ကလည်း လုံးဝဆက်မသွားသင့်တော့တဲ့ အခြေအနေဖြစ်တာမို့ မသွားကြဖို့ တားမြစ်တာကြောင့် ပြန်လှည့်လာခဲ့ရတယ်။ ရေခဲစပ်စခန်းမှာ ညအိပ်တော့ရေခဲစပ်စခန်းနေရာမှာ နှင်းထုက ၄ ပေ လောက်ရှိနေတဲ့အနေအထားအထိ ရာသီဥတုကကြမ်းတမ်းခဲ့ပါတယ်ဟု အဆိုပါခရီးကို   ပါဝင်တက်ရောက်ခဲ့သူ မိတ္ထီလာခြေလျင်နှင့်တောင်တက်အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံကိုထွန်းလွင် က ပြောသည်။

 

ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးသွားရောက်ခဲ့သည့် မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင်အားလုံး မတ် ၁၁ ရက်နေ့ ညနေ ၆နာရီခန့်က ပူတာအိုမြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီး မတ်လ ၁၃ ရက်နေ့တွင် တံတားဦးလေဆိပ်သို့ရောက်ရှိမည်ဖြစ်ရာ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့နာယကအဖွဲ့ဝင်များ၊ တောင်တက်အဖွဲ့မှတာဝန်ရှိသူများ၊ အဖွဲ့ဝင်များက အဆိုပါလေဆိပ်အထိ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ 

 

ချမ်းသာ (မိတ္ထီလာ)