မိတ္ထီလာ အောက်တိုဘာ ၂ဝ
မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားနှင့် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၄၄ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပွဲတော်အကြိုပြိုင်ပွဲများတွင် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ပါဝင်ပြီး ယင်းပြိုင်ပွဲကို အောက်တိုဘာ ၂ဝ ရက်မှ ၂၄ ရက်အထိ အကြိုကျင်းပ မည်ဖြစ်သည်။
အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ မူလတန်းအဆင့် ဆေးရောင် ခြယ်ပြိုင်ပွဲ၊ မူလတန်းအဆင့် စက္ကူခေါက်ပြိုင်ပွဲ၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အဆိုပါ ပွဲတော်ကျင်းပမည့် အောက်တိုဘာ ၂၉ ရက်တွင် အကြိုပြိုင်ပွဲများနှင့်အတူ အထက(၁)၌ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


