မိတ္ထီလာ ၁၁ မတ် 


မိတ္ထီလာမြို့တွင်း အဓိကလမ်းမကြီးများဖြစ်သည့် ရန်ကုန်-မန္တလေး ကားလမ်းမ၊ မိတ္ထီလာ-မြင်းခြံ ကားလမ်းမနေရာများတွင်  လျှပ်စစ်မီးသတ္တုတိုင် ၁၁၆ တိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။


“မိတ္ထီလာမြို့တွင်းမှ ရန်ကုန်-မန္တလေး ကားလမ်းမပိုင်းမှာ သာစည်လမ်းဆုံကနေ ဇွဲရုပ်ရှင်ရုံဟောင်းလမ်းဆုံ၊ ရွှေဘုံသာဘုရားအနီးမှ မြို့လယ်ဘုရားလမ်းဆုံ၊ ဒုတိယလမ်းမတော် မီးပွိုင့်ကနေ နာရီစင်အပိုင်း၊ နာရီစင်အနီးမှ ခရိုင်ပြန်/ဆက်ရုံးအပိုင်း၊ မိတ္ထီလာ-မြင်းခြံ ကားလမ်းမအပိုင်းမှာ မိတ္ထီလာမြောက်ကန် ကန်ပတ်လမ်းဆုံအနီးက မေတ္တာရေကြည် အခမဲ့ဆေးခန်းအပိုင်း၊ စည်ပင်ရိပ်သာလမ်းပိုင်းအပါအဝင် လျှပ်စစ်မီးသတ္ထုတိုင် စုစုပေါင်း ၁၁၆ တိုင်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောသည်။ 


မိတ္ထီလာမြို့တွင်း အဓိကလမ်းမကြီးများတွင် လျှပ်စစ်မီးသတ္တုတိုင်များ စိုက်ထူရာတွင်    အနိမ့်အမြင့် မီးတိုင် ၃၂ တိုင်၊ တစ်ပွင့်မီးတိုင်၂၈ တိုင်၊ နှစ်ပွင့်မီးတိုင် ၄၉ တိုင်၊ သုံးပွင့်မီးတိုင် ၇ တိုင် စုစုပေါင်း ၁၁၆ တိုင်ဖြစ်သည်။ လျှပ်စစ်မီးတိုင်များ စိုက်ထူနိုင်ရေးအတွက် မြေပြင်တိုင်းတာခြင်းများကို ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ချမ်းသာ (မိတ္ထီလာ)